ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့က ပညာရေးဝန်ကြီးဌာနဟာ ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းတွေကို ထုတ်ပြန် ကြေငြာပေးခဲ့ပါတယ်။ ဖြေဆိုသူ ၆ သိန်း ၃ သောင်းကျော်ရှိတာမှာ အောင်မြင်သူ ၁ သိန်း ၉ သောင်းကျော် ရှိပြီး အောင်ချက်အားဖြင့် ရာခိုင်နှုန်း ၃၀ နီးပါး ရှိပါတယ်။ ၂၀၁၅ ခုနှစ် တုန်းက ဖြေဆိုသူ ၃၈ ရာခိုင်နှုန်းနီးပါး အောင်မြင်ခဲ့တာမို့ အောင်ချက် ရာခိုင်နှုန်း အတော်လေး ကျဆင်းသွားတာ တွေ့နိုင်ပါတယ်။ အခုနှစ် တိုင်းနဲ့ ပြည်နယ် တစ်ခုချင်းစီအလိုက် အောင်ချက်ရာခိုင်နှုန်းတွေကို ကြည့်လိုက်ရင်လည်း မွန်ပြည်နယ်မှာ အောင်ချက် ၄၀ ရာခိုင်နှုန်း နီးပါး ရှိပေမယ့် ချင်းပြည်နယ် ၁၄ ရာခိုင်နှုန်းကျော်နဲ့ ဧရာဝတီတိုင်း ၁၈ ရာခိုင်နှုန်းနီးပါး ပဲ ရှိတာမို့ ကွာဟချက် အတော်ကြီးမားတာလည်း တွေ့ရပါတယ်။ တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်း ရလာဒ်တွေကို အခြေခံပြီး မြန်မာ့ပညာရေး အနာဂတ် အကြောင်း ဝေဖန်ဆွေးနွေး သုံးသပ်ကြည့်ကြရအောင်ပါ။
အသေအခြာ ပြန်ဆန်းစစ်ကြည့်လိုက်ရင် အခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက် ရာခိုင်နှုန်း ၃၀ နီးပါး ဆိုတာ သိပ် ထူးဆန်းတဲ့ ကိန်းဂဏန်းတော့ မဟုတ်ပါဘူး။ ၁၉၉၈-၉၉ စာသင်နှစ်ကစ ဒီကနေ့ချိန်ထိ တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်ဟာ ၂၅ ရာခိုင်နှုန်းကနေ ၃၇ ရာခိုင်နှုန်းကြား ရှိခဲ့တာပါ။ အစိုးရအဆက်ဆက် ပညာရေးဝန်ကြီးဌာနတွေရဲ့ တက္ကသိုလ်ဝင် စာမေးပွဲတွေကို စစ်ဆေးပြီး အောင်မြင်မှု သတ်မှတ်ပေးပုံဟာ ကျောင်းသူ ကျောင်းသားတွေ စာမေးပွဲမှာ ဘယ်လို ဖြေထားတယ်၊ အရည် အချင်း ဘယ်လောက်ရှိတယ် ဆိုတဲ့ အချက်ပေါ်မှာ မူမတည်ပါဘူး။ စာမေးပွဲတွေ အောင်မြင်ကြပြီးရင် တက္ကသိုလ် အသီးသီးက အရည်အတွက် ဘယ်လောက် လက်ခံနိုင်တယ်၊ အဝေးသင် တက္ကသိုလ်ကနေ အရည်အတွက် ဘယ်လောက် သင်ကြားပေးနိုင်တယ် ဆိုတဲ့ အချက်အပေါ် အခြေခံပြီး အောင်မြင်သူ အရည်အတွက် သတ်မှတ်ပေးတာမျိုးပါ။
သာမန်ပြည်သူတွေ သိရှိထားတာကတော့ ကျောင်းသားတွေ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေကြမယ်၊ တစ်ဘာသာမှာ အနည်းဆုံး အမှတ် ၄၀ ရ၊ နည်းနည်းပါးပါး ချွတ်ချော်တာ ရှိရင် ပြန်လည်စိစစ် အအောင်ပေးတဲ့နည်းနဲ့ စာမေးပွဲအောင်စာရင်း ထုတ်ကြတယ် ဆိုတာမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် တကယ့် အဖြစ်မှန်ကတော့ အအောင်ပေးဖို့ လိုတဲ့ အရည်အတွက်ပေါ် မူတည်ပြီး အနိမ့်ဆုံး အောင်မှတ်ကို သတ်မှတ်၊ အောင်စာရင်း ထုတ်ပေးလိုက်တာမျိုးပါ။ ဥပမာအားဖြင့် အခုနှစ် အောင်ပေးသူ အရည်အတွက် တစ်သိန်း ကိုးသောင်းကျော် ရှိပါတယ်။ ဒီအရည်အတွက်ရအောင် အောင်မှတ်ကို သတ်မှတ်ပေးလိုက်တာမျိုးပါ။ အောင်မှတ် ၄၀ ဆိုတာမျိုး မဟုတ်ပါဘူး။ အချို့သော နှစ်တွေမှာ ကျောင်းသားတွေ စာကောင်းကောင်းမတတ်၊ စာမေးပွဲလည်း ကောင်းကောင်း မဖြေနိုင်လို့ ဘာသာရပ်တစ်ချို့ရဲ့ အောင်မှတ်ကို အမှတ် ၂၀ အောက် ချပေးခဲ့တဲ့ အခြေအနေမျိုးတောင် ရှိခဲ့ဖူးပါတယ်။
အခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူ ဦးရေဟာ ၂၀၁၅ ခုနှစ်တုန်းကနဲ့ နှိုင်းယှဉ်ရင် အရည်အတွက် သုံးသောင်းခွဲလောက် လျော့နည်းသွားတာ တွေ့ရပါတယ်။ ဒီလိုဖြစ်ရတာဟာ စာမတတ်ပဲ ဘွဲ့တွေပေးနေရတဲ့၊ အောင်မြင်မှု မရတဲ့ အဝေးသင် တက္ကသိုလ် တက်ရောက်ခွင့်ပေးမယ့် အရည်အတွက်ကို လျော့ချလိုက်တာဖြစ်နိုင်သလို၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မှတ်ကို နည်းနည်းလေး မြှင့်လိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၀ ခုနှစ်ကနေ ၂၀၀၅ ခုနှစ် ကာလတွေကို ပြန်ကြည့်ရင် တက္ကသိုလ်ဝင်တန်း အောင်မြင်သူ တစ်သိန်းခုနှစ်သောင်းကနေ တစ်သိန်းကိုးသောင်းအကြား ရှိရာမှာ နှစ်စဉ် အဝေးသင်တက္ကသိုလ် တက်ဖို့ စာရင်းပေးကြသူ ၈ သောင်းဝန်းကျင်စီ ရှိခဲ့လို့ပါပဲ။ တစ်နည်းပြောရရင် အဲဒီ အချိန်က တက္ကသိုလ်ဝင်တန်း အောင်သူ နှစ်ယောက်မှာ တစ်ယောက်ဟာ အဝေးသင်ဘက်ကို ရောက်သွားကြတာပါ။ ဒါတောင် မေးစရာ မေးခွန်းက ရှိနေပါတယ်။ အခုနှစ် စာမေးပွဲဖြေဆိုသူ လေးသိန်းခွဲလောက် ဘာကြောင့် စာမေးပွဲ ကျရှုံးရတာလဲ ဆိုတာပါ။
အားမနာတမ်းပြောရရင် လက်ရှိ ကျောင်းသူကျောင်းသားတွေထဲက တက္ကသိုလ်ဝင်တန်းကို ရောက်လာသူ အများစုဟာ သူတို့ကျော်ဖြတ်လာတဲ့ အတန်းတွေရဲ့ ကျောင်းစာသင်ရိုးတွေကို ကောင်းကောင်း တတ်မြောက်ခဲ့ခြင်း မရှိကြပါဘူး။ လက်ရှိ သင်ရိုးညွှန်းတန်းတွေမှာ အခြေခံပညာ အထက်တန်းကို အင်္ဂလိပ်ဘာသာနဲ့ သင်ကြားဖို့ ပြဌာန်းထားပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့ အခြေအနေမှာတော့ သင်ကြားသူ ဆရာဆရာမတွေရော၊ ကျောင်းသားကျောင်းသူတွေပါ အင်္ဂလိပ်စာ ကောင်းကောင်းမတတ်ပဲနဲ့ ဘာသာရပ် ဆိုင်ရာတွေကို သင်ကြား သင်ယူနေကြရတာပါ။ ဒီအတွက်လည်း ကိုယ်နားမလည်တာတွေကို ကြက်တူရွေးလို အာဂုံဆောင်၊ ကျက်မှတ်ပြီး စာမေးပွဲဖြေရတဲ့ အခြေအနေမျိုး ရောက်နေကြတာ ဖြစ်ပါတယ်။
အစိုးရ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေမှာ ကျောင်းသင်ရိုးညွှန်းတန်းကို ကောင်းကောင်း တတ်မြောက်အောင် မသင်နိုင်တော့ ကျောင်းသူကျောင်းသား အားလုံးနီးပါး ပြင်ပ ကျူရှင်ယူကြပါတယ်။ အခုနောက်ပိုင်း ပြောင်းလဲလာတဲ့ အခြေအနေအောက်မှာ ပြင်ပ ပုဂ္ဂလိက စာသင်ကျောင်းတွေမှာလည်း သွားရောက် သင်ကြားကြပါတယ်။ ဒါပေမယ့် အဲဒီ ကျူရှင်တွေ၊ ပုဂ္ဂလိက စာသင်ကျောင်းတွေကလည်း ကျောင်းသင်ရိုးညွှန်းတန်းတွေကို ကောင်းကောင်းမွန်မွန် တတ်မြောက်အောင် သင်ကြားပေးတာမျိုး မလုပ်နိုင်ကြပါဘူး။ အကြောင်းကတော့ သူငယ်တန်းကနေ အထက်တန်းရောက်သည်အထိ ပညာကောင်းကောင်း သင်ကြားမလာလို့ စာကောင်းကောင်းမတတ်တဲ့ ကျောင်းသူကျောင်းသားတွေကို တက္ကသိုလ်ဝင်တန်း ရောက်မှ သင်ရိုးညွှန်းတန်းကို တတ်မြောက်အောင် သင်ပေးဖို့ မဖြစ်နိုင်လို့ပါပဲ။
ဒီအတွက် ကျူရှင်တွေ၊ ပုဂ္ဂလိက စာသင်ကျောင်းတွေ လုပ်တာကတော့ ကျောင်းသူကျောင်းသားတွေ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုအောင်မြင်ရေး သက်သက်ကိုပါပဲ။ ဒီအတွက် နှစ်စကတည်းက စာမေးပွဲမှာ ဘယ်လို မေးခွန်းမျိုး မေးနိုင်တယ်၊ အမှတ်ဘယ်လောက်တန် ဘယ်လိုမေးခွန်းမျိုး မေးလာရင် ဘယ်လို ဖြေရမယ် စသဖြင့် အရင် မေးခွန်းအဟောင်းတွေကို စံနမူနာပြုပြီး နှုတ်တိုက် အာဂုံဆောင်နည်းနဲ့ သင်ကြားကြပါတော့တယ်။ ဘာသာရပ်ကို တတ်မြောက်အောင် သင်တာမျိုး လုံး၀ မဟုတ်ပါဘူး။ ဒီနည်းနဲ့ တစ်ချို့ကျောင်းသားတွေ စာမေးပွဲအောင်ပြီး တစ်ချို့ကျောင်းသားတွေကတော့ ဂုဏ်ထူး ထွက်ကြပါတယ်။ ကျောင်းသား အများစုကတော့ စာမေးပွဲ မဖြေနိုင်ပဲ နှစ်စဉ်နှစ်တိုင်း ကျရှုံးနေကြတာ ဖြစ်ပါတယ်။ ပြောရရင် မြန်မာနိုင်ငံ ပညာရေးစနစ်ဟာ ရင်လေးစရာကောင်းလောက်အောင် ပျက်စီးယိုယွင်းနေတာ ဖြစ်ပြီး အဲဒီအထဲမှာ တက္ကသိုလ်ဝင်တန်းကလည်း ချွင်းချက် မဟုတ်ပါဘူး။ တက္ကသိုလ်တွေက နေရာပေးနိုင်၊ သင်ပေးနိုင်သလောက် အရည်အတွက်ကို တွက်ချက် အအောင်ပေးလိုက်တဲ့ စာမေးပွဲမျိုးပါပဲ။ ဖွံ့ဖြိုးတဲ့ နိုင်ငံတွေလို စာမေးပွဲမှာ တကယ့် အရည်အချင်းကိုစစ်၊ အရည်အချင်း အလိုက် စာမေးပွဲအောင်ကြ၊ ဂုဏ်ထူးထွက်ကြ ဆိုတဲ့ ပုံစံမျိုးဖြစ်ဖို့ ဆိုရင် သူငယ်တန်းကစ အတန်းစဉ် တစ်လျောက် စာတတ်မြောက်အောင် သင်ကြားတဲ့ စနစ် ဖြစ်အောင် ပြောင်းရပါလိမ့်မယ်။
စာကို တတ်မြောက်အောင် သင်နိုင်ဖို့ ဆရာတွေရဲ့ အရည်အချင်း မြှင့်တာ၊ ထူးချွန်သူတွေ ကျောင်းဆရာ၊ ဆရာမ လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း လုပ်လာအောင် ဆွဲဆောင်တာ၊ အတန်းစဉ်အလိုက် အရည်အချင်းစစ် စာမေးပွဲတွေ ပုံမှန် ပြန်ကျင်းပပြီး စာတတ်မြောက်သူတွေကိုမှ အတန်းတင်ပေးတဲ့ စနစ် ပြန်ကျင့်သုံးတာမျိုး လုပ်ရပါလိမ့်မယ်။ ကျောင်းသားမိဘတွေကိုလည်း ကိုယ့်ကလေး အမှတ်များရေး၊ အတန်းတစ်တန်းပြီး တစ်တန်း မှန်မှန် တက်ရေးထက် တကယ့်ကို စာတတ်မြောက်အောင် သင်ယူစေတဲ့ဘက် အားပေးတဲ့ မိဘမျိုးဖြစ်လာအောင် အစိုးရက စည်းရုံး ဆွဲဆောင် သိမ်းသွင်းရပါမယ်။ အဖက်ဖက်က ယိုယွင်းပျက်စီးခဲ့လို့ စာကောင်းကောင်း မတတ်ပဲ တက္ကသိုလ်ဝင်တန်းအောင်၊ ဘွဲ့ရ ဆိုတဲ့ အခြေအနေဆိုးကြီးကို ပြောင်းလဲနိုင်ဖို့ ပညာရေးစနစ်မှာ ပြုပြင်ပြောင်းလဲမှု လုပ်စရာ အများကြီး လိုအပ်နေသေးပါကြောင်း တင်ပြလိုက်ရပါတယ်။