သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုဋေကြွယ် ခရိုနီ နဲ့ တခြမ်းပဲ့ ဒီမိုကရေစီ


ဗမာအစိုးရနဲ့ ပုလဲနံပသင့်ပြီး အကြီးအကျယ် ချမ်းသာလာတဲ့ ကုဋေကြွယ်သူဋ္ဌေး (၄၀) လောက် မြန်မာပြည်မှာရှိကြောင်း သိရပါတယ်။ ဒေါ်လာသန်း (၃၀) သို့မဟုတ် (၃) ကုဋေရှိသူကို ဆိုလိုတာဖြစ်ပါတယ်။ နောက် ဆယ်နှစ်ကြာရင်တော့ ကုဋေကြွယ်သူဋ္ဌေး (၃၀၀) ကျော် ရှိလာမယ်လို့ Wealth-X လေ့လာရေးဌာန အရာရှိချုပ် Mr. Rambus က ပြောဆိုကြောင်း သြဂုတ်လ (၂၂) ရက်နေ့ထုတ် ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ကုဋေကြွယ်သူဋ္ဌေးဦးရေ (၆) ဆ တိုးမယ့်သဘောပါ။ ဒီလေ့လာရေးဌာနဟာ အကြီးအကျယ် ချမ်းသာသူတွေကို လေ့လာပြီး နှစ်စဉ်အစီရင်ခံစာ Ultra Wealth Report ထုတ်ဝေနေပါတယ်။

စင်္ကာပူ၊ ဂွမ့်ကျောင်၊ ဟောင်ကောင်နဲ့ ကွာလာလမ်ပူ အပါအဝင် မြို့ကြီး (၁၂) မြို့ မှာ ရုံးဖွင့်ပြီး သုတေသီ (၂၀၀) ကျော်နဲ့ လေ့လာနေတဲ့အဖွဲ့ ဖြစ်ပါတယ်။ လူဦးရေသန်း (၁၄၀) ကျော်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်မှာ ဒေါ်လာ (၃) ကုဋေကျော် ချမ်းသာတဲ့သူဋ္ဌေး (၉၀) ရှိပါတယ်။ လူဦးရေသန်း (၉၀) ကျော်တဲ့ ဖိလစ်ပိုင်မှာ ကုဋေကြွယ်သူဋ္ဌေး (၆၀၀) ကျော်၊ ထိုင်းနိုင်ငံမှာ (၇၀၀) ကျော်ရှိပြီး စင်္ကာပူမှာ (၁၄၀၀) လောက် ရှိပါတယ်။ အာဏာရှင်ခေတ်က မသမာတဲ့နည်းနဲ့ ချမ်းသာလာခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေ ခိုလှုံနေတဲ့ စင်္ကာပူဟာ လူဦးရေနည်းပေမယ့် အရှေ့တောင်အာရှမှာ ကုဋေကြွယ်သူဋ္ဌေး အများဆုံးရှိတဲ့နေရာ ဖြစ်နေပါတယ်။

မြန်မာပြည်မှာ အခွင့်ထူးခံစားရလို့ ကြီးပွားတဲ့ ခရိုနီကို ဓနအင်အားလိုက်ပြီး အကြီး၊ အလတ်၊ အသေးစသဖြင့် ခွဲခြားနိုင်ပါတယ်။ ဒါကြောင့် ဒေါ်လာ (၃) ကုဋေကျော်ရှိတဲ့ ခရိုနီ (၄၀) မှာ အကြီးစားက အသေးစားအထိ ပါဝင်နိုင်ပါတယ်။ ဒေါ်လာငွေ ကုဋေအများအပြားပိုင်တဲ့ အကြီးစား ခရိုနီ (၂၀) လောက်သာရှိကြောင်း မနှစ်ကထုတ်ဝေတဲ့ ရိုက်တာလေ့လာချက်မှာ ဖော်ပြပါတယ်။ ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်း၊ ဦးထွန်းမြင့်နိုင်၊ ဇေကမ္ဘာဦးခင်ရွှေ၊ ယုဇနဦးဋ္ဌေးမြင့်၊ ဦးမိုးမြင့်၊ ဦးအိုက်ထွန်း စတဲ့ ခရိုနီကြီးတွေကို လူသိများပါတယ်။ နေပြည်တော်ခေတ်မှာလည်း မြှောက်စားခံနေရသူတွေ ဖြစ်ပါတယ်။ ခရိုနီကြီးတွေထဲမှာ မူးယစ်ဆေးနဲ့ ပတ်သက်ပြီး ချမ်းသာလာသူတွေလည်း ရှိပါတယ်။ ဦးအိုက်ထွန်း နဲ့ ဦးထွန်းမြင့်နိုင်တို့ကို ဘိန်းမှောင်ခိုလုပ်ငန်းကြောင့် ချမ်းသာလာသူအဖြစ် မြင်ကြပါတယ်။

ဦးအိုက်ထွန်းရဲ့ ရွှေတောင်ကုမ္မဏီအုပ်စုဟာ ရန်ကုန်မြို့မှာ အချက်အချာကျတဲ့ အစိုးရအဆောက်အဦးဟောင်းတွေကို ဆက်တိုက်ရရှိနေပါတယ်။ မကြာသေးမီကပဲ ရွှေတိဂုံစေတီအနီးက ကာကွယ်ရေးတက္ကသိုလ်ဟောင်းနဲ့ စစ်ရုံးချုပ်ဟောင်းက မြေဧကအချို့ကို ဦးအိုက်ထွန်းရရှိသွားကြောင်း သိရပါတယ်။ မူးယစ်ဆေးကရတဲ့ငွေကို ခဝါချတယ်လို့ အမေရိကန်ကစွပ်စွဲပြီး ဖိအားပေးတာကြောင့် ဦးအိုက်ထွန်းတည်ထောင်တဲ့ Asia Wealth Bank အာရှဓနဘဏ်ကို (၂၀၀၅) မှာ ပိတ်လိုက်ရပါတယ်။ ငွေမဲကြောင့် နေ့ချင်းညချင်း ဦးအိုက်ထွန်း ချမ်းသာလာတာလို့ ယုံကြည်ကြပါတယ်။ တချို့ကလည်း တရုတ်ကုမ္မဏီကိုယ်စား စီးပွားရှာနေတာလို့ ဆိုပါတယ်။ ဒါပေမဲ့ ဦးတေဇလောက် အခွင့်ထူးမရဘူးလို့ ဦးအိုက်ထွန်းက ငြည်းကြောင်း ရန်ကုန် အမေရိကန်သံရုံးရဲ့ ၂၀၀၇ ခုနှစ် မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

နေပြည်တော်ကို အစိုးရရုံးပြောင်းတုန်းက ရန်ကုန်မှာ အိမ်ခြံမြေဈေး ထိုးကျသွားတဲ့အတွက် ကျပ်ငွေသိန်း (၂၀၀) နဲ့ ရောင်းဖို့ စီစဉ်ထားတဲ့ တိုက်ခန်းကို တဝက်ဈေးနဲ့ လျော့ရောင်းခဲ့ရတယ်လို့ ဦးအိုက်ထွန်းကပြောကြောင်း ပေါက်ကြားသွားတဲ့ အမေရိကန်သံရုံးမှတ်တမ်းမှာ ရေးထားပါတယ်။ အခုတော့ အိမ်ခြံမြေဈေးတွေ အဆမတန် ထိုးတက်နေတဲ့အတွက် ဦးအိုက်ထွန်းတို့လို ခရိုနီကြီးတွေ ခေါင်းထောင်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ခရိုနီအမျာစုဟာ အမေရိကန်အစိုးရရဲ့ နာမည်ပျက်စာရင်းဝင်တွေ ဖြစ်တဲ့အတွက် အမေရိကန်ကို ဝင်ခွင့်ပိတ်ပင်ခံရသူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အီဒင်ကုမ္မဏီရဲ့ မန်နေဂျာ ဦးချစ်ခိုင်ကတော့ အမေရိကန်ဗီဇာရသွားပြီလို့ ဧရာဝတီစာစောင်မှာ စက်တင်ဘာလ (၁၀) ရက်က ဖော်ပြပါတယ်။ နေထိုင်စရိတ်ကြီးလာတဲ့ ရန်ကုန်ကထွက်ခွာသူ ဆင်းရဲသားဦးရေ တိုးပွားနေပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်မှာ ကုဋေကြွယ်ခရိုနီတွေကလည်း ပြုပြင်ရေးသမားပုံဖမ်းပြီး ကြိုးပမ်းလာတာ တွေ့ရပါတယ်။ နာမည်ကြီးခရိုနီ ဦးတေဇ၊ ဦးကျော်ဝင်း၊ ဦးဇော်ဇော် စတဲ့ပုဂ္ဂိုလ်တွေ NLD ပါတီကို ရန်ပုံငွေကုဋေကုဋာ လှူဒါန်းတဲ့ကိစ္စဟာ လူပြောများပါတယ်။ ဒါပေမဲ့ အရင်က အခွန်ဆောင်သူစာရင်းမှာ မပါခဲ့တဲ့ ခရိုနီကြီးတွေ ဒီနှစ်စာရင်းမှာ ပါလာပါတယ်။ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုးရဲ့ (၅) ရာခိုင်နှုန်းလောက်သာ အစိုးရက အခွန်ကောက်ခံနိုင်ပါတယ်။ အစိုးရသစ်ရဲ့ ဆောင်ရွက်ချက်ကြောင့် မော်တော်ကားနဲ့ တယ်လီဖုန်းဈေးကျပေမယ့် ပြည်သူ့စားဝတ်နေရေး ပိုမိုကျပ်တည်းလာပါတယ်။

ဒါကြောင့် ဆင်းရဲသားဦးရေ တိုးတက်များပြားနေပါတယ်။ မြို့နယ်ပေါင်း (၆၀) ကျော်က ဝင်ငွေနည်း မိသားစုကို ကူညီပံ့ပိုးနေတဲ့ UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်က ၂၀၁၀ မှာ မိသားစု ၂၀,၀၀၀ ရဲ့ လူနေမှုအခြေအနေကို စစ်တမ်းကောက်တဲ့အခါ စားစရိတ်ကြီးမြင့်တဲ့ဒဏ်ကို ဆင်းရဲသားတွေခံရပြီး မြေယာမဲ့ဆင်းရဲသားဦးရေ တိုးပွားလာတယ်လို့ ဆိုပါတယ်။ လူနေမှုအခြေအနေဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပိုမိုဆိုးဝါးလာတာ တွေ့ရပါတယ်။ သတင်းတွေကြည့်ရတာကတော့ ပြုပြင်ရေးရဲ့ အကျိုးဆက်ကြောင့် ကုဋေကြွယ်ခရိုနီသူဋ္ဌေးနဲ့ ဆင်းရဲသားဦးရေ တိုးပွားဖို့သာ အလားအလာ ရှိနေပါတယ်။
XS
SM
MD
LG