သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုးတက်ပြောင်းလဲလာတဲ့ အမေရိကန်-မြန်မာ ဆက်ဆံရေး


ဒီတပတ် မျက်မှောက်ရေးရာ အစီအစဉ်မှာ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အမေရိကန်ပြည်ထောင်စုကို အချိန်ကိုက် လာရောက်လည်ပတ်ခဲ့ကြပြီးတဲ့နောက်
မြန်မာ-အမေရိကန်ဆက်ဆံရေးဟာ အဆစ်အချိုးတကွေ့ကို ရောက်ရှိသွားခဲ့ပြီလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအဖွဲ့အကြီးအကဲဟောင်း Priscilla Clapp က ပြောဆိုပါတယ်။ အမေရိကန်အနေနဲ့ အတိုက်အခံတဖက်တည်းကို ထောက်ခံအားပေးတာမျိုး မဟုတ်တော့ဘဲ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကိုသာ ဦးတည်ဆက်ဆံသွားတော့မှာ ဖြစ်တယ်လို့ဆိုပါတယ်။ ဦးကျော်ဇံသာ က Ms Priscilla Clapp နဲ့ တွေ့ဆုံမေးမြန်း သုံးသပ်ထားပါတယ်။

မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်နှင့် အတိုက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အမေရိကန်ပြည်ထောင်စုကို အချိန်ကိုက် လာရောက်လည်ပတ်ခဲ့ကြပြီးတဲ့နောက် မြန်မာ-အမေရိကန် ဆက်ဆံရေးဟာ အဆစ်အချိုးတစ်ကွေ့ကို ရောက်ရှိသွားခဲ့ပြီလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအဖွဲ့ အကြီးအကဲဟောင်း Priscilla Clapp က ဆိုပါတယ်။ အမေရိကန်အနေနှင့် အတိုက်ခံတစ်ဖက်တည်းကို ထောက်ခံအားပေးတာမျိုး မဟုတ်တော့ဘဲ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကိုသာ ဦးတည်ဆောင်ရွက်သွားတော့မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဦးကျော်ဇံသာ က Ms. Priscilla Clapp နှင့် တွေ့ဆုံမေးမြန်းပြီးတော့ ဒီသတင်းအပတ်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် အစီအစဉ်မှာ တင်ဆက်ထားပါတယ်။

ဦးကျော်ဇံသာ။ ။ ပထမဦးဆုံး မေးချင်တဲ့ မေးခွန်းကတော့ မြန်မာနိုင်ငံက သမ္မတနှင့် အတိုက်အခံခေါင်းဆောင်တို့ ဒီ အမေရိကန်ပြည်ထောင်စုကို လာပြီးတော့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ချီးကျူးနေကြတဲ့ကိစ္စ။ ဒီဖြစ်ရပ်ဟာ ဘယ်လောက်ထိ ထူးခြားပါသလဲခင်ဗျာ။

Priscilla Clapp။ ။ မြန်မာနိုင်ငံ အတွက်ရော၊ အမေရိကန်ပြည်ထောင်စုအတွက်ပါ သိပ်ကိုထူးကဲတယ်လို့ ပြောရမှာပါ။ Congress လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ရွှေတံဆိပ်ချီးမြှင့်တဲ့နေ့က အမြင်မတူကြတဲ့ ပါတီကြီးနှစ်ရပ်က ခေါင်းဆောင်တွေ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုနေကြတဲ့ မြင်ကွင်းက အမေရိကန်ပြည်သူတွေကို ကျေနပ်မှုနှင့် ပီတိတွေ ပေးနိုင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သမ္မတရုံးဝန်ကြီးဦးအောင်မင်းနှင့် သံအမတ်ကြီးဦးသန်းဆွေတို့ အဲဒီ အခမ်းအနား တက်ရောက်လာတာကို ကျေးဇူးတင်ဝမ်းမြောက်ကြောင်းလည်း ပြောသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့ နယူးယောက်(ခ်) မှာ တွေ့ခဲ့ကြပြီးတော့ အပြန်အလှန်လေးလေးစားစားနှင့် ဂုဏ်ပြုကြတာကိုတွေ့ရလို့ သိပ်ကိုထူးခြားတဲ့ခရီးစဉ် ဖြစ်ပါတယ်ရှင့်။

ဦးကျော်ဇံသာ။ ။ ဒီပုဂ္ဂိုလ်နှစ်ယောက်ကို အမေရိကန်ဖက်က တန်းတူထားပြီးတော့ ဆက်ဆံသင့်တယ်လို့ အကြံပြုကြတာတွေ ထောက်ပြတာတွေ အများကြီးရှိပါတယ်။ ဆိုတော့ Priscilla အနေနှင့် အမေရိကန်ပြည်ထောင်စုဟာ သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို တန်းတူကြိုဆိုဆက်ဆံတယ်လို့ ထင်ပါသလား။ အခုလောလောဆယ်မှာတော့ သမ္မတ အိုဘားမားအနေနှင့် သမ္မတဦးသိန်းစိန်ကို လက်ခံတွေ့ဆုံတာ မတွေ့ရသေးပါဘူး။

Priscilla Clapp။ ။ ဒေါ်အောင်ဆန်းစုကြည်က သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်ကို ကျော်ပြီးတော့ အရင်ရောက်လာတာ။ သမ္မတအိုဘားမားနှင့် တွေ့တာတွေကို တော်တော်များများက ဝေဖန်တာတွေ ကြားခဲ့ရပါတယ်။ ဒီလို လုံးဝမဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန်ကို လေးလေးစားစားနှင့် ချီကျူးနေတာပါ။ ဦးသိန်းစိန်ရဲ့ ဒီခရီးစဉ် အထမြောက်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပံ့ပိုးမှုတွေ အများကြီးပါပါတယ်။ ဦးသိန်းစိန်ရဲ့ ခရီးစဉ်အကျိုးရှိအောင်လို့ ထင်ပေါ်ကျော်ကြားအောင်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကူညီ စီစဉ်ပေးခဲ့တာတွေပါပါတယ်။ ကုလသမဂ္ဂမှာ သမ္မတအိုဘားမားက ဘယ်နိုင်ငံရဲ့ ခေါင်းဆောင်ကိုမှ မတွေ့ဆုံနိုင်ခဲ့ပါဘူး။ သမ္မတဦးသိန်းစိန် တစ်ယောက်တည်းကို မတွေ့နိုင်တာမဟုတ်ပါဘူး။ ရွေးကောက်ပွဲ စည်းရုံးရေး ခရီးစဉ်တွေနှင့် တိုက်ဆိုင်နေလို့ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ နိုင်ငံခေါင်းဆောင်တစ်ယောက်အနေနှင့် တွေ့တာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် သမ္မတအိုဘားမားရဲ့ အမှာစကားတွေကို ဦးသိန်းစိန်ကိုပြောပေးတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပိတ်ဆို့မှုကို ရပ်တန့်မယ့် ကိစ္စလိုမျိုး အရေးကြီးတဲ့စကားတွေ ပြောဖြစ်တယ်လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ။ ။ နောက်တခုက ဒီခရီးစဉ်နှစ်ခု အချိန်တိုက်ဆိုင်နေတာ။ သမ္မတလာတာလည်း ဒီအချိန်၊ ဒေါ်အောင်ဆန်းစုကြည် လာတာလည်း ဒီအချိန်။ ဒါဟာ တိုက်ဆိုင်မှု သက်သက်ဘဲလား။ သို့မဟုတ် တမင်တကာ လုပ်ယူသလား။ တဖက်ဖက်ကပေါ့လေ။ အဲဒါဘယ်လို သဘောရပါသလဲ။

Priscilla Clapp။ ။ ဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ တမင်တကာပဲလား၊ တိုက်တိုက်ဆိုင်ဆိုင်ပဲလား ဆိုတာတော့ နှစ်ခုစလုံးလို့ ပြောရမှာပါ။ အရင်တုန်းကတည်းက ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ထူးခြားမှုကို အမြဲတမ်းစိတ်ဝင်စားခဲ့တာပါ။ ကမ္ဘာ့ခေါင်းဆောင်တွေ အားလုံးစုဝေးကြတဲ့အချိန်လည်း ဖြစ်ပါတယ်။ ဒီတော့ သူလွန်ခဲ့တဲ့ အနှစ်လေးဆယ်က အလုပ်လုပ်ခဲ့ဖူးတဲ့ ကုလသမဂ္ဂရဲ့ ကျယ်ပြောလှတဲ့ အခန်းကဏ္ဍတွေကို သိပ်ပြီးတော့လေးစားခဲ့တာပါ။ ဒီလိုအချိန်နှင့် တိုက်ဆိုင်ပြီးတော့ အမေရိကန်ပြည်ထောင်စုကိုလာဖို့ အသင့်တော်ဆုံးအချိန်လို့ သူယူဆတာ ဖြစ်နိုင်ပါတယ်။ သူအနေနှင့် မြန်မာအစိုးရခေါင်းဆောင်တွေနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာကို လက်တွေ့ပြဖို့လည်း ဖြစ်ပါတယ်။ တယောက်တကွဲစီလာပြီးတော့ နိုင်ငံအကျိုးအတွက် ပူးပေါင်းဆောင်ရွက်တယ်ဆိုတာကို ပြသတာထက် အတူတကွလာပြီးတော့ စည်းလုံမှုကို ပြသလိုက်တယ်လို့ မြင်ပါတယ်။

ဦးကျော်ဇံသာ။ ။ ဒီ သူတို့နှစ်ယောက်ရဲ့ ခရီးစဉ်အတွင်းမှာ အထူးခြားဆုံးအချက်က ဘာလို့ ပြောချင်ပါသလဲ။ ဥပမာအားဖြင့် မြန်မာနိုင်ငံရဲ့ ပို့ကုန်တွေကို တားမြစ်ထားတာ ရုပ်သိမ်းလိုက်တဲ့ကိစ္စများလား။ Priscilla ဘယ်လို သဘောရပါသလဲ ဒီကိစ္စကို။

Priscilla Clapp။ ။ ဒေါ်အောင်ဆန်းစုကြည် ယူဆောင်လာတဲ့ အမှာစကားက အမေရိကန်ပြည်သူတွေအတွက် မှတ်သားစရာ အကောင်းဆုံးပါဘဲ။ အရင်တုန်းက ဒေါ်အောင်းဆန်းစုကြည်ရဲ့ သဘောထားကို အမေရိကန်ပြည်သူတွေ သိထားခဲ့တာနှင့် အခုသယ်လာတဲ့ အမှာစကားက ကွဲပြားခြားနားနေသလိုပါပဲ။ မနှစ်ကစပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားဟာ လုံးဝပြောင်းသွားခဲ့တာပါ။ မြန်မာနိုင်ငံ အပေါ်မှာ ပိတ်စို့မှုတွေ ရုပ်သိမ်းပေးဖို့ အချိန်တန်ပြီ။ မြန်မာပြည်သူတွေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ကြဖို့နှင့် ပြင်ပက ဖိအားတွေ မလိုတော့ဘူး စတယ့် သူရဲ့ပြောင်းလဲလာတဲ့ သဘောထားတွေကို ပြောပြလိုက်တာပါ။ ဒီအမှာစကားကို ကြားလိုက်ရတော့ အမေရိကန်အများစုကိုလည်း အံ့အားသင့်စေခဲ့ပါတယ်။ ဒီလောက်ထိ သဘောထားပြောင်းလဲ လာလိမ့်မယ်လို့ မထင်ထားခဲ့ကြပါဘူး။ နောက် စစ်ဗိုလ်ချုပ်ဟောင်းတွေနှင့် အတူတွဲပြီးတော့ နိုင်ငံအကျိုးအတွက် ဒီအချိန်မှာ လုပ်နိုင်သလောက်လုပ်သွားမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘဝင်မကျပေမယ့်လည်း လွှတ်တော်ထဲကနေပြီးတော့ တက်နိုင်သလောက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် သူဆောင်ရွက်မယ်လို့လည်း အမေရိကန်ငြိမ်းချမ်းရေးဌာနကြီးမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။

ဦးကျော်ဇံသာ။ ။ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် မြန်မာနိုင်ငံ အပေါ်မှာထားရှိတဲ့ အမေရိကန်ရဲ့ တားဆီးဒဏ်ခက်မှုတွေကို ရုပ်သိမ်းဖို့ထောက်ခံတင်ပြလိုက်တာဟာ ပြည်ပရင်းနှီးမှုတွေ ကြိုက်သလောက်လာကြတော့လို့ဆိုပြီး မီးစိမ်းပြလိုက်တဲ့ သဘောလို့များ ယူဆနိုင်ပါသလား။

Priscilla Clapp။ ။ ဒါကတော့ ယေဘုယျသဘောနှင့် ပြောသွားတာပါ။ အမေရိကန် မူဝါဒရေးရာ ချမှတ်သူတွေအနေနှင့် ပိတ်ဆို့မှုတွေ ရုပ်သိမ်းရေးကို ကိုယ်တိုင်ဆုံးဖြတ်ကြရမှာပါ။ မှတ်တမ်းတွေထဲကနေပြီးတော့ လုံးဝ ဖြတ်ပစ်မယ့် သဘောမဟုတ်ပါဘူး။ သမ္မတအိုဘားမားအနေနှင့် ပိတ်စို့မှုတချို့ကို ရွေးပြီးတော့ ရုပ်သိမ်းဖို့ တင်ပြကြရမှာပါ။ သာမာန်ပြည်သူတွေကို တိုက်ရိုက်မထိခိုက်မဲ့ ပိတ်ဆို့မှုတွေကတော့ ရှိနေဦးမှာပါ။ အခုလျှော့ပေးမယ့် သွင်းကုန်ပိတ်ဆို့မှုကတော့ မြန်မာပြည်ရဲ့ စက်မှုလုပ်ငန်းတွေ အထည်ချုပ်လုပ်ငန်းတွေက အစ လက်မှုအနုပညာပစ္စည်း တင်ပို့တာတွေအတွက်ပါ အဆင်ပြေသွားကြတော့မှာပါ။ အလုပ်အကိုင်၊ အခွင့်အလမ်းတွေလည်း ပွင့်လင်းလာတော့မှာပါ။

ဦးကျော်ဇံသာ။ ။ ကျနော်တို့ အခုဆက်လက်ပြီးတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကြောင်း နည်းနည်းပါးပါး ကြည့်ကြရအောင်ပါ။ အခု ဒေါ်အောင်ဆန်းစုကြည် ဟာ အစိုးရနှင့် သိပ်နီးကပ်လွန်းတယ်။ ဒါ လူတချို့က ဝေဖန်ကြတာပါ။ တကယ်တော့ သူဟာ အတိုက်အခံခေါင်းဆောင် ဖြစ်ရမယ်။ အတိုက်အခံခေါင်းဆောင် ဖြစ်ရမယ့် ပုဂ္ဂိုလ်ဟာ အစိုးရနှင့် သိပ်နီးကပ်နေတဲ့အတွက် ပီပြင်တဲ့အတိုက်အခံတစ်ရပ် ပေါ်ထွန်းလာဖို့ အခက်အခဲရှိနေတယ်လို့ ပြောကြပါတယ်။ အဲဒီလို နီးကပ်နေရင် အစိုးရရဲ့ လုပ်ရပ်တွေ မှားယွင်းခဲ့တာကို ဘယ်သူကထောက်ပြမလဲ။ ဒါ ပြည်သူဘက်က ရပ်တည်ပြီးတော့ မားမားမတ်မတ်ပြောဆိုဖို့ ပြောကြပါတယ်။ အထူးသဖြင့် ကချင်ကိစ္စဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရရဲ့ လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် မရှုတ်ချတဲ့အတွက်ကြောင့် မကျေမနပ်ဖြစ်တဲ့ သူတွေလည်းရှိ တာ Priscilla လည်းကြားမှာပါ။

Priscilla Clapp။ ။ အဲဒီပြဿနာကို သူရှင်းပြခဲ့ပါတယ်။ အထူးသဖြင့် U.S. Institute of Peace မှာ ပြောသွားတာပါ။ ကျမဟာ လွှတ်တော်မှာ တာဝန်ရှိတဲ့အဖွ့ဲဝင်တစ်ယောက် ဖြစ်နေပါတယ်။ အတိုက်အခံတွေ ကို သံယောင်လိုက်ပြီးတော့ ဟိုဟာဝေဖန် ဒီဟာဝေဖန် လျှောက်လုပ်နေလို့ မဖြစ်ပါဘူး။ ဒီပြဿနာတွေကို ဖြေရှင်းဖို့ အဖြေရှာဖို့အတွက်လည်း တစိတ်တဒေသ တာဝန်ရှိနေပါတယ်။ ဒါကြောင့် ကျမဟာ ကချင်အရေးဖြစ်ဖြစ်၊ ရိုဟင်ဂျာအရေးဖြစ်ဖြစ် တခြားအကဲခတ်ရတဲ့ ကိစ္စတွေပဲဖြစ်ဖြစ် ပြောဆိုမယ့်ကိစ္စတွေကို အထူးသတိထားရမှာပါ။ ကျမရဲ့ စိုးရိမ်မကင်းမှုကို လွှတ်တော်အတွင်းမှာပဲဖြစ်ဖြစ် ကျမ တာဝန်ယူဆောင်ရွက်မယ့်အတွင်းမှာပဲဖြစ်ဖြစ် ဖော်ထုတ်သွားမှာပါလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။ ဆိုတော့ လွှတ်တော်ထဲမှာ ဒီပြဿနာကို ဖြေရှင်းဖို့အားထုတ်ကြရမှာ သူမရဲ့ အခန်းကဏ္ဍမှေးမှိန်စရာ အကြောင်းမရှိပါဘူး။

ဦးကျော်ဇံသာ။ ။နောက်တခုက တရုတ်။ အခုလို မြန်မာနိုင်ငံ နှင့် အမေရိကန်ပြည်ထောင်စုတို့ကြား ဆက်ဆံရေး သိပ်နီးကပ်လာနေတာကို တရုတ်ဖက်က စိုးရိမ်မကင်း တစုံတရာ ဖြစ်လိမ့်မယ်လို့ Priscilla မထင်ဘူးလာခင်ဗျာ။

Priscilla Clapp။ ။ မထင်ပါဘူး။ ဒီအချိန်ဟာ တရုတ်နိုင်ငံအနေနှင့် နောက်တစ်လမ်း ပြန်ဆုတ်ပြီးတော့ မြန်မာနှင့်ပတ်သက်လို့ မှန်မှန်ကန်ကန် ပြန်စဉ်စားရမယ့် အချိန်လို့ ကျမထင်ပါတယ်။

ဦးကျော်ဇံသာ။ ။ ဒါပေမယ့် အမေရိကန်ကာကွယ်ရေးဝန်ကြီးက မကြာခင်က စင်္ကာပူမှာ ပြောခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနှင့် မြန်မာနိုင်ငံစစ်တပ်နှင့် ဆက်ဆံရေးကို ပိုပြီးတိုးမြှင့်သွားမယ်လို့ သူကိုယ်တိုင် ပြောသွားခဲ့တာပါ။

Priscilla Clapp။ ။ သိပ်မြန်မြန်ဆန်ဆန် ဖြစ်နိုင်လာစရာ မရှိပါဘူး။ ဒီကိစ္စအတွက် Congress လွှတ်တော်မှာ ဆန့်ကျင်ကန့်သက်ချက်တွေ အများကြီး ရှိနေပါတယ်။ အုပ်ချုပ်ရေးပိုင်းကတော့ ဒီကိစ္စနှင့် ပတ်သက်ပြီးတော့ ဆွေးနွေးညှိနှိုင်းဖို့ အဆင့်သင့်ရှိပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး စစ်တပ်ချင်း ဆက်ဆံရေးကိစ္စဆိုတာဟာ Congress ရဲ့ သဘောတူညီမှုရဖို့ လိုအပ်ပါတယ်။ ကန့်သက်ချက်တွေလည်း ရှိနေပါတယ်။ ဥပဒေပြဌာန်းပြီးမှ လုပ်နိုင်မယ့်ကိစ္စ ဖြစ်ပါတယ်။ ဒါဟာ အဝေကြီး လိုသေးတဲ့အဆင့်ပါ။ အခုလုပ်နိုင်တာကတော့ စစ်တပ်နှင့် စစ်တပ်ချင်း ဆွေးနွေးနိုင်ပါတယ်။ ဒါက အန္တရာယ်မရှိပါဘူး။ ဒါ လူတိုင်းကို အကျိုးဖြစ်ထွန်းစေနိုင်ပါတယ်။ တရုတ်နှင့်လည်း ကျမတို့ ဒါမျိုးလုပ်ပါတယ်။ ကျမရဲ့ ပုဂ္ဂိုလ်ရေးအမြင်အရ ပြောရရင်တော့ မြန်မာနိုင်ငံဟာ တရုတ်နှင့်ရော အမေရိကန်နိုင်ငံနှင့်ပါ ပူပေါင်းဆောင်ရွက်နိုင်မယ့် အနေအထားကောင်းမှာ ရှိပါတယ်။ အခြေခံအဆောက်အဦး တည်ဆောက်ရေးတွေ လုပ်နိုင်မှာပါ။ ကျမကိုယ်တိုင်လည်း ဒီလိုမျိုးစီမံကိန်းတွေမှာ ပါဝင်နေတာ ရှိပါတယ်။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့ Priscilla ။ နောက်ဆုံးမေးခွန်းကတော့ အခုအချိန်ကစပြီးတော့ အမေရိကန်နှင့် မြန်မာဆက်ဆံရေး အနာဂတ်ခရီးဟာ ဘယ်လို ရှိလာမလဲဆိုတာ နည်းနည်း တွက်ပါဦး။ ပြောပြပါဦး။

Priscilla Clapp။ ။ ဒီသတင်းနှစ်ပတ်အတွင်းမှာ အမေရိကန်-မြန်မာဆက်ဆံရေး က တဆစ်ချိုး ပြောင်းလဲသွားတာပါ။ အတိုက်အခံတဖက်တည်းကိုပဲ စောင်းပေးပြီးတော့ ထောက်ခံတော့မှာ မဟုတ်ဘဲနှင့် အစိုးရတစ်ရပ်လုံးအတွက် ချုံပြီးတော့ ဒီမိုကရေစီအခြေခံ အဆောက်အဦးတွေ တည်ဆောက်ရေးမှာ အမေရိကန်ပြည်ထောင်စုက ဘယ်လိုကူညီသွားမယ်ဆိုတာကို အာရုံစိုက်ကြတော့မှာပါ။ အခုဆိုရင် အမေရိကန် Congress လွှတ်တော်ကလည်း မြန်မာနိုင်ငံအပေါ်မှာ သဘောထား လုံးဝပြောင်းလဲလာတာ တွေ့ရပါတယ်။ မြန်မာပြည်သူတွေ စွမ်းရည်မြှင့်မားရေးမှာ ဘယ်ပုံဘယ်နည်းနှင့် ကူညီမယ်ပါဆိုတာ အလေးအနက် စဉ်စားနေကြပါပြီ။ ပိတ်စို့မှုထက် ကူညီရေးကို ဦးစားပေးပြီးတော့ ဆက်ဆံတော့မှာ ဖြစ်ပါတယ်။

XS
SM
MD
LG