သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝတပ်ဖွဲ့ - တရုတ် - မြန်မာ ဆက်ဆံရေး


UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်နယ်မြေတွင်းက ဝပြည်သူများကို တွေ့ရစဉ်။
UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်နယ်မြေတွင်းက ဝပြည်သူများကို တွေ့ရစဉ်။
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာ က UWSA နဲ့ တရုတ်အစိုးရ ဆက်ဆံရေးက မြန်မာနိုင်ငံအပေါ် ဘယ်လိုဂယက်ရိုက်ခတ် လာနိုင်မလဲဆိုတာကို ဒေသရေးရာ လေ့လာစောင့်ကြည့်နေသူများဖြစ်တဲ့ သတင်းစာဆရာကြီး Bertil Lintner နဲ့ မြန်မာ့အရေးသုံးသပ်လေ့လာနေသူ ဦးအောင်ကျော်ဇော တို့နဲ့ သုံးသပ်ဆွေးနွေးထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာ-တရုတ် နယ်စပ်က UWSA လို့ခေါ်တဲ့ ဝ အဖွဲ့ကို တရုတ်အစိုးရက ရဟတ်ယာဉ်တွေ၊ လေယာဉ်တွေ ရောင်းချခဲ့တယ်ဆိုတဲ့ သတင်းတပုဒ် အခုတလော ပေါ်ထွက်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး UWSA ဘက်ကတော့ ငြင်းဆိုခဲ့ပါတယ်။ ဒါက အင်ဂျင်မပါတဲ့ ရဟတ်ယာဉ်၊ လေယာဉ်အခွံတွေသာ ဖြစ်ပြီးတော့ ပြတိုက်မှာ ထားရှိဖို့ဖြစ်တယ်လို့ UWSA ဘက်က ပြောဆိုပါတယ်။ ဝ တပ်ဖွဲ့နဲ့ အထူးနီးစပ်တဲ့ တရုတ်-မြန်မာနယ်စပ် အခြေစိုက် မြန်မာ့အရေးသုံးသပ်သူ ဦးအောင်ကျော်ဇော ကလည်း ဒီကိစ္စက မဖြစ်နိုင်ဘူးလို့ အခုလို ချေပပြောဆိုခဲ့ပါတယ်။

ဦးအောင်ကျော်ဇော ။ ။ သူတို့ပြောတာကတော့ လေယာဉ်ပျံကို ဒေသကလူတွေ လေယာဉ်ပျံပြဖို့လို့တော့ ပြောကြတယ်။ ကျနော်လည်း အဲဒီကိစ္စကို မေးနေတာ။ လေယာဉ်ပျံကတော့ လေယာဉ်ပျံအဟောင်းလို့ ပြောတယ်။ Helicopter ကတော့ ကျနော်တို့ သိသလောက်တော့ တိုက်ရိုက် ဝယ်ပေးတဲ့ အခြေအနေမရှိသေးဘူး။ အဲဒါကတော့ ကျနော်ထင်တယ် အခြား ဒီသတင်း leak ဖြစ်တာလဲ Jane’s Intelligent နဲ့ ဗမာအစိုးရ ပေါင်းထွက်လာတဲ့သတင်း ဖြစ်တယ်။ အဲဒီတော့ ကျနော်တို့ မြင်တာတော့ နိုင်ငံရေးအရ ဝတပ ကို တခုခု လုပ်ချင်လို့ ဗမာအစိုးရ ဖန်တီးတယ်လို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလောက်ကြီးတယ့် ပစ္စည်းတွေကို ဝယ်တယ်ဆိုရင် ဘယ်ကရတဲ့ငွေလဲပေါ့။ အဓိက ဝတပ က ဘိန်းလုပ်တယ်။ အဲဒီတော့ ဝ ရဲ့ ပိုက်ဆံက အဲဒီလိုဖြစ်တယ်ပေါ့။ သူတို့ ဝတပ ကို ရှင်းချင်တာကြာပြီ ဘယ်လိုရှင်းမလဲဆိုတာကို သူတို့လည်း နည်းပရိယာရ်မျိုးစုံနဲ့ လုပ်နေတဲ့အကွက်တခုလို ကျနော် ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ဝတပ ဆိုတာ အရှည်က ဘာကိုဆိုလိုတာလဲ။

ဦးအောင်ကျော်ဇော ။ ။ UWSA ကို အတိုကောက်ခေါ်တာ၊ ဝပြည်သွေးစည်းညီညွှတ်ရေးပါတီ၊ ဝပြည်သွေးစည်းညီညတ်ရေး တပ်မတော် အဲဒီသဘောကို ပြောတာပါ။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ Jane’s Weekly ကတော့ တကယ့် မီဒီယာကင်းဝတ်နဲ့ ပြေးနေတဲ့အဖွဲ့လို့ပဲ ကျနော်တို့က မြင်ပါတယ်။ မြန်မာအစိုးရအနေနဲ့ သူတို့ကို လာဘ်ထိုးလို့တော့ ရမယ်လို့ မထင်ပါဘူး။

ဦးအောင်ကျော်ဇော ။ ။ အဲဒါတော့ ကျနော် မပြောတတ်ဘူး။ ကျနော်တို့ တကယ်တမ်း ဝယ်တဲ့ဟာတွေရှိတယ်။ ဆိုပါတော့ အခုရှိနေတဲ့ လူသယ်ရဟတ်ယာဉ်၊ ပွိုင့်ဖိုက်တွေ တင်ထားတဲ့ လေယာဉ်။ တပ်စုတစုလောက် တင်နိုင်တယ်။ အပေါ်မှာ ပွိုင့်ဖိုက်တွေပါတယ်။ ၂.၇ တွေ ပါတယ်။ အဲဒီလိုမျိုးဟာတွေ အစောကြီးကတည်းက ရောက်နေတာ ဘာကြောင့် မပြောကြသလဲ။ အဲဒီဟာတွေက ဘယ်ကလာတာလဲ။ ဆိုပါတော့ အခု ကျနော့်ခေါင်းဆောင်တွေမေးရင် Ukraine က ဝယ်တယ်လို့ ပြောတယ်။ ဒါပေမဲ့ ဒါကြီးကို ရဟတ်ယာဉ်နဲ့ သယ်လာတာလဲ မဟုတ်ဘူး။ တရုတ်ပြည်က ဖြတ်ဝင်လာတာ။ တရုတ်တွေကိုယ်တိုင်က ပြန်လာပြီးမေးတော့ ကျနော် ပြောလိုက်တယ်။ ခင်များတို့ မသိဘူးလား။ ခင်များတို့နယ်ထဲက ဖြတ်လာတာ ဖြစ်မှာပေါ့လို့ ပြောလိုက်တယ်။ အဲဒါမျိုးပေါ့ ကျနော် မြင်တာကတော့ ဒီကိစ္စတွေက complicated ဖြစ်တယ်။ ကျနော်တို့က လက်တွေ့ အခုနပြောတဲ့ မနှစ်က (၉) လပိုင်းမှာ ကဒ်အစီး (၂၀၀) လောက် ဝတပ ကို လက်နက်ခယမ်းအကုန် ရောက်လာတယ်ဆိုတဲ့သတင်း ကျနော်တို့ ရပါတယ်။ ဒါလည်း ဖြစ်ဖို့များပါတယ်။ ခေါင်းဆောင်မှုကတော့ မေးကြည့်ရင် မင်းလည်း စစ်သားပဲ စစ်တပ်ဆိုတာ ကိုယ့်လက်နက်အင်အားဖြစ်အောင် ဖြည့်ရတာပဲ။ မှန်တယ်မှားတယ်ဆိုတာကို မင်းကို ဘာပြောစရာလိုလဲ ဆိုတာမျိုး ကျနော်ကို ပြောတယ်။ အဲဒါကြီးကို ကျနော်ကလည်း confirm လုပ်ပြီး ပြောဖို့တော့ခက်တယ်။ ဒါပေမဲ့ ကျနော် သိသလောက်တော့ စစ်တပ်ကတော့ …

ဦးကျော်ဇံသာ ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့၊ ဒီသတင်းနဲ့ ပတ်သက်ပြီးတော့ အဲဒီဒေသရေးရာ အထူးကျွမ်းကျင်တဲ့ သတင်းစာဆရာကြီး Bertil Lintner ရဲ့ သဘောထားကို ကျနော်တို့ ကြည့်ကြရအောင်ပါ။

Bertil Lintner ။ ။ တရုတ်က UWSA ကို အဆင့်မြင့် လက်နက်မျိုးစုံ ထောက်ပံ့နေတာပါ။ မနှစ်တုန်းကလည်း သံချပ်ကာကားတွေ ရောင်းချပေးခဲ့တယ်ဆိုတာ သူတို့ ငြင်းခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ သူတို့ အဲဒါတွေကို ပန်ဆန်ဌာနချုပ်စခန်းအနီးမှာ တပ်စွဲထားတာကိုလည်း တွေ့ရပါတယ်။ အခုလည်း သူတို့ ငြင်းတာပဲ။ ဒါပေမဲ့ ငြင်းချက်ကတော့ မမှန်ပါဘူး။ တခြား အထောက်အထားတွေက ဒီလို လက်နက်ရောင်းချတာတွေ မှန်တယ်ဆိုတာကို ထောက်ပြနေပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ တရုတ်က ဘာသဘောနဲ့ ရောင်းတာလဲ။ ဒီနေရာမှာ UWSA ဝတပ်ဖွဲ့ နဲ့ မြန်မာအစိုးရကြားမှာ အပစ်အခတ်ရပ်စဲထားတာပဲ။

Bertlin Lintner ။ ။ တရုတ် က မြန်မာအစိုးရနဲ့ အမေရိကန်အစိုးရတို့ကို ခိုင်ခိုင်မာမာ အချက်ပြ လိုပုံရပါတယ်။ ငါတို့က မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံကြီးဖြစ်တယ်။ အမေရိကန်ကတော့ အဝေးကြီးမှာ ရှိနေတယ်ဆိုတာကို သတိပေးချင်တာ ထင်ပါတယ်။ မြန်မာအစိုးရနဲ့ ဝတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်အောင်ရည်ရွယ်တာမျိုးတော့ မဟုတ်ပါဘူး။ မြန်မာအစိုးရကို တိုက်ခိုက်ဖို့ဆိုတာကလည်း ဒီ သံချပ်ကာကားလောက်၊ ရဟတ်ယာဉ်လောက်နဲ့ မရပါဘူး။ အဓိကအနေနဲ့တော့ မြန်မာနဲ့ အမေရိကန် ဆက်ဆံရေး နွေးထွေးလာတာကို တရုတ်က လုံးဝမလိုလားပါဘူး။ ဒါကို တုန့်ပြန်သလောက် လုပ်နိုင်သလောက် လုပ်ပြသွားမယ်ဆိုတဲ့ သဘောမျိုးတော့ ရှိနေပါတယ်။

ဦးကျော်ဇံသာ ။ ။ ဝ တွေ မူးယစ်ဆေးဝါး မှောင်ခိုလုပ်၊ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ကိစ္စနဲ့ ပတ်သက်လို့ တရုတ်က မပူပင်ဘူးလား။ မစိုးရိမ်ဘူးလား။

Bertil Lintner ။ ။ ဒါကတော့ ပြောဖို့သိပ်ခက်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ ဝတွေက အချမ်းသာဆုံးပါ။ Rare earth လို့ခေါ်တဲ့ မြေရှားသယံဇာတ၊ ငှက်ပျောသီးတို့ အနည်းအကျဉ်း ရှိတယ်ဆိုပေမယ့် မူးယစ်ဆေးဝါးလောက်တော့ အားမကောင်းပါဘူး။ ဒါပေမဲ့လဲ UWSA နယ်မြေမှာက မူးယစ်ဆေးဝါး ထွက်တယ်ဆိုတာက အဓိက ဘိန်းမဟုတ်ဘဲ၊ Methamphetamine လို့ခေါ်တဲ့ ဆေးတွေဖြစ်ပြီး ထိုင်း၊ လာအို၊ ဗိယက်နမ်၊ အိန္ဒိယ စတဲ့နိုင်ငံတွေကို အများအပြား တင်ပို့ပါတယ်။ တရုတ်ကိုတော့ သိပ်ပြီး ထိခိုက်တာတော့ မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ UWSA ဝတပ်ဖွဲ့ရဲ့ နိုင်ငံရေးရည်ရွယ်ချက်က ဘာလဲ။ သူတို့ဟာ သီးခြားပြည်နယ် လိုချင်တာလား။ အခုပဲ သူတို့ရရှိတဲ့ အဆင့်အတန်းဟာ ကမ္ဘာ့အဆင့်မြင့် ဖယ်ဒရယ်နိုင်ငံတွေရဲ့ ပြည်နယ်တွေထက်တောင် အဆင့်မြင့်တယ်လို့ဆိုရင်တောင် မှားမယ်မဟုတ်ပါဘူး။ အဲဒီအထဲကို အစိုးရတပ်ဖွဲ့တောင် ဝင်လို့မရဘူး။ သူတို့မှာ လက်နက်အင်အားလည်း အပြည့်အဝ တပ်ဆင်ထားတယ်ဆိုတော့ သူတို့ ဒီဟာထက်ပိုပြီ ဘာလိုချင်သေးသလဲ။

Bertil Lintner ။ ။ အခုကတော့ ဝပြည်နယ်ရယ်လို့တော့ မရှိသေးပါဘူး။ သူတို့က သီးခြား ဝပြည်နယ် လိုချင်နေတာကတော့ သေချာပါတယ်။ ဒါပေမဲ့ သူတို့ နယ်မြေတောင်းခံမှုက ပြဿနာတတ်စရာ ဖြစ်နေပါတယ်။ တရုတ်နယ်စပ်က ဝကုန်းမြေဒေသလိုသာ မကဘဲနဲ့ တောင်ပိုင်းနယ်မြေလို့ခေါ်တဲ့ ရှမ်းတိုင်းရင်းသားတွေရဲ့ နယ်မြေကိုပါ တောင်းနေတာပါ။ ဒါကြောင့်လဲ ဝတွေရဲ့ နယ်မြေတောင်းဆိုမှုက မေးခွန်းထုတ်စရာ ဖြစ်နေသလို၊ ဒေသတွင်းမှာ တခြားတိုင်းရင်းသားတွေနဲ့လည်း ပဋိပက္ခတွေ ဖြစ်စေနိုင်ပါတယ်။

ဦးအောင်ကျော်ဇော ။ ။ ဒီ ဇာတ်လမ်းကို စခဲ့တာ ဗိုလ်ခင်ညွှန့် နဲ့ တရုတ်တို့ လုပ်ခဲ့တဲ့ ဇာတ်လမ်းဖြစ်တယ်။ သူတို့နှစ်ယောက် ပေါင်းပြီးကြိတ်လုပ်ပြီးတော့ ဝတပ ကို လက်ခံပြီးတော့ တောင်ပိုင်းကိုပေးတာ။ တကယ်တော့ ဒီ ပြဿနာ စတာကတော့ ဗိုလ်ခင်ညွှန့်။ အဲဒီတော့ ဒီလို တောင်းဆို၊ ဒီဟာကို ပြောရသလဲဆိုရင် အဲဒီနေရာရအောင် ကျနော်တို့ သွေးတွေအများကြီး ပေးခဲ့ရတယ်။ တိုက်ခဲ့ရတယ်။ တိုက်ပြီးတော့ တရုတ်အစိုးရရဲ့ သဘောတူညီချက်နဲ့ ဗိုလ်ခင်ညွှန့်က လက်ခံပြီးတော့ အဲဒီကို အရပ်သားတွေ ရွှေ့တဲ့အခါမှာ၊ အရပ်သားတွေ ရောက်ရောက်ချင်း (၂) နှစ်အတွင်းမှာ အများကြီး သေခဲ့တယ်။ ရာကျော် သေခဲ့တယ်။ ကျနော် ဝတပအနေနဲ့ ပြောမယ်ဆိုရင် ဒီနေရာက နှစ်ပေါင်းလည်း ကြာခဲ့ပြီ၊ ကျနော်တို့ ၉၅ နောက်ပိုင်းလည်း နှစ်ပေါင်းလည်း (၂၀) နီးပါးလောက် ရှိတော့မယ် အဲဒီနေရာမှာ နေခဲ့တာ။ သူတို့ တောင်းဆိုမှုက တရားတယ်၊ မတရားဘူးဆိုတာ သူတို့ ပေးဆပ်ခဲ့ရသူတွေ ရှိတဲ့အောက်မှာ ဒါကိုတော့ နှစ်ဘက်ဝိုင်းဝန်းဆွေးနွေးကြမှ ရမယ်။

ဒါကို အေးအေးဆေးဆေး ဒီကိစ္စကို ဖြေရှင်းရမှာဖြစ်တယ်။ အခြားပြည်နယ်လို့ ပြောဖို့ဆိုတော့လည်း အဲဒီနေရာမှာ လားဟူးတွေ နေတာများပါတယ်။ အခု ပြောတာပြောနေတာ တကယ်တမ်းပြောရင် သူတို့ လိုချင်တာကတော့ ရှမ်းပြည်နယ်မှာ Wa State တခု။ Wa State ဆိုတာကလည်း ကိုယ်ပိုင်ပြဌာန်းခွင့်ရှိမယ့် ပြည်နယ်ငယ်တခုပေါ့။ သူ့ဒေသနဲ့ သူ့လူမျိုး ကာကွယ်နိုင်မယ့်ဟာ။ နောက် အခုန ပြောသလို စစ်တပ်ကို အရှည်သဖြင့် စထားဖို့ မထားဖို့ဆိုတဲ့ ပြဿနာက ဗမာအစိုးရအပေါ်မှာ အများကြီး မူတည်ပါတယ်။ တကယ်လို့ သူတို့ တောင်းဆိုသလို သူတို့ ဖယ်ဒရယ်ကို တကယ်ပေးနိုင်တယ်ဆိုရင် ဝပြည်သူတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရနိုင်တဲ့ အခြေအနေမျိုး။ တခြား ရှမ်း၊ ကချင်တို့လို ရနိုင်မယ်ဆိုရင် ဒီပြဿနာက အခုတောင်းဆိုနေတဲ့။ သူတို့ ထင်သာမြင်သာဖို့ ပြောနေတာတွေရှိတယ်။ တချို့ခေါင်းဆောင်တွေက အဲဒီလိုမျိုး မပြောဘဲနဲ့ တရုတ်ပြည်ကပေးတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးမျိုးလောက်ကို ပြောတဲ့လူလည်း ရှိတယ်။ ထင်သာမြင်သာ နိုင်ငံရေးရည်ရွယ်ချက်ကတော့ ကျနော်တို့မြင်တာ အများစုရဲ့ ဆန္ဒကတော့ ကျနော်တို့အားလုံး တောင်းနေတဲ့ ကချင်ပြည်နယ်ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဝတပနဲ့ ဝပြည်နယ်ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်။ အမှန်တော့ အစတုန်းကတော့ ဝပြည်နယ်ဆိုတာ ရှမ်းအောက်မှာ။ ရှမ်းပြည်နယ်ကြိးရဲ့ အောက်မှာ။

ဦးကျော်ဇံသာ ။ ။ Bertlin ပြောပါအုံး။ အဲဒီတော့ UWSA ဝတပ်ဖွဲ့အပေါ်မှာ တရုတ်တို့ ထားရှိပြီးတော့ ဒီလို ဆက်ဆံနေတဲ့ကိစ္စဟာ မြန်မာနိုင်ငံမှာ အစိုးရက ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးကို ဘယ်လောက်အထိ အဟန့်အတား ဖြစ်စေနိုင်စရာ မရှိဘူးလား။

Bertil Lintner ။ ။ တရုတ်ကတော့ ဒီလို ရည်ရွယ်ချက်ရှိပုံ မရှိပါဘူး။ ယုတ်စွအဆုံး လောလောဆယ်မှာ မရှိသေးပါဘူး။ အဓိကတော့ မြန်မာနိုင်ငံထဲမှာ ခြေကုတ်လိုချင်တာပါ။ UWSA ဆိုတာက တကယ်တမ်းတော့ တရုတ်တွေရဲ့ proxy ကိုယ်ပွားပါ။ တခြား ကချင်၊ ကရင်၊ ရှမ်းစတဲ့ အဖွဲ့အစည်းတွေလို လွတ်လွတ်လပ်လပ် အဖွဲ့အစည်းမျိုး မဟုတ်ပါဘူး။ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်လို့ခေါ်တဲ့ တရုတ်စစ်တပ်ရဲ့ အစိတ်အပိုင်းတခုလို ဖြစ်နေပါတယ်။ အသွင်အပြင်အားဖြင့်လည်း တရုတ်တွေ ပေးထားတဲ့ uniform အသစ်တွေ၊ လက်နက်တွေကို ကိုင်တွယ်နေကြတာပါ။

ဦးကျော်ဇံသာ ။ ။ အဲဒါကော ဘယ်လောက်ဖြစ်နိုင်သလဲ။ ဘယ်လောက် မှန်ကန်သလဲ။

ဦးအောင်ကျော်ဇော ။ ။ ကျနော်တော့ အဲဒီလို မထင်ပါဘူး။ တရုတ်ပြည်က သူတို့စစ်တပ်က အင်မတန် ကြီးတာဖြစ်ပေမယ့်လည်း တကယ်လက်တွေ့၊ အခိုင်အမာကိစ္စတွေကို ကျနော်တို့ သိပါတယ်။ ကိုးကန့်ကိစ္စတောင်က ကိစ္စမျိုးတွေ။ တရုတ်ပြည်ဖက်က ဝင်ရောက်စွက်ဖက်ပြီး ပြောလည်း လုပ်ချင်မှလုပ်တာပါ။ ကျနော်တို့ ကိုးကန့်ထဲဝင်ပြီးတော့ ဖုန်ကြားဖူး၊ ဖုန်ကြားရှင်တို့ကို တပ်နဲ့ဝင်ပြီး ကယ်တယ့်ဟာမျိုး တရုတ်က လုံးဝလက်မခံဘူး။ ကျနော်တို့က ရအောင်လုပ်တယ်။ အဲဒီတော့ တချို့ကိစ္စတွေကြတော့လည်း အိမ်နီးနားချင်းလည်းဖြစ်တယ်။ ကျနော်တို့နဲ့ တစုံတရာ မှီခိုအားထားမှု မကင်းတဲ့အောင်မှာ တရုတ်ပြည်ရဲ့ တောင်းဆိုမှုကို လိုက်လျောမှုတွေရှိတယ်။ ကျနော်တို့ UNFC ကိစ္စတို့ဘာတို့မှာ တစုံတရာ တရုတ်ပြည်ရဲ့ တောင်းဆိုမှုကို လိုက်လျောရတဲ့ အပိုင်းတွေလည်းရှိတယ်။ အဲဒီတော့ တရုတ်ပြည်နဲ့ နိုင်ငံရေးအရ လုံးဝ သူရဲ့ satellite ပြည်နယ်လေးတခု မဟုတ်ပါဘူး။ တစုံတရာ သီးခြားလွတ်လပ်မှုတော့ ရှိပါတယ်။ ဒါပေမဲ့ ဝတပရဲ့ အဓိကကျတဲ့ခေါင်းဆောင် တော်တော်များများက တရုတ်ပြည်က ဝတွေဖြစ်တဲ့အခါမှာ အဲဒီအခြေအနေအောက်မှာ နှိုင်းယှဉ်ချက်ပြောရင် တရုတ်ပြည်ရဲ့ သြဇာတော့ အတော်အတန် ကြီးကြီးမားမားရှိတဲ့ အဖွဲ့အစည်းတရပ်တော့ ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်လုပ်ခိုင်းတိုင်းလည်း လုပ်ကြတာတော့ မဟုတ်ပါဘူး။ ကျနော်တို့ တခုလုံးရဲ့ အကျိုးစီးပွားနဲ့ မတူဘူးဆိုရင် မလိုက်လျောပါဘူး။ လိုက်မလုပ်ပါဘူး။
XS
SM
MD
LG