သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Indira Gandhi ရဲ့မြေး အိန္ဒိယနိုင်ငံရေးမှာ ပါဝင်လှုပ်ရှား


အိန္ဒိယနိုင်ငံက ကျော်ကြားတဲ့ Nehru-Gandhi မျိုးဆက်တွေထဲက ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း Indira Gandhi ရဲ့ မြေးဖြစ်သူ Priyanka Gandhi Vadra ဟာ နိုင်ငံရေးအရ အရေးပါတဲ့ Uttar Pradesh ပြည်နယ်ထဲမှာ သူတို့ကွန်ဂရက်ပါတီအတွက် မဲဆွယ်ဖို့ ဂင်္ဂါမြစ်ကြောင်း အတိုင်း ၃ ရက်ကြာ ထူးထူးခြားခြား သင်္ဘောနဲ့သွားရောက် မဲဆွယ်မယ့်ခရီးစဉ်ကို တနင်္လာနေ့မှာ စတင်လိုက်ပါပြီ။ ဒါပေမယ့် ၂၀၁၄ မှာ သူတို့ရဲ့ ကွန်ဂရက်ပါတီကို အပြတ်အသတ် အနိုင်ရခဲ့တဲ့ လက်ရှိအာဏာရ BJP ပါတီက ဝန်ကြီးချုပ် Narendra Modi ကို အနိုင်ရဖို့ သူဘယ်လောက် လုပ်ပေးနိုင်မလဲလို့ မေးခွန်းထုတ်နေ သူတွေလည်း ရှိပါတယ်။

နယူးဒေလီက Anjana Pasricha ပေးပို့ထားတဲ့ သတင်းလွှာကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ကွန်ဂရက်ပါတီခေါင်းဆောင် Rahul Gandhi ရဲ့ အမဖြစ်သူ အသက် ၄၇ နှစ်အရွယ် Priyanka Gandhi Vadra ဟာ ပြီးခဲ့တဲ့ ၂ လကမှ နိုင်ငံရေးလောကထဲကို တရားဝင် ဝင်ရောက်လာတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးချိန်ကစလို့ နှစ်ပေါင်း ၅၀ နီးပါး နိုင်ငံကိုအုပ်ချုပ်လာတဲ့ သူတို့ပါတီဟာ ၂၀၁၄ ကမှ လွှတ်တော်မှာ အမတ်နေရာ ၅၄၃ နေရာထဲက ၄၄ နေရာပဲရပြီး အပြတ်ရှုံးခဲ့ရတာကြောင့် ရှေ့လထဲ ကျင်းပတော့မယ့် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အပြင်းအထန် ကြိုးစားလာတာဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိအာဏာရ BJP ပါတီရဲ့အမာခံ ပြည်နယ် ၃ ခုမှာ မကြာသေးခင်က ကွန်ဂရက်ပါတီအောင်မြင်မှုတွေ ရခဲ့တာကြောင့် အားတက်နေကြတာပါ။ ကွန်ဂရက်ပါတီရဲ့ အရှေ့Uttar Pradesh ပြည်နယ်ဆိုင်ရာ အထွေထွေအတွင်းရေးမှုးအဖြစ် ခန့်အပ်တာ ခံခဲ့ရတဲ့ Vadra ကလည်း သူကိုယ်တိုင် ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ပေမယ့် သူတို့ပါတီအတွက် မဲတွေ ပြန်ရလာအောင် သူလုပ်ပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

အိန္ဒိယမှာ ၁၇ နှစ်ကြာခေါင်းဆောင်ခဲ့တဲ့ အဖွားဖြစ်သူ Indira Gandhi လိုပဲ လူထုကို ဆွဲဆောင်နိုင်စွမ်းရှိတဲ့ Vadra ဟာ အခုတော့ ဝန်ကြီးချုပ် Modi ရဲ့ အမာခံနယ်မြေမှာ သူ့ပါတီအတွက် မဲဆွယ်မှုကို စတင်နေတာ ဖြစ်ပါတယ်။ Uttar Pradesh ပြည်နယ်ထဲမှာ ဂင်္ဂါမြစ်ကြောင်းအတိုင်း သင်္ဘောနဲ့ မိုင် ၉၀ နီးပါးသွားရောက်မယ့် သူ့ ခရီးစဉ်ဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် Modi အရွေးကောက် ခံခဲ့ရတဲ့ ဗာရာဏသီမှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ သူဟာ Modi ရဲ့ ဂူဂျာရတ်ပြည်နယ်မှာ လူထုစုဝေးပွဲ လုပ်ခဲ့တာပါ။

Uttar Pradesh ပြည်နယ်ဟာ လွှတ်တော်အမတ် ၈၀ ကျော် ရွေးကောက်တင်မြှောက် ရမယ့်ပြည်နယ် ဖြစ်တဲ့အတွက် နိုင်ငံရေးအရ သိပ်အရေးပါတဲ့ ပြည်နယ်ဖြစ်ပြီး သူ့မိခင် Sonia Ghandi ရော သူ့အကို Rahul Ghandi တို့ ၂ ယောက်လုံး ဝင်ရောက် အရွေးခံတဲ့ ပြည်နယ်ဖြစ်ပါတယ်။ အရင်တုန်းက ကွန်ဂရက်ပါတီကြီးစိုးခဲ့တဲ့ ဒီပြည်နယ်ဟာ ၂၀၁၄ ရွေးကောက်ပွဲမှာ BJP ပါတီလက်ထဲ ရောက်သွားတာဖြစ်ပါတယ်။

Vadra ဟာ သင်္ဘောရပ်နားရာ နေရာတွေမှာ ဟောပြောပွဲတွေ လုပ်ဖို့ စီစဉ်ထားသလို လက်ရှိအစိုးရလက်ထက် အလုပ်အကိုင်မဲ့နေတဲ့ လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလန်း တွေ ရအောင်လုပ်ပေးဖို့ မဲဆွယ်မယ့်အပြင် ဆင်းရဲသားတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ဟောပြောဖို့ ရှိပါတယ်။

ကွန်ရက်ပါတီက မဲဆွယ်ဖို့ Vadra ကို သုံးလာတာဟာ Modi အတွက် တကယ့်စိန်ခေါ်မှုတရပ်လို့ မြင်သူကတော့ နိုင်ငံရေးသုံးသပ်သူ Nilanjan Mukhopadhyay ပါ။

“သူဟာ ပင်ကိုယ် ဆွဲဆောင်မှုရှိသူပါ။ သူ့မှာ အားကျလောက်စရာ အရည်အသွေးရှိတယ် ဆိုတာ သူကိုယ်တိုင် ပြခဲ့ပါတယ်။ သူ့အဖွားလိုပဲ သူဟာ ရပ်တည်ချက်ခိုင်မာတဲ့ ခေါင်းဆောင်မှု သွေးပါလာသလို၊ ဒါဟာ Modi မှာ ရှိသလိုမျိုးပါ”

ဒါကို အရင်ရွေးကောက်ပွဲတွေမှာ သူ့အကိုနဲ့ သူ့မိခင်အတွက် သူမဲဆွယ်ခဲ့တုန်းက ပြသခဲ့တာ ဖြစ်ပြီး မဲပေးသူတွေက သူ့ကို သူတို့ထက်ပို သဘောကျခဲ့တယ်လို့ အများက သုံးသပ်ကြပါတယ်။

အိန္ဒိယနိုင်ငံမှာ သီတင်း ၅ ပတ်ကြာပြုလုပ်မယ့် ရွေးကောက်ပွဲတွေကို ဧပြီလ ၁၁ နေ့မှာ စတင်တော့မှာ ဖြစ်ပါတယ်။ မကြာသေးခင်က အိန္ဒိယနဲ့ ပါကစ္စတန်တို့ ကြား ပဋိပက္ခတွေအတွက် ခိုင်မာတဲ့ ခေါင်းဆောင်မှု ပေးနိုင်သူအဖြစ် သူ့ကိုယ်သူ ဂုဏ်ယူနေတဲ့ Modi ကိုအနိုင်ရဖို့ ကွန်ဂရက်ပါတီက အပြင်းအထန် ကြိုးပမ်းနေတာပါ။

နိုင်ငံရေးသုံးသပ်သူ Ajoy Bose ကတော့ Priyanka Vadra ကြောင့် အပြောင်းအလဲတွေ သိပ်ဖြစ်မလာနိုင်ပါဘူးလု့ိဆိုပါတယ်။

Priyanka က သတင်းခေါင်းကြီးပိုင်းတွေမှာ အမြဲနေရာယူနေပေမယ့် ထူးထူးခြားခြား ပြောင်းသွားအောင် သူလုပ်နိုင်ပါ့မလားလို့ ကျနော် သံသယ ရှိပါတယ်။ လူတွေကတော့ သူ့အကြောင်း ပြောမှာပါပဲ။ ဒါပေမယ့် ကွန်ဂရက်ပါတီမှာ သူ့ကြောင့် တကယ်တမ်း အပြောင်းအလဲတွေ တွေ့လာရမယ်လို့တော့ မမြင်ဘူး”

ကွန်ဂရက် ပါတီက လွတ်တော်မှာ အမတ်နေရာ ၄၄ နေရာပဲ ရထားတာကြောင့် အိန္ဒိယနိုင်ငံရေးမှာ သူတို့ ပါတီပြန်နေရာရလာဖို့ အမတ်နေရာ ရာဂဏန်း ပြန်ရဖို့ အရေးကြီးတယ်လို့လည်း ပြောပါတယ်။

ကွန်ဂရက်ပါတီမှာ Nehru-Gandhi မိသားစုက ဆင်းသက်လာသူတွေသာ ခေါင်းဆောင်ပြီး ကာလကြာရှည်စွာ အိန္ဒိယမှာ ကြီးစိုးနေရာကနေ ဆဌမမြောက် Rahul လက်ထက်မှာတော့ လက်ဖက်ရည်ရောင်းတဲ့ သာမန်နိုင်ငံသား တယောက်ဖြစ်တဲ့ Modi ကို ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခု Vadra ကတော့ ကွန်ဂရက်ပါတီမှာ ထူးခြားတဲ့ သူတယောက်ဖြစ်နေတဲ့အတွက် သူတို့ပါတီအတွက် ဘယ်လောက် စွမ်းဆောင်နိုင်မယ် ဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG