သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၉ အိန္ဒိယရွေးကောက်ပွဲ မိုဒီ ရဲ့ အာဏာရပါတီအနိုင်ရဖို့ ခန့်မှန်း


အိန္ဒိယနိုင်ငံမှာ ဧပြီလကနေ မေလအထိ ကျင်းပဖို့ရှိတဲ့ အထွေထွေရွေးကောက်ပွဲတွေမှာ လက်ရှိအာဏာရ Bharatiya Janata Party (BJP) အနေနဲ့ အနိုင်ရလိမ့်မယ်လို့ ယုံကြည်မှု အပြည့်ရှိကြောင်း ဝန်ကြီးချုပ် Narendra Modi က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ကျင်းပခဲ့တဲ့ ပြည်နယ် ရွေးကောက်ပွဲတွေမှာ အရေးပါတဲ့ ပြည်နယ် ၃ ခုမှာ BJP ပါတီ ရှုံးနိမ့်ခဲ့တာကြောင့် ဒါဟာ ၂၀၁၄ ခုနှစ်မှာ သူဝန်ကြီးချုပ် ဖြစ်လာပြီးနောက်ပိုင်း Modi အနေနဲ့ ပထမဆုံးအကြိမ် ကြီးမားတဲ့ ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဒါကြောင့် အထွေထွေ ရွေးကောက်ပွဲတွေမှာ အတိုက်အခံ Congress ပါတီနဲ့ မဟာမိတ်တွေက တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်ခဲ့တဲ့ စစ်တမ်းတွေမှာ BJP ပါတီထက် အသာစီး ရသွားစေတယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ် Modi ကတော့ စက်တင်ဘာလမှာ စတင်ခဲ့တဲ့ ဆင်းရဲသား ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု စီမံကိန်းအသစ်လို သူ့အစိုးရရဲ့ အောင်မြင်မှုတွေကို အလေးပေး ပြောဆိုဖို့ လိုအပ်ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ ပြည်နယ် ရွေးကောက်ပွဲတွေမှာ ဘာကြောင့် မနိုင်ခဲ့သလဲဆိုတဲ့ကိစ္စကို ပါတီအတွင်းမှာ ဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့ကြောင်း၊ ဒါပေမယ့် ရွေးကောက်ပွဲမှာ နိုင်တယ်၊ ရှုံးတယ်ဆိုတာ တခုထဲကိုဘဲ ကြည့်လို့ မရကြောင်း ဝန်ကြီးချုပ် Modi က ပြောပါတယ်။ ဟိန္ဓူ အမျိုးသားရေးပါတီ ဖြစ်တဲ့ BJP အနေနဲ့ အထွေထွေ ရွေးကောက်ပွဲမတိုင်ခင် ဒေသတွင်းက ပါတီတွေနဲ့ လက်တွဲ လုပ်ဆောင်ဖို့ ဆန္ဒရှိကြောင်းလည်း ဝန်ကြီးချုပ် Modi က ပြောပါတယ်။

အစိုးရနဲ့ မူဝါဒရေးရာကိစ္စတွေမှာ သဘောထား ကွဲပြားမှုတွေ လအတန်ကြာ ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် အိန္ဒိယ ဗဟိုဘဏ်အကြီးအကဲ Urjjit Patel နှုတ်ထွက်သွားတဲ့ကိစ္စမှာ ဗဟိုဘဏ်အနေနဲ့ အစိုးရနဲ့ မသက်ဆိုင်ဘဲ လွတ်လပ်စွာ လုပ်ကိုင်နိုင်ခွင့် ရှိရဲ့လားဆိုတဲ့ စိုးရိမ်မှုတွေ ရွေးကောက်ပွဲ မတိုင်ခင်မှာ ထွက်ပေါ်လာစေခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG