နေပြည်တော် ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဌာနချုပ်မှာ မနေ့က ပါတီညီလာခံနှင့် ကိုယ်စားလှယ်လောင်းများ တွေ့ဆုံပွဲအပြီး အခြေအနေ တင်းမာမှုနှင့် ရှုပ်ထွေးမှုများ ဖြစ်ပွားနေတယ်လို့ ဗွီအိုအေက သတင်းရရှိထားပါတယ်။ လုံခြုံရေး ရဲနှင့် စစ်တပ်ကပါ ပါတီဌာနချုပ်ကို ဝိုင်းရံထားတယ်လို့ သတင်းများ ထွက်ပေါ်ပေမဲ့ အတည်ပြုချက် အတိအကျ မရသေးပါဘူး။ သတင်းအပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌနှင့် လက်ရှိ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းရဲ့ သားဖြစ်သူ ဦးတိုးနိုင်မန်းကတော့ ည ၉ နာရီလောက်ကစပြီး ဌာနချုပ်ကို အဝင်အထွက်တွေ ပိတ်ဆို့ထားကြောင်း အတည်ပြု ပြောဆိုပါတယ်။
“ကျနော်တော့ အသေအချာတော့ မသိရဘူးဗျ။ ၉ နာရီခွဲလောက်မှာတော့ အဝင်အထွက် ပိတ်ထားတယ်ဆိုတာ တခုပဲ သိရပါတယ်။ ကျန်တာတော့ ကျနော် မသိရသေးပါဘူး။”
နေအိမ်မှာရှိနေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းကလည်း အခြေအနေတွေ ရှုပ်ထွေးနေပြီး ဂဃနဏ မသိနိုင်သေးတဲ့အတွက် ပြောရခက်ကြောင်း ဗွီအိုအေကို ပြောပါတယ်။
“ဂဃနဏ မသိပါဘူးခင်ဗျာ။ အခြေအနေလေး နဲနဲ ရှုပ်ထွေးနေတဲ့ အခြေအနေလေးဆိုတော့ ကျနော်လည်း ပြောရတာ နဲနဲခက်ပါတယ်။
မေး - ဒါပေမဲ့ အန်ကယ်တို့ လူကြီးတွေအပိုင်းအနေနဲ့ တစုံတရာပေါ့နော်။ အားလုံးသိရအောင်ပေါ့ အနေအထားလေးတွေ ပြောပြလို့ရမလားပေါ့နော်။ အတိုင်းအတာတခုထိပေါ့လေ။
ဖြေ - လောလောဆယ်မှာတော့ မသိပါဘူးဗျာ။ လောလောဆယ်မှာတော့ အတော်လေး ခက်ခဲနေပါတယ်။
မေး - အန်ကယ်တို့ အနေအထားရော ဘယ်လိုလဲရှင့်။ လုံခြုံရေးတွေ အနေအထားရော။
ဖြေ - အန်ကယ်ကတော့ လောလောဆယ် အိမ်မှာပဲ ရှိပါတယ်။
မေး - ဟုတ်ကဲ့။နေပြည်တော်မှာပေါ့နော် အန်ကယ် အခုလောလောဆယ်။
ဖြေ - နေပြည်တော်မှာပဲ ဟုတ်ကဲ့။
မေး - ဟိုအန်ကယ် အဲဒါဆိုတော့ သတင်းတွေနဲ့ ပတ်သက်ပြီးတော့ ကျမတို့ တင်ပြတဲ့အခါမှာဆိုရင် အခြေအနေတွေ တင်းမာနေတယ်၊ ဒါမဟုတ် ရှုပ်ထွေးနေတယ်ဆိုရင် ဘယ်လိုစကားလုံး သုံးလို့ရမလဲ။
ဖြေ - ဒါကတော့ သမီးတို့ရေးချင်တာ ရေးလို့ရပါတယ်ဗျာ။
မေး - ဟုတ်ကဲ့။ အန်ကယ်တို့ဒီ လူကြီးတွေကြားထဲမှာ အခုရွေးကောက်ပွဲ ဝင်မယ့် အနေအထား အရင် ဒီနေ့မနက်က ပြောထားတဲ့အနေအထား အတိုင်းပဲ အစီအစဉ်တကျဖြစ်မလား။ အစီအစဉ် အပြောင်းအလဲတွေကော ဖြစ်မလားရှင့်။ အဲဒါဆိုရင် -
ဖြေ - အခုနေချိန်ကတော့ အခြေအနေတွေက မသဲကွဲဘူးလေ။ သိပ်မသဲကွဲတဲ့ အခါကျတော့ အခုတကယ်ပြောဖို့က အတော်လေး နဲနဲလေး ခက်ပါသေးတယ်လေ။ ကိုယ့်ဘက်ကတော့ ကိုယ်ဟာကိုယ်တော့ မပြောင်းလဲပါဘူး။ ဘာမှမပြောင်းလဲပါဘူး။
မေး - ဟိုနောက်ပြီးတော့ တပ်မတော်ဘက်က ကြံခိုင်ဖွံ့ဖြိုးရေးပါတီကိုဝင်မယ့် ကိုယ်စားလှယ်လောင်းတွေ စာရင်းကော အန်ကယ်တို့ဘက်မှာ အပြောင်းအလဲတွေ ရှိနိုင်သေးလားရှင့်။
ဖြေ။ ။ မရှိနိုင်ပါဘူး။
အခုလို နေပြည်တော်မှာ အခြေအနေတွေ တင်းမာနေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ နောက်ဆုံးသိရှိရတာကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ဝင်းထဲမှာ အခု အသံလွှင့်နေတဲ့အချိန်အထိ လုံခြုံရေးတပ်တွေ ရှိနေဆဲ ပါတီအကြီးအကဲတချို့လည်း ရှိနေဆဲ ဖြစ်ပါတယ်။ ယမန်နေ့ကတော့ ဝင်းအတွင်းမှာရှိနေတဲ့ လူတွေကို တဆောင်နဲ့တဆောင် ကူးခွင့်မပြုဘူးလို့ တားမြစ်ထားတယ်ဆိုတဲ့အကြောင်း အဆောင်မှာ နေထိုင်သူတဦးက ဗွီအိုအေကို ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ဒီကနေ့မနက် ၈ နာရီလောက်မှာ သမ္မတ ဦးသိန်းစိန်ဦးဆောင်မယ့် အစိုးရအဖွဲ့ အထူးအရေးပေါ် အစည်းအဝေး ခေါ်မည်ဖြစ်ကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရုံးချုပ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သတင်းတွေ ထွက်ပေါ်နေပါတယ်ရှင်။
ဦးမောင်မောင်သိမ်းနဲ့ဆက်သွယ်မေးမြန်းထားတဲ့အပြည့်အစုံကို အောက်ပါလင့်ခ်မှာနားဆင်နိုင်ပါတယ်။