သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အကူအညီနဲ့ ကျင်းပနေတဲ့ အားကစားပြိုင်ပွဲ


နေပြည်တော်မှာ ကျင်းပပြုလုပ်နေတဲ့ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲ ဖွင့်ပွဲအခမ်းအနား
နေပြည်တော်မှာ ကျင်းပပြုလုပ်နေတဲ့ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲ ဖွင့်ပွဲအခမ်းအနား
အခုကျင်းပနေတဲ့ (၂၇) ကြိမ်မြောက် Sea Games ခေါ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနဲ့ ပတ်သက်တဲ့ ပြည်တွင်းသတင်းတွေဟာ နေပြည်တော်ကို တန်ဆာဆင်ပြီး ဦးသိန်းစိန်အစိုးရကို အမွှန်းတင်နေသလို ဖြစ်နေတာ တွေ့ရပါတယ်။ (၂) နှစ် တစ်ခါ အလှည့်ကျကျင်းပတဲ့ အားကစားပွဲတော်ဖြစ်ပေမယ့် မြန်မာပြည်မှာ မကျင်းပနိုင်တာ ၁၉၆၉ ကတည်းကဖြစ်လို့ (၄၄) နှစ် ရှိပါပြီ။ ပြိုင်ပွဲကျင်းပဖို့အတွက် Sea Games Federation ဟာ ကြိုတင်စည်းကမ်းတွေ သတ်မှတ်တာမျိုးတွေ မလုပ်ပါဘူး။ ဒါကြောင့် အိမ်ရှင်နိုင်ငံတွေဟာ အားကစားပွဲကို သူ့အိုးနဲ့သူ့ဆန်တန်ရုံ ကျင်းပနိုင်ကြတာကို တွေ့ရပါတယ်။

အခြေအနေလိုက်ပြီး အားကစား (၂၂) မျိုးသာ ကျင်းပတဲ့ နိုင်ငံရှိသလို၊ (၄၄) မျိုးတောင် ကျင်းပတဲ့ နိုင်ငံရှိပါတယ်။ တရုတ် အကူအညီယူတဲ့ မြန်မာကတော့ ပြိုင်ပွဲ (၃၃) မျိုး နေပြည်တော်၊ မန္တလေး၊ ရန်ကုန် နဲ့ ငွေဆောင်မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ အာဆီယံ (၁၀) နိုင်ငံနဲ့ တီမော်လိ အပါအဝင် နိုင်ငံပေါင်း (၁၁) နိုင်ငံ ယှဉ်ပြိုင်နေကြပါတယ်။ Sea Games စည်းမျဉ်းအရ ရိုးရာအားကစား (၇) မျိုး ပြိုင်ဆိုင်ခွင့် ပြုထားပေမယ့် မြန်မာက (၁၄) မျိုး ထည့်ထားတဲ့အတွက် အစောပိုင်းက အတော်လေး အငြင်းပွားကြပါတယ်။

ပြိုင်ဆိုင်မယ့် အားကစားအမျိုးအစားကို အိမ်ရှင်နိုင်ငံက ရွေးချယ်ခွင့် ရှိတာကြောင့် မြန်မာမကျွမ်းကျင်တဲ့ တင်းနစ်၊ ကျွမ်းဘား နဲ့ beach ဘောလီဘော တို့ကို ယှဉ်ပြိုင်ခွင့် မပြုတာကို အစောပိုင်းက မကျေမနပ် ဖြစ်ကြပါသေးတယ်။ ပြိုင်ဆိုင်ရမယ့် အားကစားအမျိုးအစားကို အိမ်ရှင်နိုင်ငံက ရွေးချယ်ခွင့်ရှိတာဟာ Sea Games အားကစားပွဲတော်ရဲ့ ချို့ယွင်းချက်ဖြစ်တယ်လို့ ထောက်ပြကြပါတယ်။ ဥပမာ (၅) နိုင်ငံလောက်မှာသာ ကစားတယ့် ခြင်းလုံးမှာ ယှဉ်ပြိုင်တာဟာ ဒေသတခုလုံးကို ပျက်ရယ်ပြုရာ ရောက်တယ်လို့ ထိုင်းအရာထမ်းက ဆိုပါတယ်။

ဒီလို ဝေဖန်ကန့်ကွက်ကြတဲ့အတွက် အစောပိုင်းက ဖြုတ်ထားတဲ့ badminton, water polo နဲ့ ping pong တို့ကို အိမ်ရှင်မြန်မာက ပြန်ထည့်ပေးရကြောင်း သိရပါတယ်။ ကျွမ်းဘားလို့ ပြိုင်ဖက်မရှိတဲ့ ခြင်းလုံးကစားနည်း ပါဝင်နေတာကို ဘဝင်မကျနိုင်ဘဲ ဖြစ်နေကြပါတယ်။

မြန်မာပြည်မှာ ကျင်းပမယ့် Sea Games အားကစားပြိုင်ပွဲအကြောင်း လဆန်းပိုင်းကတည်းက နေ့စဉ်သတင်းပေးပို့သူတွေထဲမှာ တရုတ်အစိုးရ ရှင်ဟွာသတင်းဌာနဟာ ရှေ့ဆုံးက ပါဝင်ပါတယ်။ အားကစားပြိုင်ပွဲအကြောင်း သတင်းပေးပို့ရင် ပြိုင်ပွဲဖြစ်မြောက် အောင်မြင်ရေးနဲ့ မြန်မာအသင်း ရွှေတံဆိပ်ရရေးအတွက် တရုတ်က ဘယ်လိုကူညီနေတယ်ဆိုတာကိုလည်း ကြော်ငြာပေးပါတယ်။ မြန်မာအစိုးရက မေတ္တာရပ်ခံလာလို့ အားကစားပွဲကို ဆွေမျိုးပေါက်ဖော် စိတ်ဓါတ်နဲ့ ကူညီနေတာလို့ ဒီဇင်ဘာ (၃) ရက်နေ့ထုတ် ရှင်ဟွာသတင်းမှာ ဖော်ပြပါယတ်။ မြန်မာနိုင်ငံမှာ ကျင်းပတဲ့ Sea Games အောင်မြင်အောင် အကူအညီပေးတဲ့ကိစ္စဟာ တရုတ်အစိုးရရဲ့ အရေးကြီးတဲ့ စီမံကိန်းတခု ဖြစ်တယ်လို့ ထိပ်တန်းအရာထမ်း ဟွာရှင်ဝိန် က ဆိုပါတယ်။ Sea Games ကူညီရေးစီမံကိန်းမှာ အပိုင်း (၄) ပိုင်း ရှိတယ်လို့ သူက ရှင်းပြပါတယ်။

အားကစားသမား လေ့ကျင့်ရေး၊ ပြိုင်ပွဲစီမံခန့်ခွဲရေး၊ ပြိုင်ပွဲပစ္စည်းကရိယာ အသုံးပြုမှု ကျွမ်းကျင်ရေး နဲ့ ဖွင့်ပွဲပိတ်ပွဲ ကြီးကြပ်ရေး စတဲ့အပိုင်း (၄) ပိုင်းမှာ မြန်မာအမှုထမ်းနဲ့ အားကစားသမားတွေကို တရုတ်က လေ့ကျင့်သင်ကြားပေးဖို့ လွန်ခဲ့တဲ့နှစ် စက်တင်ဘာလမှာ သဘောတူချက် ရယူခဲ့ပါတယ်။ တရုတ် ဆရာ (၂၈) ဦး မြန်မာပြည်မှာ သင်ကြားပြသနေတာ (၁) နှစ်လောက် ရှိပါပြီ။ မြန်မာအားကစားသမား (၂၀၀) နီးပါး တရုတ်ပြည်မှာ (၃) လ လေ့ကျင့်ကြပါတယ်။ ပြိုင်ပွဲစီမံခန့်ခွဲရေးစနစ်နဲ့ ပတ်သက်တဲ့ ကွန်ပြူတာစက်တွေကိုလည်း တရုတ်က ငှားထားပါတယ်။ ဖွင့်ပွဲပိတ်ပွဲ အခမ်းအနားမှာ အစစအရာရာ အဆင်ပြေအောင် တရုတ်က အထူးကူညီနေပါတယ်။ Sea Games မှာ မြန်မာနဲ့ လက်တွဲလုပ်ကိုင်နေတဲ့ တရုတ်အတတ်ပညာရှင် (၇၀၀) ကျော်ရှိတာကိုကြည့်ရင် ပြိုင်ပွဲအောင်မြင်ရေးကို တရုတ်က အထူးဂရုစိုက်တာ သိသာပါတယ်။

တရုတ်အတတ်ပညာရှင်တွေနဲ့ ပူးတွဲဆောင်ရွက်နိုင်တာကြောင့် (၂၇) ကြိမ်မြောက် Sea Games ရဲ့ ဖွင့်ပွဲပိတ်ပွဲဟာ အားကစားပြိုင်ပွဲ သမိုင်းမှာ အကောင်းဆုံးဖြစ်လိမ့်မယ်လို့ အားကစား ဒု-ဝန်ကြီး ဦးသောင်းထိုက် က ပြောဆိုတာကိုလည်း ရှင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ မြန်မာပြေးခုန်ပစ်အဖွဲ့ဝင် (၁၁) ဦးဟာ တရုတ်ပြည်မှာ (၃) လ လေ့ကျင့်ဖို့ စီစဉ်ထားပေမယ့် (၅) လအထိ လေ့ကျင့်ရတဲ့အတွက် ဒီဇင်ဘာ (၉) ရက်နေ့ကမှ မြန်မာပြည် ပြန်ရောက်ပါတယ်။ ဒါကိုကြည့်ရင် မြန်မာ့အားကစားသမားတွေ ရွှေတံဆိပ်ရရေးကို တရုတ်က အလုပ်ကြီးတခုလို ဂရုစိုက်နေတာ ထင်ရှားနေပါတယ်။ မြန်မာ့စက်ဘီးအဖွဲ့ကို တရုတ်ပြည်မှာ (၃) ကြိမ်တိတိ လေ့ကျင့်ပေးထားပြီး မြန်မာပြည်မှာလည်း တရုတ်ဆရာတွေက ကြီးကြပ်နေပါတယ်။

ဖွင့်ပွဲအစမ်း လေ့ကျင့်ခန်းကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်းသစ်ကြီးမှာ နိုဝင်ဘာ (၂၈) ရက်နေ့က (၂) နာရီကြာ တရုတ်ကိုယ်စားလှယ်အဖွဲ့ရှေ့မှာ ကျင်းပပါတယ်။ ဒါပေမဲ့ တရုတ်မကယ်နိုင်တာတွေလည်း ရှိပါတယ်။ လုံခြုံရေးတင်းကြပ်မှုနဲ့ သယ်ယူပို့ဆောင်ရေး ခက်ခဲမှုကြောင့် ပွဲကြည့်ပရိသတ် ကသိကအောက် ဖြစ်နေတာကိုတော့ တရုတ်ဆရာတွေလည်း ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် လွန်ခဲ့တဲ့ (၄၄) နှစ်အတွင်း မြန်မာပြည်မှာ မကျင်းပနိုင်ခဲ့တဲ့ Sea Games အားကစားပွဲကို တရုတ်အကူအညီကြောင့် ကျင်းပနိုင်နေပြီ ဖြစ်ပါတယ်။
XS
SM
MD
LG