သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS အပေါ် ထောက်ခံမှုနဲ့ အမေရိကန်ရဲတဦး ပထမဆုံး အရေးယူခံရ


အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန် ဒီစီမြို့က သယ်ယူပို့ဆောင်ရေး ကဏ္ဍတွေကို တာဝန်ယူရတဲ့ ရဲတပ်ဖွဲ့ဝင်တဦးကို IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ကို ထောက်ခံအားပေးဖို့ ကြိုးစားမှုနဲ့ စွဲချက်တင် ဖမ်းဆီးလိုက်ပါတယ်။ ဒါဟာ ရဲတပ်ဖွဲ့ဝင်တဦးအနေနဲ့ အကြမ်းဖက်မှုနဲ့ ဆက်နွယ်ပြီး အမေရိကန်နိုင်ငံမှာ ပထမဆုံးအကြိမ် ဖမ်းဆီးခံရခြင်းလည်း ဖြစ်ပါတယ်။

မြို့တော်သယ်ယူပို့ဆောင်ရေးကဏ္ဍဆိုင်ရာ ရဲတပ်ဖွဲ့ MTPD မှာ ၁၃ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝါရင့် အမှုထမ်းတဦးဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ် Nicholas Young က တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၅၀ နဲ့ ညီမျှတဲ့ Gift Card လို့ခေါ်တဲ့ ငွေဖြည့်ထားတဲ့ ကဒ်ပြားတွေက နံပတ်တွေကို IS ကို လိုလားသူအဖြစ် အယောင်ဆောင်ထားတဲ့ FBI ပြည်ထောင်စုထောက်လှမ်းရေးဗြူရို အရာရှိကို သွားပေးခဲ့တယ်လို့ ဗဟိုအစိုးရ တရားရေးဌာနက စွပ်စွဲထားတာ ဖြစ်ပါတယ်။

Young ဟာ သူ့အနေနဲ့ IS တပ်ဖွဲ့ဝင် အသစ်တွေ စုဆောင်းတဲ့နေရာမှာ အသုံးပြုတဲ့ မိုဘိုင်းဖုန်း အကောင့်ထဲကို အဲဒီငွေတွေကို လွဲပြောင်းပေးနေတာ ဖြစ်တယ်လို့ ယုံကြည်ထားတယ်လို့ FBI က ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ကတော့ Young ကို Virginia ပြည်နယ်၊ Alexandria မှာရှိတဲ့ ခရိုင်တရားရုံးမှာ ပထမဆုံးအကြိမ်အဖြစ် ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။ တရားရုံးက ခန့်အပ်တဲ့ ရှေ့နေကို တောင်းဆိုတာကလွဲလို့ ၅ မိနစ်သာ ကြာလိုက်တဲ့ ကြားနာမှုအတွင်း Young က စကား အများအစား မပြောခဲ့ဘူးလို့ ဆိုပါတယ်။ ပြစ်မှုထင်ရှားကြောင်း တွေ့ရှိခဲ့ရင်တော့ သူ့အနေနဲ့ ထောင်ဒဏ် အနှစ် (၂၀) ကျခံရနိုင်ပါတယ်။

XS
SM
MD
LG