သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ဂျီးရီးယားလက်ရှိ သမ္မတ ပြန်ရွေးချယ်ခံရ


နိုင်ဂျီးရီးယားလက်ရှိ သမ္မတ ပြန်ရွေးချယ်ခံရ
နိုင်ဂျီးရီးယားလက်ရှိ သမ္မတ ပြန်ရွေးချယ်ခံရ

နိုင်ဂျီးရီယားနိုင်ငံ သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဂွတ်လက်ခ် ဂျိုနသန် (Goodluck Jonathan) ကို နိုင်ဂျီးရီယား ရွေးကောက်ပွဲ တာဝန်ရှိသူတွေက အနိုင်ရသူအဖြစ် ကြေညာပေးလိုက်ပါတယ်။ ဒီရလဒ်ကို ကန့်ကွက်တဲ့ မြောက်ပိုင်း မူစလင်ဒေသတွေမှာတော့ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ ရွေးကောက်ပွဲမဲတွေမှာ မစ္စတာဂျိုနသန်ဟာ မဲအရေအတွက် ၂၂ သန်းကျော် ရရှိခဲ့တယ်လို့ ရွေးကောက်ပွဲတာဝန်ရှိသူတွေက ကြေညာပါတယ်။ သူ့ရဲ့ အဓိကပြိုင်ဖက်၊ တချိန်က စစ်အာဏာရှင်ဟောင်း မိုဟန်မါဒူ ဘူဟာရီ (Muhammadu Buhari) ကတော့ မဲအရေအတွက် ၁၂ သန်းပဲ ရှိတယ်လို့ ကြေညာ ပါတယ်။

ဒီအရေအတွက်ဟာ မစ္စတာဂျိုနသန် သမ္မတဖြစ်ဖို့ လုံလောက်တဲ့ မဲရရှိသွားတာဖြစ်ပြီး ရွေးကောက်ပွဲ ပြန်လုပ်စရာ မလိုတော့ပါဘူး။ ကိုယ်စားလှယ်တဦးဟာ သမ္မတဖြစ်ဖို့ ၂၄ ပြည်နယ်မှာ အနည်းဆုံး မဲ လေးပုံ တပုံ ရဖို့ လိုအပ်တာကြောင့် အများစုမဲ ရယုံနဲ့တင် သမ္မတအဖြစ် အရွေးခံရပါတယ်။ မစ္စတာ ဂျိုနသန်ဟာ မဲပေးသူတွေရဲ့ ၅၇ ရာခိုင်နှုန်းကို အနိုင်ရခဲ့တာပါ။

မစ္စတာဂျိုနသန် အခုလို အနိုင်ရကြောင်း သတင်းထွက်လာတာနဲ့ မြောက်ပိုင်းဒေသတွေမှာတော့ အဓိကရုဏ်း တွေ ချက်ခြင်း ထွက်ပေါ်ခဲ့ပါတယ်။ အကြမ်းဖက်မှုတွေကြောင့် လူပေါင်း ၂၇၀ ကျော် ဒဏ်ရာရပြီး ၁၅,၀၀၀ လောက် နေရပ်က ထွက်ပြေးရတယ်လို့ နိုင်ဂျီးရီယား ကြက်ခြေနီအဖွဲ့က ခန့်မှန်းပါတယ်။

မဲမသမာမှုတွေရှိတယ် ဆိုပြီး အတိုက်အခံ ထောက်ခံသူတွေက စွပ်စွဲပါတယ်။ မဲရလဒ်ကို ဆန့်ကျင်တဲ့အနေနဲ့
အိမ်တွေကို မီးရှို့၊ ကားတာယာတွေကို မီးရှို့ပြီး လုံခြုံရေးရဲတွေကိုလည်း ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။

မူစလင်အများစုရှိတဲ့ မြောက်ပိုင်း နိုင်ဂျီးရီယားဟာ မူစလင်တဦးဖြစ်တဲ့ မစ္စတာ ဘူဟာရီကို ထောက်ခံကြ ပါတယ်။ သမ္မတ ဂျိုနသန်ကတော့ ခရစ်ယာန်ဘာသာဝင် ဖြစ်ပြီး တောင်ပိုင်း ခရစ်ယာန် အများစုရှိရာဘက်မှာ သြဇာညောင်းပါတယ်။

XS
SM
MD
LG