သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလသံအမတ်ကြီး Nikki Haley နုတ်ထွက်မှု သမ္မတ Trump အတည်ပြု


ကုလသံအမတ်ကြီး Nikki Haleyနှင့် သမ္မတ Trump
ကုလသံအမတ်ကြီး Nikki Haleyနှင့် သမ္မတ Trump

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် Nikki Haley ရာထူးကနေအနားယူမယ့်သတင်း အင်္ဂါနေ့မနက်ပိုင်းကထွက်လာခဲ့တာကြောင့် နိုင်ငံရေးနဲ့အမေရိကန်သတင်းလော ကမှာ အတော်ဂယက်ထခဲ့ပါတယ်။ သံအမတ်Haley အနားယူတော့မယ့်ကိစ္စကို အိမ်ဖြူတော်မှာ မနေ့ကကျင်းပတဲ့သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတဒေါ်နလ်ထရမ့်နဲ့ အတူ တရားဝင်ကြေညာခဲ့တာပါ။ ဒီအကြောင်းအပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က ဆက်ပြောပါလိမ့်မယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley အနေနဲ့ အခုနှစ်ကုန်မှာ ရာထူးက အနားယူတော့မယ့်အကြောင်း သမ္မတ Donald Trump က အောက်တိုဘာလ ၉ ရက်နေ့မှာ ကြေညာခြင်းဟာ သူ့အစိုးရအဖွဲ့အတွင်းက ထင်ရှားတဲ့ပုဂ္ဂိုလ်တွေ တဦးပြီး တဦး အသီးသီး အနားယူသွားကြတဲ့အထဲက နောက်ဆုံးဖြစ်ရပ်လည်း ဖြစ်ပါတယ်။

သံအမတ်ကြီး Haley ဟာ သူ့အတွက် အရေးပါတဲ့ ပုဂ္ဂိုလ်တဦးဖြစ်တယ်ဆိုတာကို သံအမတ်ကြီး Haley နဲ့အတူ ဘေးချင်းယှဉ်ထိုင်ပြီး သူမ ရာထူးက နုတ်ထွက်မယ့်အကြောင်း သမ္မတက အိမ်ဖြူတော်မှာ ကြေညာခဲ့တာပါ။

“ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး Nikki Haley ဟာ ကျနော့်အတွက် အထူး ရေးပါတဲ့ပုဂ္ဂိုလ်တဦးပါ။ သူဟာ လုပ်ငန်းတွေကိုလည်း ကောင်းမွန်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ပုဂ္ဂိုလ်ရေးအရ အင်မတန် ကောင်းမွန်တဲ့သူတဦး ဖြစ်တဲ့အပြင် လုပ်ငန်း သဘောသဘာဝကိုလည်း နားလည်သူတဦး ဖြစ်ပါတယ်။ ကျနော့်အစိုးရ စတက်လာကတည်းက သူမဟာ ကုလသမဂ္ဂမှာ တောက်လျှောက် ရှိလာခဲ့သူဖြစ်ပြီး ကျနော်တို့နဲ့အတူ လက်တွဲ အလုပ်လုပ်ခဲ့သူ ဖြစ်ပါတယ်။ ၂ နှစ်ပြည့်ပြီး နှစ်ကုန်ပိုင်းလောက်မှာ လုပ်ငန်းတာဝန်တွေကနေ ခဏ အနားယူချင်တယ်လို့ အစောကြီးကတည်းက ကျနော့်ကို ပြောခဲ့ဘူးပါတယ်။ တဘက်မှာ ဝမ်းသာစရာကောင်းပေမယ့် အခုလို အနားယူသွားတာကို ကျနော်တို့ မလိုလားပါဘူး၊ တခြားကဏ္ဍတခုခုမှာ အလုပ်အတူတွဲလုပ်ဖို့ တချိန်ချိန်မှာ ပြန်လာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရာထူးဟာ အမေရိကန်မှာ အစိုးရအဖွဲ့ဝင် ဝန်ကြီးရာထူးနဲ့ တန်းတူဖြစ်ပါတယ်။

သံအမတ်ကြီး Haley ကတော့ ရာထူးက နုတ်ထွက်မယ့်အကြောင်း သမ္မတ အိမ်ဖြူတော်မှာ သတင်းထောက်တွေကို အခုလို ပြောကြားခဲ့ပါတယ်။

“ကျမအတွက်ကတော့ ဘဝမှာ ဂုဏ်ယူစရာဖြစ်ပါတယ်။ ကျမအနေနဲ့ သိပ်ကို ကံကောင်းပါတယ်။ ကျမကြီးပြင်းလာတဲ့ ပြည်နယ်ကနေတဆင့် ကျမသိပ်ချစ်မြတ်နိုးတဲ့ နိုင်ငံကြီးရဲ့တာဝန်ကို ထမ်းဆောင်ခွင့်ရခဲ့တာပါ။ တကယ့်ကို ဝမ်းသာလှပါတယ်။ ဒီအချက်ကြောင့် သမ္မတကြီးကို ကျေးဇူးတင်ပါတယ်။ ကျမအနေနဲ့ စိတ်လှုပ်ရှားတာက ကျမတို့ ၂ နှစ်တာအတွင်း အမေရိကန်ရဲ့ နိုင်ငံခြားရေး ပေါ်လစီမှာ အောင်မြင်မှုတွေကို စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ အခုအမေရိကန်ပြည်ထောင်စုကို လေးစားလာကြတယ်၊ နိုင်ငံတွေက ကျမတို့ လုပ်တာ ကြိုက်ချင်မှ ကြိုက်ပေမယ့် ကျမတို့ လုပ်ခဲ့တာတွေကို လေးစားကြတယ်။ ကျမတို့က လုပ်မယ်ဆိုရင် လက်တွေ့လုပ်ပြနိုင်ခဲ့ပါတယ်။"

ဒါပေမယ့် သူမအနေနဲ့ လက်ရှိရာထူးမှာ အခုနှစ်ကုန်တဲ့အထိ တာဝန်ထမ်းဆောင်သွားမှာဖြစ်ကြောင်း သံအမတ်ကြီး Haley က ပြောပါတယ်။

“ကျမအနေနဲ့ ဒီနှစ်ကုန်အထိ တာဝန်ကို ထမ်းဆောင်သွားမှာပါ။ ရည်ရွယ်ချက်ကတော့ နောက်ခန့်မယ့်သံအမတ်ကြီးအတွက် အားလုံး နေရာတကျဖြစ်စေဖို့ပါပဲ။"

အသက် ၄၆ နှစ်ရှိပြီဖြစ်တဲ့ Nikki Haley ဟာ အိန္ဒိယကနေ အမေရိကန်ပြည်ထောင်စုမှာ ရွေ့ပြောင်းနေထိုင်ကြတဲ့ မိဘတွေက ပေါက်ဖွားလာပြီး မြောက်ကယ်ရိုလိုင်းနားပြည် အုပ်ချုပ်ရေးမှူးအဖြစ် ၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်တဲ့အပြင် ရီပတ်ဘလီကန် ပါတီအတွင်း ခေါင်းဆောင်ဖြစ်လာမယ်လို့ ခန့်မှန်းခံထားရသူ ဖြစ်ပါတယ်။ သူမဟာ လာမယ့် ၂၀၂၀ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့်သူလို့လည်း ထင်ကြေးပေးခံနေရသူ ဖြစ်ပါတယ်။

အများက ထင်ကြေးပေးနေကြသလို သူမအနေနဲ့ ၂၀၂၀ ခုနှစ်မှာ သမ္မတအဖြစ် ဝင်အရွေးခံမှာ မဟုတ်ဘဲ သမ္မတ Trump အတွက် မဲဆွယ် စည်းရုံးပေးသွားမယ်လို့လည်း သံအမတ်ကြီး Haley က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

သူမအနေနဲ့ ရာထူးက အနားယူတော့မယ့်အကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်က သမ္မတနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံစဉ် အသိပေးခဲ့တယ်လို့ Axios အွန်လိုင်းသတင်းမှာ ဖော်ပြထားပါတယ်။ Nikki Haley ရဲ့ တရားဝင် နုတ်ထွက်စာမှာလည်း ရာထူးက အနားမယ့်စာကို အောက်တိုဘာလ ၃ ရက်နေ့ ရက်စွဲနဲ့ရေးထားတာကြောင့် သူမ ရာထူးက အနားယူတော့မယ်ဆိုတာကို သမ္မတအနေနဲ့ အဲဒီကတည်းက သိရှိနေခဲ့ပုံ ရပါတယ်။

သံအမတ်ကြီး Haley ရဲ့ ဆောင်ရွက်ခဲ့မှုတွေအတွက် ကျေးဇူးတင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

“သံအမတ်ကြီး Haley ကို သူ့ရဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်ချက်တွေအတွက် ကျနော် ကျေးဇူးတင်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၅ လမှာ ကျနော်နဲ့အတူ အဆင်ပြေaချာမွေ့စွာ တွဲဖက်လုပ်ကိုင် ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။ သူ့အတွက် ရှေ့မှာ လုပ်ဆောင်ချက်နဲ့ ပတ်သက်လို့ အဆင်ပြေ ချောမွေ့ပါစေလို့ ကျနော် ဆုတောင်းပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကလည်း သံအမတ်ကြီး Haley နဲ့ သူ့ရဲ့ ဆက်ဆံရေးဟာ အင်မတန် အကျိုးဖြစ်ထွန်းပြီး အားကောင်း ခိုင်မာတဲ့ ဆက်ဆံရေးဖြစ်ကြောင်း ပြောကြားလိုက်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ ကုသလဂ္ဂအကြား အပြုသဘောဆောင်တဲ့ ဆက်ဆံရေး ဖြစ်ထွန်းအောင် စွမ်းဆောင်ခဲ့သူဖြစ်သလို ကုလသမဂ္ဂရဲ့ စံတန်ဖိုးတွေ မြင့်တက်အောင် စွမ်းဆောင် ပေးခဲ့သူဖြစ်တယ်လို့ ချီးကျူး ပြောကြားလိုက်ပါတယ်။

ရာထူးက နုတ်ထွက်သွားတဲ့ သံအမတ်ကြီး Nikki Haley နေရာမှာ Goldman Sachs ရင်းနှီးမြုပ်နှံမှုဘဏ်နဲ့ ငွေကြေးလုပ်ငန်းဆိုင်ရာ ဌာနကြီးရဲ့ အကြီးအကဲဟောင်းလည်းဖြစ်၊ သူ့ရဲ့ အမျိုးသားလုံခြုံရေး လက်ထောက်အကြံပေးဟောင်းလည်းဖြစ်တဲ့ Dina Habib Powell ကို အစားထိုး ခန့်အပ်ဖို့ စဉ်းစားနေကြောင်း Iowa ပြည်နယ်က အခမ်းအနားတခုအတွက် အိမ်ဖြူတော်က မထွက်ခွာခင် သတင်းထောက်တွေကို အင်္ဂါနေ့ညနေမှာ ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG