သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ မနီလာသိန်း ဖမ်းဆီးခံရ


မနီလာသိန်း တရားရုံးတက်စဉ် (သတင်းဓါတ်ပုံ-သဉ္ဇာခိုင်)
မနီလာသိန်း တရားရုံးတက်စဉ် (သတင်းဓါတ်ပုံ-သဉ္ဇာခိုင်)

လက်ပံတန်းကျောင်းသား သပိတ်ကိုထောက်ခံတဲ့ ဆန္ဒပြပွဲ ပြုလုပ်တယ်ဆိုပြီး ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းက မနီလာသိန်းကို ပုဒ်မ ၁၈ နဲ့ မရမ်းကုန်းမြို့နယ် တရားရုံးက တရားစွဲဆိုလိုက်ပြီးနောက် အင်းစိန်အကျဉ်းထောင် ကိုပို့လိုက်ပါတယ်။

၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီ ၁၅ ရက်နေ့က သမိုင်းလမ်းဆုံမှာ ထောက်ခံဆန္ဒပြပွဲ ကျင်းပပြုလုပ်ခဲ့တာကြောင့် အခုလိုဖမ်းဆီးခဲ့တာပါ ။ ဒါပေမယ့်လည်း ရဲတပ်ဖွဲ့ဟာ လုပ်ထုံး လုပ်နည်းအတိုင်းဆောင်ရွက်ခြင်းမရှိပဲ မနီလာသိန်းအပေါ် တရားခံပြေး အဖြစ် သတ်မှတ်ခဲ့တာကြောင့် ဒီကိစ္စနဲ့ ပတ်သက်လို့ တရားဥပဒေကြောင်း အရ ဖြေရှင်းမယ်လို့ မနီလာသိန်းရဲ့ခင်ပွန်းဖြစ်သူ ကိုဂျင်မီက ပြောပါတယ်။ ကိုအောင်အောင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

“ကိုဂျင်မီ။ ။ ပုဒ်မ ၁၈ ကို ကျူးလွန်တယ်ဆိုပြီးတော့ အဲဒီအမှုက ဘယ်တုန်းက ကျူးလွန်သလဲဆိုတော့ လွန်ခဲ့တဲ့ မနှစ်က ၁ နှစ်လောက်ကြာပြီ ဟာကို အခုမှ ပြန်ုစွဲတာ။ စွဲတော့ အခု တရားရုံးထုတ်တယ်။ တရားရုံးကနေပြီးတော့ အာမခံလျှောက်ဖို့ပြောတယ်။ မနီလာသိန်းကတော့ ဒီ ပုဒ်မ ၁၈ နဲ့ ပတ်သက်ပြီး ဘာမှ ပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘူး။ အာမခံလည်းမလျောက်ဘူး။ အမိန့်ချမှတ်ခဲ့ရင်လည်း ဒဏ်ငွေ ဆောင်မှာမဟုတ်ဘူး။ ထောင်ချရင်လည်း ချပေါ့ ။ အဲလို သူ့ရဲ့ရပ်တည်ချက်ကို တခါတည်း တရားသူကြီးကိုသူပြောထားပြီးသား။

ကိုအောင်အောင်။ ။ဟုတ်ကဲ့။ဘာကြောင့် အာမခံမယူဘဲ ထောင်ထဲကို သွားဖို့ဆုံးဖြတ်ခဲ့တာလည်း ခင်ဗျ။

ကိုဂျင်မီ။ ။ သူက အပြစ်ကျူးလွန်တယ်လို့ကို မခံစားရဘူး။ ဒီပုဒ်မ ၁၈ နဲ့ စွဲတာကိုက တရားမျှတမှုမရှိဘူးလေ။ အဲတော့ တရားမျှတမှုမရှိတဲ့ဟာကို သူရင်ဆိုင်နေစရာအကြောင်းမရှိဘူး။ သူက အဲဒီလိုဆုံးဖြတ်တယ်။ အဲဒါနဲ့ ပတ်သက်ပြီးအထွေအထူးသူက ဘယ်ဟာကတော့ မှားပါတယ် ဆိုတာပြောနေစရာအကြောင်းမရှိဘူး။

ကိုအောင်အောင်။ ။ဘာကြောင့်ဖမ်းဆီးသလဲဆိုတာကော ပြောပြပေးပါဦး။

ကိုဂျင်မီ။ ။ မရမ်းကုန်း သမိုင်းလမ်းဆုံမှာတဲ့ ဆန္ဒပွဲဖြစ်တဲ့အထဲမှာ မနီလာသိန်းတို့က ကားတစီးနဲ့ရောက်လာပြီး ဒါကို ဦးဆောင်ခဲ့တယ် ဆိုတဲ့ သဘောမျိုးနဲ့ပြောတယ်။

ကိုအောင်အောင်။ ။ဟုတ်ကဲ့။ ကျနော်တို့ သိသလောက်ပေါ့နော် ရဲကနေပြီး အိမ်ရောက်လာရှာတာမဟုတ်ပဲနဲ့ တရားခံ ပြေးအဖြစ် ကြေညာခဲ့တယ်ဆိုတာလည်း သိရတယ်လေ။

ကိုဂျင်မီ။ ။ အိမ်လိပ်စာတောင်မှန်အောင်မပြောနိုင်ဘူးဗျာ။ မနီလာသိန်းက လူမသိ သူမသိ ပုဂ္ဂိုလ်လည်းမဟုတ်ဘူးဗျာ။ ပြီးတော့ ကျနော်တို့အိမ်က လူတိုင်းမေးလို့ရတဲ့အိမ်။ တကယ်ပဲ မနီလာသိန်းနဲ့တွေ့ချင်တယ်ဆိုရင် တခြားထွေထွေထူးထူး မေးစရာမရှိပါဘူး။ ကျနော့်မိဘတွေရှိပါတယ်။ သူ့မိဘတွေရှိပါတယ်။ ကျနော်ကိုယ်တိုင်လည်းရှိပါတယ်။ နောက်ပြီးတော့ ရုံးလည်းနေ့တိုင်း တက်နေပါတယ်။ အဲဒါကိုသူက မနီလာသိန်း မရှိတဲ့နေရာကို ၃ ခေါက်လောက်သွားရှာပြီးတဲ့အခါကျတော့ ရဲရဲ့ဥပဒေအရကတော့ ၃ ခါရှာလို့မတွေ့ရင် တရားခံပြေးအဖြစ်ကြေညာလို့ရတယ်ဆိုပြီး လုပ်တာကတော့ အင်မတန်မှ ရုပ်ပျက်နိုင်လွန်းပါတယ်။ နောက်ပြီးတော့ ဒါ ဂုဏ်သိက္ခာ သိပ်မဲ့လွန်းတယ်။ အဲဒါကို ကျနော်တို့က အသရေဖျက်မှုနဲ့ ကျနော်တို့က ပြန်ပြီးတော့ ဥပဒေအရေ ဘယ်လိုတုန့်ပြန်နိုင်မလဲ ဥပဒေကြောင်း အရပေါ့နော်။ နောက်တချက်က ရဲက သူရှာဖွေရမယ့် လူကို ကြိုးစားအားထုတ် ပြီးတော့ ရှာဖွေခြင်းမရှိခဲ့ဘူး။ မရှိခဲ့ဘဲနဲ့ အဲဒါသူ့ရဲ့ အမှန်တော့ သူက တာဝန်ပေါ့လျော့တာပေါ့နော်။ ရဲက သူ့အလုပ်နဲ့အညီမလုပ်ခဲ့ဘူး တာဝန်ပေါ့လျော့တယ်။ ဥပဒေကြောင်းအရ ဆင့်ခေါ်စာ ပို့ခဲ့တာမျိုး အနီးစပ်ဆုံးကို ဆက်သွယ်တာမရှိပဲနဲ့ အဲလိုလုပ်ခဲ့တဲ့အတွက် ဒါနဲ့ပတ်သက်ပြီးတော့လည်း ကျနော်တို့ က ရဲဘက်ကိုလည်း ရဲစည်းကမ်းနဲ့အညီ အရေးယူနိုင်ဖို့ ကျနော်တို့က တုန့်ပြန်ဆောင်ရွက်သွားမှာပါ။

ကိုအောင်အောင်။ ။ဟုတ်ကဲ့။ကိုဂျင်မီ ရေ နောက်ဆုံးမေးခွန်းပါခင်ဗျာ။ အမှုကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာတွေခန့်မှန်းထားသလဲ၊ ပြင်ဆင်ထားပါသလဲခင်ဗျာ။

ကိုဂျင်မီ။ ။ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုပဲလုပ်လုပ်ပါ မနီလာသိန်း ဘက်ကတော့ ပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘူးလို့တော့ ပြောပြီးသား။ ကြိုက်တဲ့ပုံစံနဲ့ပဲ အရေးယူလိုက်၊ အဲဒါကို သူ့အနေနဲ့ ဘာမှ တုန့်ပြန်မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ တရားမျှတမှုမရှိတဲ့အတွက် မေးခွန်းထုတ်မှာလဲမဟုတ်ဘူး၊ သူကလည်း ဖြေမှာလည်းမဟုတ်ဘူး။ နောက်အာမခံမလျောက်ဘူး။ သူ့ဘက်က ဒါတွေကို ပြတ်ပြတ်သားသားဆုံးဖြတ်လိုက်ပြီ တရားရုံးနဲ့ ပူးပေါင်းမဆောင်ရွက်နိုင်ဘူးဆိုတာ။”

XS
SM
MD
LG