သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြူးနစ် ပစ်ခတ်မှု သေနတ်သမားအပါအဝင် ၁၀ ဦး သေဆုံး


သေနတ်ပစ်ခတ်မှုအတွင်း အခင်းဖြစ်နေရာနဲ့ဝေးရာကို ထွက်ပြေးနေကြသူများ။ မြူးနစ်၊ ဂျာမနီ။ ဇူလိုင် ၂၂၊ ၂၀၁၆။
သေနတ်ပစ်ခတ်မှုအတွင်း အခင်းဖြစ်နေရာနဲ့ဝေးရာကို ထွက်ပြေးနေကြသူများ။ မြူးနစ်၊ ဂျာမနီ။ ဇူလိုင် ၂၂၊ ၂၀၁၆။

ဂျာမနီနိုင်ငံရဲ့ တတိယအကြီးဆုံးမြို့ဖြစ်တဲ့ Munich မြို့က ဈေးဝယ်စင်တာတခုမှာ သောကြာနေ့ညနေခင်းက လူအုပ်ထဲကို သေနတ်နဲ့ပစ်ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် အီရန်နွယ်ဖွား၊ ဂျာမနီနိုင်ငံသား သေနတ်သမားဟာ တကိုယ်တော်လှုပ်ရှားခဲ့သူ ဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် မြို့သူမြို့သားတွေ အထိတ်တလန့်ဖြစ်ခဲ့ကြရတာပါ။

အခြေအနေတွေ ရုတ်ရုတ်သဲသဲဖြစ်နေချိန်မှာပဲ သေနတ်သမားက ကိုယ့်ခေါင်းကိုကိုယ် သေနတ်နဲ့ပစ်ပြီး သတ်သေသွားတယ်လို့ စနေနေ့မနက်အစောပိုင်းမှာ မြူးနစ်မြို့ ရဲတပ်ဖွဲ့အကြီးအကဲ Hubertus Andrae ကပြောပါတယ်။ ဘာကြောင့် အခုလို တိုက်ခိုက်ရသလဲဆိုတာနဲ့ပတ်သက်ပြီး ပြောဆိုတာ မရှိသေးသလို ဒီလုပ်ရပ်က အကြမ်းဖက်တိုက်ခိုက်မှု ဟုတ်မဟုတ်ဆိုတာ ပြောဖို့ စောနေသေးတယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲကပြောပါတယ်။

မြူးနစ်မြို့တိုက်ခိုက်မှုအတွင်း လူကိုးဦးအပါအဝင် သေနတ်သမားလည်း သေဆုံးသွားသလို တခြားလူ ၁၆ ဦး ဒဏ်ရာရပြီး သုံးဦးကတော့ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပါတယ်။ ဒဏ်ရာရသွား သူတွေထဲမှာ ကလေးငယ်တွေလည်းပါဝင်ပါတယ်။ ဒါဟာ အနောက်ဥရောပမှာ ၈ ရက်အတွင်း အရပ်သားတွေကို တတိယမြောက် ကြီးမားတဲ့ တိုက်ခိုက်မှု တခုဖြစ်ပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Bahram Ghasemi က ဒီတိုက်ခိုက်မှု ကို ပြစ်တင်ရှုတ်ချလိုက်သလို အကြမ်းဖက် တိုက်ခိုက်မှုကို နေရာတိုင်းမှာ ဘယ်လို ပုံစံမျိုးနဲ့မဆို ခြေမှုန်းဖို့ ကမ္ဘာ့လူမှုအသိုင်းအဝိုင်းက အရေးတကြီး တောင်းဆိုနေပြီ ဆိုပြီးတော့လည်း ကြေငြာချက်ထုတ်ပြန်ပါတယ်။ အကာအကွယ်မဲ့တဲ့ အပြစ် မဲ့ပြည်သူတွေကို သတ်ဖြတ်တာဟာ လူ့သမိုင်းအတွက် အရှက်ရစရာဖြစ်လာပြီ ဆိုပြီးတော့လည်း ထည့်သွင်းပြောဆိုသွားပါတယ်။

ဂျာမနီဝန်ကြီးချုပ် အန်ဂလာ မာကဲလ်ကလည်း စနေနေ့နှောင်းပိုင်း ဘာလင်မြို့မှာ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးတရပ်ကိုခေါ်ယူထားပါတယ်။

သောကြာနေ့ညနေခင်းက သတ်မှတ်ထားတဲ့ အရေးပေါ်အခြေအနေကို ရုပ်သိမ်း လိုက်ပြီလို့ ရဲတပ်ဖွဲ့အကြီးအကဲကပြောပါတယ်။

XS
SM
MD
LG