သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ လွတ်လပ်မျှတမှုရှိရေး NLD နှင့် ၈၈ ပွင့်လင်းအဖွဲ့ ပူးပေါင်းဆောင်ရွက်မည်


လာမယ့် ရွေးကောက်ပွဲတွေကို လွတ်လပ်မျှတမှုရှိရှိ ကျင်းပနိုင်ရေး အတိုက်အခံပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ တိုင်းရင်းသားတွေ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ကြေညာလိုက်ပါတယ်။ NLD နဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေကြား သဘောထား ကွဲလွဲမှုတွေ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး နောက်မှာပဲ အခုလို လက်တွဲ ဆောင်ရွက်မယ့် အစီအစဉ်တွေ ထွက်ပေါ်ခဲ့တာပါ။ အသေးစိတ် မဆုမွန်က တင်ပြထားပါတယ်။

မဲစာရင်း စစ်ဆေးတာတွေ အပါအဝင် ရွေးကောက်ပွဲ ကာလမှာ မသမာမှုတွေ မဖြစ်ရလေအောင် ပူးပေါင်း ဆောင်ရွက်သွားမယ့် အစီအစဉ်တွေကိုတော့ NLD ပါတီနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့က တနင်္လာနေ့မှာပဲ ပူးတွဲကြေညာချက်တရပ် ထုတ်ပြန်လိုက်တာပါ။ NLD ပါတီနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးတို့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာလည်း လက်တွဲဆောင်ရွက်ခဲ့ကြသလို နိုင်ငံရဲ့အရေးကြီးတဲ့ နိုင်ငံရေး အချိုးအကွေ့ဖြစ်တဲ့၂၀၁၅ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်ပြည်သူတွေ နိုးကြားမှုရှိစေရေး၊ မဲစာရင်း မှန်ကန်မှုရှိစေရေးနဲ့ မဲမသမာမှု ကင်းစင်ရေး စောင့်ကြည့်လေ့လာ ဖော်ထုတ်ကြဖို့အရေး ပူးပေါင်းဆောင်ရွက်ကြဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် NLD ပါတီကိုယ်စားပြု ဝင်ရောက်အရွေးခံမယ့် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွေနဲ့ ပတ်သက်ပြီး အတိုက်အခံပါတီ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကြား မပြေလည်မှုတွေ ရှိနေတယ်ဆိုတဲ့ ထင်မြင်ချက်တွေ မဟုတ်မှန်ကြောင်း သက်သေပြလိုတဲ့ အတွက်ကြောင့်လည်း အခုလို ၈၈ နဲ့ NLD ပူးတွဲ ကြေညာချက်တစောင် ထုတ်ပြန်ရတာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးဝင်းထိန်က ပြောပါတယ်။

“အဓိက ရည်ရွယ်ချက်က ကျနော်တို့ ပြီးခဲ့တဲ့လတုန်းက ကိုယ်စားလှယ်လောင်းတွေ လျှောက်တဲ့အခါမှာ သူတို့ ၈၈ က ကိုယ်စားလှယ် တော်တော်များများ မပါတာနဲ့ ပတ်သက်လို့ လူတွေက ဝေဖန်တာ တော်တော်များကြတယ်။ နားလည်မှုတွေ လွဲကုန်ကြတာပေါ့။ အဲဒါနဲ့ပတ်သက်လို့ ကျနော်တို့က နားလည်မှုမလွဲဘူး၊ နိုင်ငံရေး ရည်မှန်းချက်တူတယ်၊ ခါတိုင်းလိုပဲ နောက်ဆက်လုပ်စရာရှိတာတွေ ဆက်လုပ်မယ်ဆိုတဲ့ဟာကို အားလုံးသိစေချင်လို့ ထုတ်တာပါ။ သူတို့အရင်တုန်းက ၄၃၆ တုန်းက၊ ပုဒ်မ ၄၃၆ တင်တုန်းကလည်း သူတို့နဲ့ ပေါင်းလုပ်ကြတာကိုး။ ဆိုတော့ သူတို့လည်း ဒီနေရာမျိုးမှာ ဒီမိုကရေစီလိုလားတဲ့ ပါတီအဖွဲ့အစည်းမှန်သမျှ သူတို့ပံ့ပိုးကူညီမယ်ဆိုတော့ ကျနော်တို့လည်း သူတို့က ပံ့ပိုးကူညီမယ့် သဘောရှိပါတယ်။”

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ တိုင်းရင်းသားတွေ ပူးပေါင်းဆောင်ရွက်ကြမှာ ဖြစ်တယ်လို့လည်း ပူးတွဲကြေညာချက်ထဲ ထည့်သွင်းဖော်ပြပါတယ်။

“ဖယ်ဒရယ် ဒီမိုကရေစီ ပူးပေါင်းဆောင်ရွက်ရေးဆိုတာ အင်မတန်ကြီးမားတဲ့ ရည်မှန်းချက်လေ။ အဲဒါပေါ်ပေါက်ဖို့ ဆိုတာက တိုင်းရင်းသားတွေမှာ ၂ ပိုင်းရှိတယ်။ တပိုင်းက တိုင်းရင်းသား ပါတီတွေရှိတယ်၊ တပိုင်းက တိုင်းရင်းသား လက်နက်ကိုင်တွေရှိတယ်။ ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ဖို့ဆိုတာ အဲဒီတိုင်းရင်းသားတွေရော၊ လက်နက်ကိုင် တိုင်းရင်းသားတွေရော၊ ပါဝင်ပြီးတော့မှ ကျယ်ပြန့်တဲ့ နိုင်ငံရေးဆွေးနွေးမှု လုပ်ရမယ့်သဘော ရည်မှန်းချက်ကို ကျနော်တို့ ဖော်ပြလိုက်တာ။ အခုဟာက ပြောင်းလဲနေတဲ့ နိုင်ငံရေး မြေပုံပေါ့လေ။ လွန်ခဲ့တဲ့လနဲ့ အခုလနဲ့မတူဘူး။ အဓိကကတော့ ကျနော်တို့ လွှတ်တော်ကို လွှမ်းမိုးနေတယ်၊ အစိုးရကိုလည်း လွှမ်းမိုးနေတယ်။ USDP မှာ အကြီးအကျယ်ကို ပြောင်းလဲနေတယ်။ ပြောင်းလဲပုံ ပြောင်းလဲမှုက ဒီမိုကရေစီမဆန်ဘူး။ အင်နဲ့အားနဲ့သုံးပြီးတော့ ပြောင်းလဲတာဟာ အနာဂတ် ဒီမိုကရေစီလမ်းကြောင်း ဖော်ဆောင်ရေး၊ အနာဂတ် ဒီမိုကရေစီနိုင်ငံ ဖော်ဆောင်ရေးမှာတော့ ဒါဟာ မဖြစ်သင့်မဖြစ်ထိုက်တဲ့ အစဉ်အလာတခုလို့ ကျနော်တို့ ယူဆပါတယ်။ အဲဒါကို ပြည်သူလူထုက သဘောပေါက်ပြီးတော့ နောက်လာမယ့် ရွေးကောက်ပွဲမှာ အမှန်တကယ် ဒီမိုကရေစီကို လိုလားတဲ့ပါတီကို စဉ်းစဉ်းစားစားနဲ့ မဲပေးနိုင်ကြပါစေလို့ ကျနော်တိုက်တွန်းပါတယ်ခင်ဗျ။”

ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ အဓိက ဒီမိုကရေစီအင်အားစုတွေ အနိုင်ရရှိရေး အဓိက ရည်ရွယ်ပြီး အတိုက်အခံပါတီ NLD နဲ့ ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီက ပြောပါတယ်။

“ဖယ်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်ရေးအတွက်က ၂၀၁၅ ရွေးကောက်ပွဲကို ကျနော်တို့ မလွဲမရှောင်သာ ဖြတ်သန်းကြရမယ်။ ဖြတ်သန်းကြရမှာ ဖြစ်တဲ့အတွက် အဲဒီမှာ ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေ အနိုင်ရရှိရေးဟာ အရေးကြီးတယ်။ အဲဒီတော့ ဒီမိုကရေစီ အင်အားစုတွေ အနိုင်ရရှိရေးအတွက် NLD ရယ်၊ ၈၈ ရယ်၊ နောက်ပြီးတော့ တိုင်းရင်းသားတွေရယ် ပူးပေါင်းပြီးတော့ ဆောင်ရွက်ဖို့ အဓိကသဘောမျိုး စဉ်းစားတာပါ။ ကျနော်တို့က ဒီမိုကရေစီရရှိရေးထက် အရေးကြီးတာ ဘာမှမရှိဘူးလေ။ ကျနော်တို့ ဒီမိုကရေစီ ရရှိရေးသာလျှင် အရေးအကြီးဆုံးပဲ၊ အဲဒီတော့ ဒီမိုကရေစီ ရရှိရေးအတွက်ဆိုရင် ဒီမိုကရေစီ အင်အားစုတွေ ညီညွတ်ရေးက အရေးကြီးတယ်။ ဒီမိုကရေစီ အင်အားစုတွေရဲ့ ညီညွတ်မှု ရှိမှသာလျှင် ပြည်သူလူထုရဲ့ လိုက်ပါနိုင်စွမ်းကလည်း အားကောင်းမှာကိုး။ အဲဒီတော့ ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေ ညီညွတ်မှုကိုတော့ ဒါကျနော်တို့ အမြဲတန်း ပြနေရမယ်။ နောက်ပြီး လက်တွေ့မှာလည်း လုပ်ဆောင်နေကြရမှာပဲ။”

၈၈ မျိုးဆက်ကျောင်းသားတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တို့ဟာ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေး အပါအဝင် ရွေးကောက်ပွဲကျင်းပချိန်နဲ့ အနာဂတ်မှာ တိုင်းပြည်တည်ငြိမ်အေးချမ်းစွာ ပြုပြင်ပြောင်းလဲနိုင်ဖို့ တူညီတဲ့ နိုင်ငံရေး ရည်မှန်းချက်ရှိသူ ဒီမိုကရေစီအင်အားစုတွေနဲ့အတူ မဲဆန္ဒရှင်ပြည်သူလူထုကလည်း ပူးပေါင်းဆောင်ရွက်ကြဖို့ ပူးတွဲကြေညာချက်ထုတ်ပြန်ပြီး ပြည်သူလူထု ကို မေတ္တာရပ်ခံထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG