သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ နဲ့ NLD နိုင်ငံရေး အကြပ်အတည်းဆွေးနွေး


၈၈ ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေ တွေ့ဆုံဆွေးနွေးကြစဉ်။ (မေ ၂၃၊ ၂၀၁၅)
၈၈ ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေ တွေ့ဆုံဆွေးနွေးကြစဉ်။ (မေ ၂၃၊ ၂၀၁၅)

ရွေးကောက်ပွဲကိစ္စအပါအဝင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့မြန်မာနိုင်ငံ လက်ရှိရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကြပ်အတည်းတွေကို ကျော်လွှားနိုင်ဖို့ ဘယ်လို ပူးပေါင်းဆောင်ရွက်သွားမလဲဆိုတဲ့ နည်းလမ်းတွေကို NLD ပါတီခေါင်းဆောင်တွေနဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေကြား NLD ပါတီရုံးချုပ်မှာ ဒီကနေ့ဆွေးနွေးခဲ့ပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြပေးထားပါတယ်။

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေနဲ့ ၈၈ မျိုးဆက်(ငြိမ်းချမ်း/ပွင့်လင်း)အဖွဲ့တို့ ဒီကနေ့ မနက်ပိုင်းက ရန်ကုန် ရွှေဂုံတိုင် NLD ပါတီရုံးချုပ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ NLD နဲ့ ၈၈ တို့ ဒီလိုတွေ့ဆုံမှုဟာ ၅ ကြိမ်မြောက်ဖြစ်ပြီး အဖွဲ့အစည်းနှစ်ခုကြား ဘယ်လိုပူးပေါင်း ဆောင်ရွက်သွားမလဲ ဆိုတာတွေကို ဆွေးနွေဖြစ်တယ်လို့ NLD ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းက VOA ကိုပြောပါတယ်။

“ကျနော်တို့တွေ့ဆုံကြတာကတော့ လက်ရှိနိုင်ငံရေးအခြေအနေ၊ နှစ်-နိုင်ငံရေးအခြေအနေ၊ …ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှု ဘာတွေ လုပ်နိုင်မလဲ- အဲဒါလေးကို ဆွေးနွေးတယ်။ ရွေးကောက်ပွဲကိစ္စပါမယ်၊ ဒီမိုကရေစီပြောင်းလဲရေးပါမယ်။ ဖွံ့ဖြိုးတိုးတက်ရေးပါမယ်။ ငြိမ်းချမ်းရေးပါမယ်။”

ဒီစနေနေ့တွေ့ဆုံပွဲမှာ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာအောင် ညင်သာတဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုကို ဘယ်လို ဖေါ်ဆောင်ကြမလဲ ဆိုတာ အဓိက ဆွေးနွေးဖြစ်တယ်လို့ ၈၈ မျိုးဆက်ခေါင်းဆောင် တဦးဖြစ်သူ ကိုမြအေးက ပြောပါတယ်။

“မဟာဗျူဟာအနေနဲ့ အဓိက ထုတ်ပြောရရင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေနဲ့ မြန်မာနိုင်ငံ အပြောင်း အလဲ ကိစ္စတွေမှာ ကျနော်တို့ နီးနီးကပ်ကပ် ပူးတွဲလုပ်ကိုင် ဆောင်ရွက်သွားကြဖို့ဆိုတဲ့ အစီအမံလေးတခုကို ကျနော်တို့ ချဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ငြင်ငြင်သာသာနဲ့ကူးပြောင်းနိုင်အောင် ကျနော်တို့လိုချင်တဲ့ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ရောက်အောင် ဘယ်လိုသွားကြမလဲဆိုတဲ့ဟာကို တူညီတဲ့ဘုံရည်မှန်းချက်အပေါ်မှာတွဲလုပ်ဖို့ကိုပဲ ကျနော်တို့ သွားကြတာပါ။ ဒီနေရာမှာ စောစောကပြောသလို ရွေးကောက်ပွဲဝင်မယ်တို့၊ လွှတ်တော်ကိုယ်စားလှယ် ဗော်လန်တီယာတို့၊ အပေးအယူတို့ အဲဒါတွေတော့ မရှိဘူးဗျ။”

မြန်မာ့နိုင်ငံရေးမှာ ဖြေရှင်းဖို့ ကျန်နေသေးတဲ့ ပြဿနာတွေ အများကြီးရှိပြီး ပြဿနာအားလုံး ပြေလည်နိုင်ဖို့ တိုင်းရင်းသားပါတီတွေနဲ့ရော အခြားနိုင်ငံရေး အင်အားစုတွေနဲ့ပါ လက်တွဲဆောင်ရွက်သွားမယ်လို့ ၈၈ မျိုးဆက် ကိုမြအေးက ပြောပါတယ်။

“ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဘာမှ ပြဿနာမရှိဘူး။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့လည်း Nationwide Ceasefire လက်မှတ်ထိုးမယ့်အခြေအနေကို မရောက်သေးဘူး။ ဒါ တိုင်းပြည်ရဲ့ ပကတိအခြေအနေ၊ အခြားအခြားသော ကျောင်းသား၊ အလုပ်သမား အစရှိသဖြင့် အခြေခံအခွင့်အရေးပြဿနာတွေလည်း ဘာမှ မရသေးဘူး။ အဲဒီတော့ မြန်မာနိုင်ငံဟာ အသွင်ကူးပြောင်းရေး ကာလထဲကို ရောက်တယ်လို့ မဆိုနိုင်ဘူးဆိုတာ ထင်ထင်ရှားရှားမြင်ရတယ်။ အဲဒီတော့ အဲဒီအခြေအနေကရုန်းထွက်ဖို့ ဆိုလို့ရှိရင် ကျနော်တို့အနေနဲ့က တိုင်းရင်းသားတွေနဲ့ကော၊ NLD နဲ့ကော နှစ်ဘက်လုံး ကျနော်တို့ လက်တွဲသွားမှာပဲ။ အဲဒီလိုပဲ NLD နဲ့တိုင်းရင်းသားအကြားမှာ ကွာဟချက်တွေ ကျဉ်းမြောင်းသွားအောင် အတတ်နိုင်ဆုံးဆောင်ရွက်မယ်လို့တော့ ကျနော်တို့ စိတ်ကူးထားတယ်ဗျ။”

၈၈ မျိုးဆက် (ငြိမ်းချမ်း/ပွင့်လင်း) အဖွဲ့ဟာ အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာတော့ နိုင်ငံရေးပါတီအဖြစ် ထူထောင်ဖို့ မရှိသေးပေမယ့် ၂၀၁၅ အလွန်မှာတော့ ပါတီတရပ်အသွင်နဲ့ရပ်တည်ဖို့ ဖြစ်ကောင်း ဖြစ်လာနိုင်တယ်လို့ ကိုမြအေးက သုံးသပ်ပြောဆိုပါတယ်။

“ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှ လောလောဆယ် ကျနော်တို့မှာ နိုင်ငံရေးပါတီထောင်ဖို့အတွက် ရည်ရွယ်တာ လုံးဝမရှိပါဘူး။ အရင်တုန်းက ထွက်ခဲ့တဲ့အသံတွေကလည်း တခုမှ မဟုတ်ပါဘူးဗျ။ ဘေးက ထင်ကြေးပေးတဲ့ကိစ္စရပ်တွေပါ။ ဒါပေမယ့် ရွေးကောက်ပွဲ အလွန်ကာလမှာတော့ တိုင်းပြည်က တောင်းဆိုလာခဲ့မယ်ဆိုရင်တော့ အခြေအနေတမျိုးတဖုံလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်လည်း ၈၈ ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက အကုန်လုံးတော့ ဖြစ်နိုင်လိမ့်မယ်လို့ မထင်ဘူးဗျ။ ဘာလို့လဲဆိုတော့ အယူအဆကိုယ်စီကိုယ်စီ မတူညီမှုတွေများစွာကို စုစည်းထားတဲ့အဖွဲ့အစည်းဖြစ်လို့ပါ။”

ရွှေဂုံတိုင်မှာ ဒီကနေ့ ဆွေးနွေးဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ မေလ ၂၇ ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်သွားမှာဖြစ်ပြီး မေ ၂၇ မနက် ၁၁ နာရီ ဗဟန်း NLD ပါတီရုံးချုပ်မှာ သတင်းစာရှင်းလင်းပွဲ လုပ်သွားမယ်လို့ သိရပါတယ်။

XS
SM
MD
LG