သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေး ၈၈ နဲ့ NLD လူထုလှုပ်ရှားမှု ကော်မတီဖွဲ့


၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်တွေ ဆွေးနွေး (ဧပြီ ၂၁၊ ၂၀၁၄)။ သတင်းဓာတ်ပုံ- ၈၈ပွင့်လင်း၊ငြိမ်းချမ်းရေး FB
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်တွေ ဆွေးနွေး (ဧပြီ ၂၁၊ ၂၀၁၄)။ သတင်းဓာတ်ပုံ- ၈၈ပွင့်လင်း၊ငြိမ်းချမ်းရေး FB
ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရေး လူထု လှုပ်ရှားမှု ပူးပေါင်း ကော်မတီ တရပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ၈၈ မျိုးဆက် တို့ ဒီကနေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ကို လွှတ်တော်မှာ ပြင်ဆင်နိုင်ရေး အတွက် ပြည်သူလူထုရဲ့ အားကို အခြေပြုမယ့် လှုပ်ရှားမှုလည်း ဖြစ်ပါတယ်။ လူထုကို အခြေပြုတဲ့ ဒီလှုပ်ရှားမှုက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ စစ်တပ် ကြီးစိုးထားတဲ့ လွှတ်တော်ကို ဘယ်လောက် သက်ရောက်မှု ရှိနိုင်ပါသလဲ ဆိုတာကိုတော့ မသိင်္ဂ ီထိုက်က စုစည်းတင်ပြ ထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)တို့ အစည်းအဝေးပြုလုပ်။ (မေလ ၄ရက်၊ ၂၀၁၄) သတင်းဓာတ်ပုံ- ၈၈မျိုးဆက် ငြိမ်းချမ်းပွင့်လင်း FB
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)တို့ အစည်းအဝေးပြုလုပ်။ (မေလ ၄ရက်၊ ၂၀၁၄) သတင်းဓာတ်ပုံ- ၈၈မျိုးဆက် ငြိမ်းချမ်းပွင့်လင်း FB
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ဒီကနေ့ ဖွဲ့စည်းလိုက်တဲ့ ပူးပေါင်း ကော်မတီက လုပ်ဆောင်မယ့် အချက်ကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရေး လူထု စည်းရုံးလှုပ်ရှားမှု ဖြစ်ပါတယ်။ ဒီကော်မတီကို ဘယ်လို ဖွဲ့စည်းလိုက်သလဲ ဆိုတာကိုတော့ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်သူ ကိုဂျင်မီက အခုလို ပြောပါတယ်။

" ဒီနေ့ကတော့ ကျနော်တို့ ပူးပေါင်းကော်မတီ ဖွဲ့တာပေါ့။ မနက်ဖြန်မှာတော့ ကျနော်တို့ စတိတ်မန့် ထုတ်ပြန်ဖြစ်ပါမယ်ခင်ဗျာ။ ပူးပေါင်းကော်မတီမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပူးပေါင်း ဗဟိုကော်မတီမှာ အမျိုးသားဒီမိုကရေစီက ငါးယောက်၊ နောက် ကျနော်တို့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့အစည်းက ငါးယောက်ပေါ့။ ရန်ကုန်-မန္တလေး နယ်စုံ ဟောပြောပွဲဆိုင်ရာ ဆပ်ကော်မတီတို့ ကျနော်တို့အဲ့ဒီ့မှာ ဖွဲ့တယ်။ အဲ့ဒီ့မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ငါးယောက်၊ ကျနော်တို့ဆီက သုံးယောက်၊ သုံးယောက်မှာတော့ ကိုပြံးချို၊၊ မမီးမီး၊ ကိုစိုးထွန်း ပါမယ်။ နောက် မန္တလေးကျင်းပရေး ဆပ်ကော်မတီမှာတော့ ကျနော်တို့ဆီက ကိုမြအေး၊ မနီလာသိန်း၊ မယုယုလှိုင် တို့ပါပါမယ်။ အဓိကကတော့ ကျနော်တို့ ၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ ဟောပြောပွဲတွေ စပြီးတော လုပ်ပြီပေါ့နော်။"

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်ချင်ရင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီး နောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်၊ တချို့ ပြဋ္ဌာန်းချက်တွေကိုတော့ လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်ရဲ့ ထောက်ခံမှုနဲ့ ပြင်ဆင်ရမည်လို့ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ မှာ ပြဋ္ဌာန်းထားတာပါ။ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရေး ပြည်သူလူထု ရဲ့ထောက်ခံမှုကို စုစည်းပြီး လွှတ်တော် ထဲရောက်ဖို့ ကြိုးစားတာ ဖြစ်တယ် လို့ ကိုဂျင်မီက ပြောပါတယ်။

"ရည်ရွယ်ချက်က အဲ့တာပဲလေ။ ရည်ရွယ်ချက်က အဲ့တာပဲ။ ကျနော်တို့က အဓိက ကျနော်တို့ ပြောပါတယ်။ ပြင်ရမှာ လွှတ်တော်က အဓိက ပြင်ရမှာပေါ့။ လွှတ်တော်က ဘာနဲ့ဖွဲ့စည်းထားလဲ ဆိုတော့ ပြည်သူက ရွေးချယ် တင်မြှောက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာဗျ။ အဲ့တော့ "လွှတ်တော်ဆန္ဒ- ပြည်သူ့ဆန္ဒ၊ လွှတ်တော်အသံ- ပြည်သူ့ အသံ" လို့ ပြောတာကိုး၊ အဲ့တော့ ဒီကနေ့ ပြည်သူ့ဆန္ဒကို ဘယ်လို လွှတ်တော်ဆန္ဒဖြစ်အောင် ကျနော်တို့ လုပ်ကြမလဲ၊ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ချင်းစီဟာ ပြည်သူ့ရဲ့ဆန္ဒကို ဘယ်လောက် အကောင် အထည်ဖော်ပေးနိုင်မလဲဆိုတာ မကြာခင် ကျနော်တို့ တွေ့ကြရမှာပေါ့နော်။

တလက်စတည်းမှာပဲ လွှတ်တော်မှာ Body နှစ်ခု ရှိတာကိုး။ Elected body ရယ် Appointed Body နှစ်ခုရှိတာပေါ့။ Elected Body ဆိုတာ ဟာ ပြည်သူက ရွေးချယ် တင်မြှောက်ထားတဲ့၊ ရွေးချယ် တင်မြှောက်ခံ ထားရတဲ့ ကိုယ်စားလှယ်များ အစုက ခန့်အပ်ခံထားရတဲ့ ကိုယ်စားလှယ်များလောက်မှ သြဇာအာဏာ မရှိဘူးဆိုရင် အဲ့ဒီ့လွှတ်တော်က အဓိပ္ပါယ်မရှိဘူး။ ၄၃၆ရဲ့ အဓိပ္ပါယ်က အဲ့တာ။ ၄၃၆ ကိုပြင်ပြီဆိုတာနဲ့ လူထုက ရွေးချယ် တင်မြှောက် ထားတဲ့ ကိုယ်စားလှယ်တွေရဲ့ လုပ်ပိုင်ခွင့် အာဏာ မြင့်မားရေးပေါ့ အဲ့တာကို ဦးတည်သွားမှာဖြစ်တဲ့အတွက် လူထုရော၊ လွှတ်တော်ကိုယ်စားလှယ်တွေရော ပါဝင်လာအောင် ကျနော်တို့က ကြိူးစားသွားမှာဖြစ်တယ်။ "

လက်ရှိ အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော်မှာ က ပြည်သူတွေ ရွေးကောက်တာ မဟုတ်ဘဲ ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက် ခန့်အပ်တဲ့ စစ်သား လွှတ်တော်အမတ်က ၂၅ ရာခိုင်နှုန်း ရှိပါတယ်။ နောက် ပြည်သူလူထု ရွေးကောက်ရတဲ့ အရပ်သား လွှတ်တော် အမတ်တွေထဲမှာ ဆိုရင်လည်း အရင် စစ်အစိုးရ ကျောထောက်နောက် ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပါတီက အင်အား အများဆုံး ဖြစ်နေတာပါ။

တခါ လက်ရှိ သမ္မတ ဦးသိန်းစိန်ကလည်း အခြေခံ ဥပဒေတွေ ကို ပြင်ဆင်တဲ့ နေရာမှာ လက်ရှိ ပြဌာန်းထားတဲ့ ဥပဒေဘောင် ထဲကနေ ပြင်ဆင်ဖို့လည်း သူ့ရဲ့ ရေဒီယို မိန့်ခွန်းမှာ ထည့်ပြောထားတာပါ။ ဒီလို အခြေအနေမျိုးမှာ လူထုရဲ့ ထောက်ခံမှု အား အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ မျှော်လင့်ချက်က ဘယ်လောက် ရှိနေပါသလဲ။ လွှတ်တော် အမတ် တဦး ဖြစ်သူ ဦးဖေသန်းကတော့ အခုလို ထောက်ပြပါတယ်။

" ပုဒ်မ ၄၃၆ ဆိုတာက ကျနော်တို့က ဘယ်လိုပြင်မလဲ၊ ၄၃၆ကို ပြင်မယ် ဆိုတာက ပုဒ်မ ၄၃၆နဲ့ပဲ ပြန်ပြင်ရမယ်။ ဆိုတော့ ဒါက ကျနော်တို့ လွှတ်တော်မှာက ဥပဒေပြင်ဆင်ရေး ၃၁ဦးနဲ့ဖွဲ့စည်းပြီးသား ဖြစ်ပါတယ်။ ဒီတော့ လွှတ်တော်ကိုယ်စားလှယ်တိုင်းကလဲ ဒါကို လွှတ်တော်ထဲမှာ တင်ပြလာတဲ့ အခါမှ အတည်ပြုတာ၊ ထောက်ခံတာ၊ အဲ့လောက်ပဲ လုပ်နိုင်မယ့် သဘောရှိပါတယ်။ အဲ့တာကြောင့် ဒါဟာ ပြောရမယ်ဆိုရင် ဘယ်လောက်ပဲ ကော်မတီဖွဲ့ဖွဲ့ လွှတ်တော်ရဲ့ အဆုံးအဖြတ် တနည်းအားဖြင့် လွှတ်တော်ရဲ့ အဆုံးအဖြတ်ဆိုတာ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ အဆုံးအဖြတ် ပဲ ဖြစ်ပါတယ်။ အဲ့တာကြောင့် သူတို့ တပ်မတော်နဲ့ပြည်ခိုင်ဖြိုးပါတီ မပါသမျှတော့ ဘယ်ပုဒ်မကိုဖြစ်ဖြစ် ပြင်လို့မရဘူး။ "

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲတွေ ကို ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ ပြုလုပ်သွားဖို့ ရှိနေပါတယ်။
XS
SM
MD
LG