သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD တရားဝင်ကြောင်း ဥပဒေအရ ကြိုးပမ်း


NLD တရားဝင်ကြောင်း ဥပဒေအရ ကြိုးပမ်း
NLD တရားဝင်ကြောင်း ဥပဒေအရ ကြိုးပမ်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေနဲ့ တရားဝင် နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ရှိနေကြောင်းနဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော်အမတ်တွေအတွက် လွှတ်တော်ခေါ်ပေးရေး လျှောက်ထားတဲ့ အမှုကို ဒီကနေ့ နေပြည်တော် တရားရုံးချုပ်မှာ ကြားနာခဲ့ပါတယ်။ တရားဥပဒေ စိုးမိုးမှု မရှိဘူးလို့ ပြောဆို ဝေဖန်ခံနေရတဲ့ စစ်အစိုးရ လက်အောက်မှာ NLD အနေနဲ့ အခုလို ဥပဒေလမ်းကြောင်းက ရင်ဆိုင်ဖြေရှင်းတာဟာ လက်ရှိ အာဏာပိုင်တွေက တရားဥပဒေကို မလိုက်နာလို့ လိုက်နာအောင် ကြိုးစားရတာ ဖြစ်တယ်လို့ ဒီအမှုကို လိုက်ပါဆောင်ရွက်နေတဲ့ အကျိုးဆောင် ရှေ့နေတွေက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

NLD အနေနဲ့ တရားဝင် နိုင်ငံရေးပါတီ အဖြစ်နဲ့ ဆက်လက် တည်ရှိနေကြောင်းနဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော်အမတ်တွေ အတွက် လွှတ်တော်ခေါ်ပေးရေး ဆိုပြီး အမှု ၂ ခုအတွက် လျှောက်လဲချက် တင်ထားပေမဲ့ ဒီအမှု ၂ ခုစလုံးကို NLD က တပါတည်း ပေါင်းပြီးမှ တင်တာဖြစ်ပါတယ်။

ဒီကနေ့ နေပြည်တော် တရားရုံးချုပ်မှာ ကြားနာခဲ့တာကတော့ ဒီအမှုကို တရားရုံးချုပ်က လက်ခံပြီး ကြားနာမယ်၊ မကြားနာဘူး ဆိုတာပဲဖြစ်ပြီး အခုချိန်ထိတော့ တရားရုံးချုပ်က ဆုံးဖြတ်ချက် မချသေးဘူးလို့ ကြားနာမှုအပြီး တရားရုံးအပြင်ကို ထွက်လာခါစမှာပဲ အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“အမိန့်မထွက်သေးပါဘူး အခုချိန်ထိတော့။”

ဒီနေ့ထွက်မှာလား၊ အန်ကယ်တို့ စောင့်နေတာလား။

“အဲဒါ မပြောနိုင်ဘူး၊ မစောင့်တော့ဘူး။ စောင့်ဖို့မှ မပြောဘဲ။”

အန်ကယ်တို့ အခုတင်တာ ကျနော်တို့ကြားတာက အကြောင်းအရာ ၂ ခုကြောင့် တင်တယ်လို့ ကြားပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော်အမတ်တွေ ပါလီမန် ခေါ်ယူရေးနဲ့ NLD တရားဝင် ရပ်တည်ပိုင်ခွင့် ကိစ္စ။

“ဟုတ်ပါတယ်၊ မှန်ပါတယ်။”

၂ ခုစလုံးကို သူတို့က တပြိုင်တည်း ကြားနာတာပေါ့။

“ဒီလိုပြောလို့ မရဘူးလေ။ တင်တဲ့အမှုကို ကြားနာတာ။ ဒီ ၂ ခုစလုံးကိုလည်း လက်ခံရေး၊ မခံရေးမှာ ဘယ်ဟာကို အဆုံးအဖြတ် ပေးမယ်ဆိုတာ ကျနော်တို့ မသိပါဘူး။”

သွားနေတာတော့ အမှုက တပြိုင်တည်းပေါ့။

“အတူတူပါပဲ၊ တမှုတည်းပါ။”

အကြောင်းအရာ ၂ ခုဖြစ်ပေမဲ့ အမှုက တမှုတည်း။

“ဟုတ်ပါတယ်။”

လွှတ်တော်ခေါ်ယူရေးက အခုကျင်းပလိုက်တဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုတဲ့ သဘောမျိုး ဖြစ်သွားတာပေါ့။

“ကျနော်တို့က အရင်တင်တာ၊ ရွေးကောက်ပွဲက နောက်ကျတယ်။”

ဒီအစိုးရ လက်အောက်မှာ NLD ရပ်တည်ရေးတို့၊ လွှတ်တော်ခေါ်ယူရေးတို့ ဥပဒေလမ်းကြောင်းအရ ရင်ဆိုင်တာက ဖြစ်နိုင်ပါ့မလား။

“လက်ရှိအစိုးရက တရားဥပဒေကို မလိုက်နာလို့ လိုက်နာအောင် ကြိုးစားရတာပါ။ သူတို့က လိုက်နာတဲ့ အစိုးရဆို ကျနော်တို့ ဘာမှတောင် လုပ်စရာမလိုဘူး။”

အန်ကယ်တို့က ဒါကို အမှုနိုင်တယ်ဆိုရင် လွှတ်တော် ခေါ်စေချင်တယ်ပေါ့။

“ဟုတ်ပါတယ်။”

ဟုတ်ကဲ့ အန်ကယ်၊ နည်းနည်းလေး ရှင်းပြပါ၊ တကယ်လို့သာ ဒီအမှု ကြားနာပြီဆိုရင် ဘယ်လိုဖြစ်မလဲ။

“ကြားနာပြီးရင် ကျနော်တို့က ဒါ ပထမအဆင့်ပဲ ရှိသေးတယ်။ လက်ခံတယ်၊ မခံဘူး၊ လက်ခံခဲ့လို့ရှိရင် ကျနော်တို့က ခုန အချက် ၂ ချက်ကို ကျယ်ကျယ်ပြန့်ပြန့် တင်ရမှာပေါ့။ အခုဟာတော့ လက်ခံရေးအတွက်ပဲ။ လက်ခံထိုက်တယ် ဆိုတာကိုပဲ ဦးတည်ပြီး ပြောတာ။

“ထူးထူးခြားခြား သက်သေ မထွက်ဘူးဗျ။ ကျနော်တို့က အခု ဒီနေ့ ကြားနာတဲ့ပွဲကို လက်ခံရေး၊ မခံရေး လျှောက်လဲချက်ပေါ့။ ကျနော်တို့က ဒါမလုပ်နိုင်ဘူးလို့ ကန့်ကွက်တာ။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ မူလမှု။ မူလမှုကို ကိုင်တွယ်တဲ့ နေရာမှာ လက်ခံရေး၊ မခံရေးဆိုတာ မရှိဘူး။ တင်လိုက်တဲ့ အချက်အလက်တွေ မှန်၊ မမှန်ကိုသာ စိစစ် သုံးသပ်ဖို့။”

ဒီကနေ့ မနက်ပိုင်း နေပြည်တော် တရားရုံးချုပ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျမ်းကျိန်လွှာနဲ့ တခြား ကန့်ကွက်လွှာတွေ တင်ခဲ့တဲ့ အခြေအနေကိုတော့ တခြား အကျိုးဆောင်ရှေ့နေ တဦးဖြစ်တဲ့ ဦးကျော်ဟိုးက အခုလို ရှင်းပြပါတယ်။

“ကျနော်တို့ ၁၀ နာရီလောက်မှာ စပြီးတော့ လျှောက်လဲချက်ပေးဖို့ ချိန်းထားတာကိုး။ ၁၀ နာရီကျတော့ အန်ကယ် ဦးကြည်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျမ်းကျိန်လွှာကို တင်တယ်။ ပြီးတော့ ကန့်ကွက်လွှာတစောင် တင်တယ်။ ကန့်ကွက်လွှာ တင်တယ် ဆိုတာကလည်း လက်ခံသင့်၊ မသင့် လျှောက်လဲချက် ကြားနာမယ်အဆင့် မဟုတ်ဘူး။ ကျနော်တို့တင်တဲ့ အမှုက တရားရုံးချုပ်ရဲ့ မူလ စီရင်ပိုင်ခွင့်အရ တင်တဲ့ လျှောက်လွှာ။ ဒါနဲ့ပတ်သက်ပြီးတော့ အရင် ဆုံးဖြတ်ပြီးမှ လျှောက်လဲချက် ပေးဖို့ ပြောတာပေါ့လေ။

“ပြောတဲ့အခါကျတော့ တရားမ ညွှန်ကြားရေးမှူးကနေ လျှောက်လဲချက် ပေးစရာရှိတာ ပေးပါတဲ့။ ကျနော်တို့ဘက်က တင်ထားတဲ့ ကန့်ကွက်လွှာကိုတော့ သူတို့က မှတ်တမ်းတင်ထားပါတယ်တဲ့။ အန်ကယ် ဦးကြည်ဝင်းကလည်း လျှောက်လဲချက်ကို ဆက်ပြီး ပေးခဲ့တယ်ပေါ့လေ။ ခန့်မှန်းခြေတော့ ၄၅ မိနစ်လောက် ရှိတယ်။”

ဒီကနေ့ နေပြည်တော် တရားရုံးချုပ်မှာ လျှောက်လဲချက်တွေ တင်ခဲ့တဲ့ အခြေအနေတွေကို အကျိုးဆောင် ရှေ့နေကြီး ဦးကျော်ဟိုးက ပြောပြခဲ့တာ ဖြစ်ပါတယ်။

ပထမ ရွေးကောက်ပွဲဖြစ်တဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည် မဖော်နိုင်ခင် စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်လာတဲ့အတွက် Cause of Action လို့ခေါ်တဲ့ အမှုရင်ဆိုင်စရာ အကြောင်း ပေါ်လာတာကြောင့် အခုလို တရားရုံးချုပ်မှာ လျှောက်လဲချက် တင်ခဲ့တာ ဖြစ်တဲ့အကြောင်း အကျိုးဆောင် ရှေ့နေတွေက ဒီအမှုနဲ့ ပတ်သက်လို့ အစောပိုင်းမှာ ရှင်းပြခဲ့ဖူးပါတယ်။

NLD ပါတီ အနေနဲ့ကတော့ သူတို့ပါတီ တရားဝင် ရပ်တည်ပိုင်ခွင့်နဲ့ ပတ်သက်လို့ အခု ရွေးကောက်ပွဲမှာ NLD မပါဝင်ဖို့ ဆုံးဖြတ်ရုံနဲ့ ပါတီအဖြစ် ရပ်တည်ပိုင်ခွင့် မဆုံးရှုံးသင့်ဘူး၊ အရင် ရွေးကောက်ပွဲ ကော်မရှင်မှာလည်း မှတ်ပုံတင်ထားပြီး ဖြစ်တယ်လို့ ဖြေရှင်းချက် ထုတ်ထားပြီး ဖြစ်ပါတယ်။

XS
SM
MD
LG