သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ရဲ့ နိုင်ငံရေးအမြင် ရပ်တည်ချက် သြစတြေးလျ မေးမြန်း


မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေအရ ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့ကစလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို နိုင်ငံရေးပါတီအဖြစ် အသိအမှတ် မပြုတော့ပေမဲ့ နိုင်ငံတကာ သံတမန်တွေ NLD ခေါင်းဆောင်တွေကို ချဉ်းကပ် တွေ့ဆုံနေဆဲ ဖြစ်ပါတယ်။ မနေ့ကလည်း ဩစတြေးလျ အစိုးရ အရာရှိတချို့ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်တချို့နဲ့တွေ့ဆုံပြီး စစ်အစိုးရရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ NLD ရဲ့ သဘောထားနဲ့အတူ ရှေ့ဆက် ရပ်တည်ချက် ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ ဒီတွေ့ဆုံမှုအကြောင်း သိရအောင် NLD ကို ဆက်သွယ် မေးမြန်းထားတဲ့ နော်ရှိုးက တင်ပြပေးထားပါတယ်။

မနေ့ တနင်္လာနေ့ မနက် ၁၀ နာရီလောက်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းတို့ဟာ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျ သံအမတ်ကြီး၊ ဒု-သံအမတ်ကြီးနဲ့အတူ ဩစတြေးလျ အစိုးရရဲ့ အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူးတို့နဲ့ ဦးတင်ဦးရဲ့ နေအိမ်မှာ တွေ့ဆုံခဲ့တာပါ။ ၁ နာရီကျော်လောက် ကြာတဲ့ ဒီတွေ့ဆုံမှုမှာ ဩစတြေးလျဘက်က အဓိကထား ဆွေးနွေး မေးမြန်းခဲ့တာကတော့ NLD ရဲ့ ရှေ့ဆက် ရပ်တည်ချက်နဲ့ စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် ထားရှိတဲ့ သဘောထား ဖြစ်တယ်လို့ NLD ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောပါတယ်။

“အထူးသဖြင့်တော့ အဖွဲ့ချုပ်ရဲ့ ရပ်တည်မှု၊ အဖွဲ့ချုပ်ရဲ့ ရှေ့ဆက် ခရီးရယ်၊ နောက် ရွေးကောက်ပွဲဆိုင်ရာ အပေါ်မှာ သဘောထားရယ်၊ ဒါတွေကို ပြောဖြစ်ကြပါတယ်။”

အဲဒီလိုမေးခွန်းတွေကို အန်ကယ်တို့ဘက်က ဘယ်လို ဖြေကြားခဲ့ပါသလဲ။

“အန်ကယ် ဦးတင်ဦး ဖြေပါတယ်။ အဓိကကတော့ အခု အားလုံးသိတဲ့အတိုင်းပဲ NLD က ဥပဒေအရ မေလ ၆ ရက်နေ့က စပြီးတော့ ဥပဒေသဘော အရတော့ မရှိတော့ဘူး။ သို့သော် NLD အဖွဲ့ချုပ် အနေနဲ့ကတော့ ဥပဒေအရ ရပ်တည်ပိုင်ခွင့် ရှိတယ်လို့ ခံယူထားတယ်။ ဒီလို ခံယူချက်နဲ့ အညီလည်း ကျနော်တို့ ရပ်တည် ဆောင်ရွက်တယ်။ အဖွဲ့ချုပ်ကို ရပ်စဲတယ်ဆိုတဲ့ ဥပဒေက မှန်ကန်မှု မရှိဘူး။ နောက် Sanction နဲ့ ပတ်သက်ပြီးတော့ မေးပါတယ်။ ကျနော်တို့ကတော့ Sanction ကတော့ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်ပဲ။ ကျနော်တို့ ဒီအပေါ်မှာတော့ ဘာမှ သိပ်ပြောစရာ မရှိဘူး။ အဲဒါတွေကို ကျနော်တို့ ပြောဖြစ်ကြပါတယ်။”

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ NLD အနေနဲ့ သဘောထား ဘယ်လိုရှိတယ်လို့ ဖြေကြားခဲ့ပါသလဲ။

“ဒီရွေးကောက်ပွဲက ဘယ်လိုမှ တရားမျှတမှု မရှိနိုင်ဘူးဆိုတဲ့ အချက်တွေကို ကျနော်တို့ ပြောပြတယ်။ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတဲ့ ပါတီများ ကိစ္စကိုလည်း မေးပါတယ်။ ကျနော်တို့ကတော့ ပြောပါတယ်၊ ရွေးကောက်ပွဲ ဝင်မယ်လို့ ဆုံးဖြတ်ပြီး ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေက ဒါ သူတို့ရဲ့ လုပ်ပိုင်ခွင့်၊ သူတို့ ဆောင်ရွက်တာ၊ သူတို့အပေါ်မှာ ကျနော်တို့ လောလောဆယ် မှတ်ချက်ပေးစရာ မရှိသေးဘူးဆိုတာ ပြောလိုက်ပါတယ်။”

ဆိုတော့ အခု NLD အနေနဲ့ပေါ့လေ၊ စစ်အစိုးရဘက်ကတော့ နိုင်ငံရေးပါတီ အနေနဲ့ အသိအမှတ် မပြုထားဘူး။ ဒါပေမဲ့ အန်ကယ်တို့ဘက်ကတော့ ဒါဟာ မတရားဘူးလို့တော့ ပြောထားတယ်။ အခုလိုမျိုး NLD ရဲ့ အခြေအနေမှာ နိုင်ငံခြားကနေပြီး သံတမန်တွေပဲ ဖြစ်ဖြစ်၊ ရံဖန်ရံခါဆိုသလို လာရောက်တွေ့ဆုံတာမျိုးတွေ ရှိတယ်ဆိုတော့ အန်ကယ်တို့ဘက်က အဲဒီလိုမျိုး အန်ကယ်တို့ကို လာရောက် ချဉ်းကပ်ပြီးတော့ တွေ့ဆုံတဲ့ အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

“ကျနော်တို့ သဘောထားကတော့ ကျနော်တို့တိုင်းပြည်ရဲ့ လက်ရှိ အခြေအနေက နိုင်ငံတကာက ဖြစ်ရိုးဖြစ်စဉ်နဲ့ မတူဘူး၊ အဲဒါကြောင့် သူတို့ ပိုပြီးတော့ စိတ်ဝင်စားမှု ရှိတယ်လို့ အန်ကယ်တို့ နားလည်တယ်။ ဒီတိုင်းပြည်မှာ ရွေးကောက်ပွဲ တခါလုပ်တယ်၊ အနိုင်ရတဲ့ဟာကို မေ့ပစ်လိုက်ပြီး နောက်တခါ ထပ်လုပ်တယ်။ နောက်တခါ ထပ်လုပ်တဲ့ နေရာမှာလည်း စည်းကမ်းတွေ အလွန်တင်းကျပ်စွာနဲ့ လုပ်တယ်။ ဒီလိုအခြေအနေမျိုးဟာ အတော် တွေ့ရခဲတဲ့ အခြေအနေလို့ နိုင်ငံခြားက ယူဆတယ်လို့ ကျနော်တို့ ထင်ပါတယ်။ ဒါကြောင့်လည်း သူတို့ လာရောက်ပြီး မေးမြန်း စုံစမ်းနေတယ်လို့ပဲ ကျနော် မှတ်ယူပါတယ်။”

ရွေးကောက်ပွဲက ဒီပုံစံအတိုင်း ဆက်သွားမယ်ဆိုရင် နိုင်ငံတကာဘက်က တကယ်ပဲ ထိထိမိမိ အရေးယူ ဆောင်ရွက်မှုတွေ ရှိလာနိုင်လိမ့်မယ်လို့ အန်ကယ်တို့ဘက်က ဘယ်လောက် အတိုင်းအတာအထိ ယုံကြည်စိတ်ချမှု ရှိပါသလဲ။

“နိုင်ငံတကာက မြန်မာနိုင်ငံ အရေးကို ထိထိရောက်ရောက် အရေးယူတယ်ဆိုတဲ့ စကားလုံးက သုံးဖို့ သိပ်မသင့်တော်ဘူးလို့ ထင်တယ်။ နိုင်ငံတကာက သူတို့ရဲ့ဆန္ဒကို သူတို့ ထုတ်ဖော်မယ်၊ သူတို့ ဆောင်ရွက်နိုင်တာတွေ ဆောင်ရွက်မယ်။ အရေးယူ ဆောင်ရွက်တယ်ဆိုတာ Take Action ဆိုတာမျိုးက ဒီလိုဆောင်ရွက်လို့ မရဘူး။ ကုလသမဂ္ဂကသာ ဆောင်ရွက်ရမယ်။

“အဲတော့ ကျနော်တို့ ဘာမျှော်မှန်းလဲ၊ သိတဲ့အတိုင်းပဲ ကုလသမဂ္ဂ ဆိုတာလည်း လုံခြုံရေးကောင်စီက အမြင့်ဆုံး၊ အမြင့်ဆုံးမှာကို ဗီတိုအမြဲတမ်း သုံးနေတဲ့ မိတ်ဆွေကြီးများ နှစ်နိုင်ငံက ရှိတယ်။ ဒီအခြေအနေတွေ အားလုံးကို ကျနော်တို့ သိပါတယ်။ ဒီလို အခက်အခဲ ကြားထဲကပဲ ကျနော်တို့ ရပ်တည် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။”

အန်ကယ်တို့ဆီမှာ လာတွေ့တဲ့အထဲမှာ အနောက်နိုင်ငံဘက်က ခေါင်းဆောင်တွေက ပိုများတယ်ဆိုတော့ ကျမတို့ အိမ်နီးနားချင်းပဲဖြစ်ဖြစ်၊ အရှေ့အာရှမှာ အင်အားကြီးတဲ့ တရုတ်တို့လို နိုင်ငံတွေက အရာရှိတွေ လာချဉ်းကပ်တာမျိုးရော ရှိပါသလား။

“ကျနော်တို့ ဒီလို ခွဲကြည့်လို့ ရပါတယ်။ ဒီမိုကရေစီကို ယုံကြည်တယ်၊ ဒီမိုကရေစီစနစ်လည်း ထွန်းကားနေတဲ့ နိုင်ငံတွေက လာတာ။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတယ်လို့ တချို့ ပြောပေမဲ့ မထွန်းကားသေးတဲ့ နေရာက လူတွေက သိပ်စိတ်မဝင်စားဘူးဗျ။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှုကို စစ်အစိုးရက အကြမ်းဖက် ဖြိုခွင်းပြီးနောက် သြစတြေးလျ အစိုးရဟာ မြန်မာစစ်အစိုးရကို ငွေကြေးဆိုင်ရာ ပိတ်ဆို့ ဒဏ်ခတ်မှုတွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာစစ်အစိုးရရဲ့ ထိပ်တန်း အရာရှိတွေကို ဩစတြေးလျနိုင်ငံ လာရောက်ခွင့် ပိတ်ပင်ထားသလို မြန်မာနိုင်ငံကို လက်နက်တင်ပို့ ရောင်းချမှု ပိတ်ပင်ထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

XS
SM
MD
LG