သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေး ပြဿနာ နိုင်ငံတကာအကူအညီနဲ့ ဖြေရှင်းဖို့ NLD တိုက်တွန်း


မြန်မာ့ရေတပ်မတော်က ကယ်တင်ထားတဲ့ လှေစီးပြေးဒုက္ခသည်များ။ (ဓာတ်ပုံ- MOI)
မြန်မာ့ရေတပ်မတော်က ကယ်တင်ထားတဲ့ လှေစီးပြေးဒုက္ခသည်များ။ (ဓာတ်ပုံ- MOI)

အရှေ့တောင်အာရှဒေသတွင်း ပင်လယ်ပြင်မှာ လှေစီးထွက်ပြေးနေသူတွေအရေး နိုင်ငံတကာအကူအညီနဲ့ အမြန်ဆုံးဖြေရှင်းဖို့ လိုအပ်တဲ့အကြောင်း အဓိက အတိုက်အခံ နိုင်ငံရေးပါတီကြီးတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကပြောပါတယ်။ လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ အကူအညီပေးဖို့၊ နိုင်ငံသားအဖြစ် စိစစ်တဲ့ လုပ်ငန်းတွေအရှိန်မြှင့်ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မအေးအေးမာ ကသတင်းပေးပို့ထားပါတယ်။

လှေစီးပြေးဒုက္ခသည်တွေနဲ့ပတ်သက်လို့ လူသားချင်းစာနာတဲ့အကူညီတွေပေးဖို့၊ နိုင်ငံတကာနဲ့ပူးပေါင်းဖြေရှင်းဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုက်တွန်းလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်ကတော့ လှေစီးပြေးဒုက္ခသည်တွေကို နိုင်ငံတကာနဲ့ ပူးပေါင်းပြီး လူသားချင်းစာနာတဲ့အထောက်အပံ့တွေ ပေးဖို့ အခုလို ပြောသွားပါတယ်။

“နိုင်ငံတကာကလည်း …၊ ပြည်တွင်းမှာရောက်လာရင်လည်း ကျနော်တို့ပြည်တွင်းမှာ မြန်မာပီပီ လူသားဆန်တဲ့အထောက်အပံ့အကူအညီမျိုးပေးဖို့တော့ ကျနော်တို့က အားပေးပါတယ်။ သဘောလည်းတူပါတယ်။ လှေတွေ ဆက်တိုက် ဆက်တိုက် တွေ့တဲ့ဥစ္စာက အရင်တုန်းက မဖြစ်ခဲ့ဖူးဘူးလေ။ အခုက တဖြည်းဖြည်းနဲ့ လက်ရဲဇက်ရဲနိုင်လာပြီလို့ ယူဆရတာပေါ့။ ကျနော်တို့ကတော့ ဘာမှ မစီစဉ်နိုင်ဘူးလေ။ ဘာလို့လဲဆိုတော့ အုပ်ချုပ်မှုယန္တရားလည်း ကျနော်တို့ပိုင်တာမဟုတ်ဘူး။ သက်ဆိုင်ရာဒေသမှာတော့ NLD တော့ရှိတယ်။ သို့သော်လည်း အဲဒီ NLD တွေကလည်း သက်ဆိုင်ရာနဲ့ဆက်သွယ်ပြီးတော့ စုံစမ်းမေးမြန်းခွင့် လုပ်ပေးလို့ မရနိုင်ဘူး၊ ဒါကြောင့်မို့လို့ နိုင်ငံတကာရယ်၊ ပြည်တွင်းသတင်းတွေရဲ့ ရယူမှုအပေါ်မူတည်ပြီး ကျနော်တို့က ပြောရတာပါ။”

လှေစီးပြေးဒုက္ခသည်တွေနဲ့ပတ်သက်လို့ ဒေသတွင်းက အစိုးရတွေ၊ ပြည်တွင်းအင်အားစုနဲ့ နိုင်ငံတကာအစိုးရတွေ ပူးပေါင်းဖြေရှင်းကြဖို့နဲ့ လှေစီးပြေးသူတွေဟာ ဘယ်နိုင်ငံသားတွေလဲဆိုတာ စိစစ်အတည်ပြုဖို့ကိုလည်း NLD က တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံသားအဖြစ် အသိအမှတ်ပြုတဲ့နေရာမှာ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရေးကိစ္စကိုတော့ လက်ခံမှာမဟုတ်ဘူးလို့လည်း ဦးဝင်းထိန်က ပြောပါတယ်။

“ကျနော်တို့အနေနဲ့က ရိုဟင်ဂျာ-ဆိုတဲ့အသုံးအနှုန်းကို သုံးဖို့ကတော့ မဖြစ်သင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် သမိုင်းကြောင်းအရဆိုလို့ရှိရင် သူတို့ဖာသာသူတို့ ဘယ်လိုပဲ ရေးထား၊ ရေးထား၊ ကျနော်တို့ မြန်မာနိုင်ငံလူမျိုးစုတွေရဲ့သမိုင်းမှာ ရိုဟင်ဂျာဆိုတာ ရှိမှ မရှိဘဲနဲ့။ တရားဝင် အသုံးအနှုန်းနဲ့ပတ်သက်လို့ ကျနော်တို့က အသိအမှတ်မပြုဘူး။”

ဒီကနေ့မှာပဲ မလေးရှားနိုင်ငံမှာရောက်နေတဲ့ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Anne Richard ကတော့ လှေစီးပြေးပြဿနာကို ဖြေရှင်းတဲ့ အနေနဲ့ နိုင်ငံသားအဖြစ် အသိအမှတ်ပြု လက်ခံဖို့ တိုက်တွန်းခဲ့တာပါ။ လက်ရှိမှာတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လှေစီးပြေး ဒုက္ခသည်တွေကိစ္စနဲ့ ရိုဟင်ဂျာအရေးတွေကို မပြောဆိုဘူးဆိုပြီး နိုင်ငံတကာက ဝေဖန်မှုတွေအပေါ်မှာလည်း ဦးဝင်းထိန်က အခုလို တုံ့ပြန်ပါတယ်။

“လူသားချင်းစာနာထောက်ထားတဲ့သဘောမျိုးနဲ့ ထုတ်ပြန်ခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်သဘောတူလို့ ထုတ်တဲ့ထုတ်ပြန်ချက်လေ။ ဒေါ်အောင်ဆန်း စုကြည်က အရင်တုန်းကလည်း ဒီ ဒုက္ခသည်တွေနဲ့ပတ်သက်လို့ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးနဲ့ တရားဥပဒေစိုးမိုးရေးကိစ္စတွေကို မကြာမကြာ ပြောလေ့ပြောထရှိတယ်။ ဒါပေမယ့် နိုင်ငံတကာ communities တွေက သိပ်မကြားဘူးလား၊ ဂရုမစိုက်တာလား၊ တခုခုတော့ တခုခုပဲ။ အဲလို လျစ်လျှူရှုသလား။ အခုလို ရှုထားပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည်က ဘာမှ မပြောဘူး၊ မပြောဘူးလို့ စွပ်စွဲတာတော့ တဘက်သတ် စွပ်စွဲတယ်လို့ ယူဆရမှာပေါ့။”

လှေစီးဒုက္ခသည်တွေရဲ့အရေးကိစ္စဟာ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသတွေမှာ လွန်ခဲ့တဲ့ သုံး၊လေးနှစ်ခန့်က ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ ရှုမြင်ကြောင်း - တရားဥပဒေစိုးမိုးရေး၊ နယ်စပ်လုံခြုံရေး၊ နယ်စပ်ဒေသနဲ့သက်ဆိုင်တဲ့ အာဏာပိုင်များ အဂတိလိုက်စားမှု ကင်းရှင်း ရေး၊ လူသားချင်းစာနာတဲ့ အကူအညီအထောက်အပံ့များ လိုအပ်သူများထံ လျင်မြန်ပြည့်ဝစွာ ရောက်ရှိစေရေး၊ ဒုက္ခသည်စခန်းတွင်း နေထိုင်သူများ အမြန်ဆုံး ပြန်လည်နေရာချထားရေး၊ ဒေသတွင်းနေထိုင်သူများရဲ့ လူမှုစီးပွားအခြေအနေ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိစ္စရပ်များကို တရားမျှတပွင့်လင်းစွာ အမြန်ဆုံးဆောင်ရွက်ဖို့လည်း NLD က ဒီကနေ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

XS
SM
MD
LG