သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ထောက်ခံလက်မှတ် ၃ သန်းကျော် ရပြီလို့ NLD ကြေညာ


ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး

တိုင်းနဲ့ ပြည်နယ်အနှံ့ ကောက်ခံရယူနေတဲ့ လူထုဆန္ဒပြု လက်မှတ်ပေါင်း ၃ သန်းကျော် ရရှိသွားပြီဖြစ်ပြီး ရရှိလာတဲ့လက်မှတ်တွေကို လွှတ်တော်ကို တင်သွင်းသွားမှာ ဖြစ်တယ်လို့ NLD က ဆိုပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းလှုပ်ရှားနေတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောလှုပ်ရှားမှုတွေမှာ အာဏာပိုင်တွေဘက်က အနှောင့်အယှက်တွေ လုပ်လာတာရှိပေမဲ့ ဟောပြောပွဲတွေကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ၈၈ မျိုးဆက်တွေက ပြောပါတယ်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလှုပ်ရှားမှုတွေနဲ့ ဖြစ်လာနိုင်ခြေတွေအပေါ် သုံးသပ်ချက်တွေကို မဆုမွန်က စုစည်း တင်ပြထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးမှာ အဓိက အဟန့်အတားဖြစ်နေတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေး လူထု ဆန္ဒ သဘောထား လက်မှတ်တွေ ကောက်ယူ စုဆောင်းနေတာမှာ အခုဆိုရင် လှုပ်ရှားမှု တစ်လပြည့်တဲ့နေ့မှာ လက်မှတ်ပေါင်း ၃ သန်း ၃ သိန်းကျော် ရသွားပြီဖြစ်တဲ့အကြောင်း ဇွန်လ ၃၀ ရက်နေ့မှာ NLD က ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ နိုင်ငံတဝှမ်း ပြည်နယ်နဲ့ တိုင်းအသီးသီးက ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေး ပြည်သူလူထု လက်မှတ် စုဆောင်းမှုတွေနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က အခုလို ပြောပြပါတယ်။

“၃ သန်းကျော်ဆိုတော့ ၅ သန်းလောက်တော့ မှန်းထားတာပေါ့ ခန့်မှန်းခြေပြောတာပါ။ မေ ၂၇ ကနေပြီးတော့ ဇူလိုင် ၂၉ အထိ သတ်မှတ်ထားတာ။ လာထိုးတဲ့သူတွေ အကုန်လုံးကို ဒီတကြိမ်တည်းထိုးဖို့၊ အသက်ပြည့်ဖို့၊ ကိုယ့်ရဲ့ လွတ်လပ်တဲ့ဆန္ဒနဲ့ကိုယ်ထိုးဖို့၊ အဲ့ဒီဟာတွေကို ကျနော်တို့က အမြဲ ရှင်းပြတယ်။ မြို့နယ်တွေ၊ ခရိုင်တွေ၊ တိုင်းတွေကလည်း ရှင်းပြတယ်။ ရပ်ကျေးတွေကလည်း ရှင်းပြတယ်။ ပြည်သူတွေဘက်ကလည်း အဲ့ဒါပေါ့ တချို့ကလည်း မသိဘူးလေ ဘာဖြစ်လို့ ၄၃၆ ကို ပြင်ဆင်လဲဆိုတာကို သူတို့က မေးတယ်။ ၄၃၆ ကို ပြင်တာက ဘယ်ပုဒ်မကိုပဲ ပြင်ပြင် ကျနော်တို့က ဒီ ၇၅ ရာခိုင်နှုန်းကျော်ရမယ် ဒီလွှတ်တော်ထဲမှာ။ အဲ့ဒီတော့ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေက ဒီတပ်မတော်သား ကိုယ်စားလှယ်တွေအပေါ်မှာပဲ မူတည်နေတယ် ပြင်ဖို့ဆိုတာက။ ဘယ်ပုဒ်မကိုပြင်ပြင်။ ဒါကြောင့်မို့လို့ ဒီ ၄၃၆ ကို ပြင်ဖို့ရာ အဓိကကျတယ်ဆိုတာကို ကျနော်တို့က ရှင်းပြတယ်။ ကျနော်တို့က ဟိုဒင်းပေါ့ လွှတ်တော်ကို တင်မှာပါ။ လွှတ်တော်ကိုတင်မယ်။ ကျနော်တို့ ဒါကို စနစ်တကျတင်မယ်။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်မှာက အားလုံး အများသိတဲ့အတိုင်းပဲ။ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတွေရဲ့ လိုလားချက်၊ လွှတ်တော်က ဖော်ဆောင်ရွက်ဆိုတော့ ဒီဆောင်ပုဒ်နဲ့အညီ ကျနော်တို့ လွှတ်တော်ကြီးက ဘယ်လောက် လုပ်နိုင်မလဲ၊ မလုပ်နိုင်ဘူးလဲဆိုတာ အဲ့ဒီမှာ ကြည့်ရမှာပဲ။”

ပြည်တွင်းမှာသာမက၊ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကပါ ဆန္ဒပြုရေးထိုးထားတဲ့ အခုလက်ရှိ အချိန်အထိ လက်မှတ်ပေါင်း ၃ သန်း ၃ သိန်းကျော် ရရှိထားပါတယ်ဆိုတဲ့ NLD ကြေညာချက်နဲ့ ပတ်သက်လို့တော့ ဗွီအိုအေဘက်က သီးခြား အတည်ပြုချက် ရရှိနိုင်ခြင်း မရှိသေးပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ စတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းရဲ့ ၂၀၀၈အခြေခံဥပဒေ ပြင်ဆင်ရေး လူထုစည်းရုံးဟောပြောမှုတွေနဲ့ အရှိန်မြှင့် လှုပ်ရှားနေချိန်မှာ နယ်မြို့တချို့မှာ လူထုဟောပြောပွဲတွေကို အာဏာပိုင်တွေဘက်က ဟန့်တားနှောင့်ယှက်မှုတွေ လုပ်လာတာတွေ ရှိတယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ခေါင်းဆောင် ကိုကိုကြီးက ပြောပါတယ်။

“ရန်ကုန်၊ မန္တလေး အစရှိတဲ့ မြို့ကြီးတွေမှာတော့ တော်တော်လေး အားကောင်းပါတယ်။ ပြည်နယ်ပိုင်းတွေ၊ နယ်တွေမှာကျတော့ ဒေသဆိုင်ရာ တာဝန်ရှိတဲ့သူတွေကနေ ခွင့်ပြုမိန့်နဲ့ပတ်သက်လို့ ဟန့်တားတာတွေရော၊ နောက် နည်းမျိုးစုံနဲ့ တချို့ ဖိအားမျိုးတွေကိုလည်း ကျနော်တို့ ကြားခဲ့ရပါတယ်။ အဲ့ဒီတော့ မြို့ကြီးတွေထက်စာလို့ရှိရင်တော့ နယ်မြို့တွေမှာ နည်းနည်း ပရိသတ်က စိုးရိမ်နေတာတွေ တွေ့ရပါတယ်။”

ပုဒ်မ ၅၉(စ) အပါအဝင် နိုင်ငံအတွက် အရေးကြီးသော ပုဒ်မများကို ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅% ကျော်မှ သဘောတူရမှာဖြစ်လို့ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးမှာ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ဖို့က ဘာကြောင့် အဓိကကျတယ် ဆိုတာကို ပြည်သူအများ နားလည်အောင် ဟောပြော စည်းရုံးခဲ့တာတွေနဲ့ ပတ်သက်လို့လည်း ကိုကိုကြီးက အခုလို ပြောပါတယ်။

“အဓိကကတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ စပြီး ရေးဆွဲကတည်းက နိုင်ငံရေးအရ ကိုယ်စားပြုမှု အားနည်းတယ်။ အထူးသဖြင့် ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်တွေ၊ နောက် တိုင်းရင်းသားခေါင်းဆောင်တွေ အစရှိသဖြင့် အရေးပါတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ အမြင်တွေ သဘောထားတွေကို ထင်ဟပ်နိုင်ခြင်း မရှိဘူးပေါ့။ ပြီးတော့ တဘက်သတ်ဆွဲထားပြီးတော့ ပြင်ဆင်ဖို့ကျတော့လည်း နိုင်ငံသား မဲဆန္ဒရှင်အားလုံးက ပြင်ချင်တယ်ဆိုရင်တောင်မှ ပြင်လို့မရအောင် တင်းကျပ်ထားတာဖြစ်တဲ့အတွက်ကြောင့် ဒီ ၄၃၆ ကို ဦးစားပေးပြီး ပြင်ဆင်ဖို့လိုတယ်။ တကယ်က ပြင်ဆင်စရာ ပုဒ်မတွေ အများကြီးရှိတယ်။”

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ စပ်လျဉ်းပြီး သမ္မတ ဦးသိန်းစိန်က သူ့သဘောထား ရပ်တည်ချက်ကို မေလ ၃၁ ရက်နေ့ ရေဒီယိုမိန့်ခွန်းမှာ ပြောကြားခဲ့တာကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုသည့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးအတွက် မဖြစ်မနေပြုလုပ်ရမည့် နိုင်ငံရေးဆွေးနွေးပွဲများမှ ပေါ်ပေါက်လာသော သဘောတူညီချက်များပေါ် မူတည်၍ လိုအပ်သလို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက် ရေးသားခြင်းများ ပြုလုပ်သင့်ပါတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဖွဲ့စည်းပုံပြန်လည်ပြင်ဆင်ရေးဟာ မြန်မာပြည်သူတွေအနေနဲ့ သူတို့ရဲ့သမ္မတဖြစ်သူကို လွတ်လပ်စွာ ရွေးချယ်ခွင့်ရဖို့၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ တရားမျှတလွတ်လပ်ဖို့၊ လူနည်းစု လူမျိုးတွေရဲ့ အခွင့်အရေးပြဌာန်းဖို့၊ ပြည်ထောင်စုအစိုးရနဲ့ လူနည်းစု လူမျိုးစုဒေသအကြား အပြန်အလှန် ဆက်ဆံရေး သတ်မှတ်ဖို့၊ နိုင်ငံရေးထဲမှာ စစ်တပ်ဘက်က ပါဝင်နေမှုကို လျှော့ချဖို့အတွက် လမ်းဖွင့်ပေးသင့်တယ်လို့ အမေရိကန် ပြည်ထောင်စုက ယူဆပါတယ်။

XS
SM
MD
LG