အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ တရားဝင် နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်နိုင်ရေးအတွက် လျှောက်လဲချက် တင်ထားတာကို အထူးအယူခံဝင်ရေး ဆွေးနွေးဖို့အတွက် အကျိုးဆောင် ရှေ့နေတွေဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ ဒီနေ့ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ အခုလို တရားဝင် နိုင်ငံရေးပါတီ အဖြစ် ဆက်လက် ရပ်တည်နိုင်ရေး လျှောက်လဲချက် တင်ထားတာကို နေပြည်တော် တရားရုံးချုပ်က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့က ပလပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီနေ့ဆွေးနွေးပွဲမှာ NLD ဥပဒေရေးရာ အထောက်အကူပြု အဖွဲ့တွေကို ပြည်နယ်၊ တိုင်းတွေမှာ တိုးချဲ့ ဖွဲ့စည်းနိုင်ရေး ကိစ္စကိုလည်း ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
နိုဝင်ဘာ ၇ ရက်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ပါဝင်ခြင်း မပြုလိုတဲ့အတွက် NLD က ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ပြီးနောက်ပိုင်း အာဏာပိုင်တွေဘက်က NLD အနေနဲ့ တရားဝင် နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိတော့သလို ဥပဒေတွေ ထုတ်ပြန်လာတာကြောင့် ဥပဒေအရ ပါတီအနေနဲ့ တရားဝင် ရပ်တည်ပိုင်ခွင့် ရှိတဲ့အကြောင်း တရားရုံးချုပ်မှာ အကျိုးဆောင် ရှေ့နေတွေက လျှောက်ထားခဲ့ကြတာပါ။ ဒီအမှုကို ပါတီ တည်ထောင်သူဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ်ထိုးပြီး ဦးတိုက် လျှောက်ထားခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ နေပြည်တော်မှာရှိတဲ့ နိုင်ငံတော် တရားရုံးချုပ်က ဒီအမှုကို ကြားနာခြင်း မပြုဘူးဆိုပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့က ပလပ်လိုက်တာကြောင့် နောက်တဆင့်ဖြစ်တဲ့ အထူးအယူခံ ၀င်နိုင်ဖို့ NLD ပါတီ အကျိုးဆောင် ရှေ့နေတွေက စီစဉ်နေကြတာ ဖြစ်ပါတယ်။
အထူးအယူခံဝင်ရေး ကိစ္စအတွက် ဒီကနေ့ အကျိုးဆောင်ရှေ့နေ ၄ ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အမှုကိစ္စကို ဆွေးနွေးဖြစ်ကြတဲ့အကြောင်း အကျိုးဆောင် ရှေ့နေတဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပြပါတယ်။
“ကျနော်တို့ ဒီနေ့ ရှေ့နေ ၄ ဦးနဲ့ ဒေါ်စုနဲ့ ဆွေးနွေးပါတယ်။ ကျနော်တို့ရဲ့ ပါတီရပ်တည်ရေး မူလမှု တရားရုံးချုပ်မှာ တင်တာကို တရားရုံးချုပ်က ကြားနာပြီး ပယ်လိုက်တယ်လေ။ အဲဒီဟာကို ကျနော်တို့ အထူးအယူခံဝင်ဖို့ ဥပဒေ အချက်အလက်တွေ၊ အကြောင်းချင်းရာ အချက်အလက်တွေ ညှိပါတယ်။ မကြာမီ ရေးတော့မှာပေါ့။ ဘယ်တော့တင်မလဲ ဆိုတာတော့ မဆုံးဖြတ်ရသေးဘူး။ အဆင်သင့်ဖြစ်အောင်တော့ ကျနော်တို့ စလုပ်နေပါပြီ။”
တခြားအကြောင်းအရာတွေရော အန်ကယ်တို့ ဆွေးနွေးဖြစ်ပါသေးလား။
“တခြားအကြောင်းအရာတော့ ကျနော်တို့ ဥပဒေလမ်းကြောင်းအရ ဆောင်ရွက်ရမယ့် တခြားနည်းလမ်းတွေကိုလည်း ကျနော်တို့ ဒီနေ့ စဉ်းစားပါတယ်။ စဉ်းစားပြီးတော့ အဲဒါတော့ နောက်တကြိမ် တွေ့မှပဲ ဆုံးဖြတ်မယ်လေ။”
ဒါလုပ်ပြီးရင် ဘာလုပ်လို့ ရနိုင်သေးလဲ၊ အထူးအယူခံ ၀င်ပြီးရင်။
“အထူးအယူခံကတော့ နောက်ဆုံးအဆင့်ပါပဲ၊ တရားစီရင်ရေး လမ်းကြောင်းမှာ။”
ဒါဆို ဒီနေ့ အစည်းအဝေးက နှစ်ခု ခွဲလုပ်တာလား၊ ပထမ NLD အမှုကိစ္စအတွက် ရှေ့နေတွေနဲ့ တွေ့တယ်၊ ပြီးတော့မှ ဗဟိုဥပဒေ အကြံပြု အဖွဲ့တွေနဲ့ ထပ်တွေ့တာလားခင်ဗျ။ သီးခြားစီ ခွဲတွေ့တာပေါ့။
“အစည်းအဝေးက နှစ်ခုပါ။ ရှေ့နေ ၄ ယောက်နဲ့ ဒေါ်စုနဲ့က တခု၊ အဲဒါပြီးတော့မှ နေ့ခင်းလောက်ကျတော့ ဗဟိုဥပဒေ အစည်းအဝေး လုပ်ပါတယ်။ ဗဟိုဥပဒေ အစည်းအဝေးက ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ အင်အား ပိုမိုတောင့်တင်းဖို့နဲ့ နယ်မြေ ပြည်နယ်၊ တိုင်း ဒေသတွေမှာ ဥပဒေ အထောက်အကူ အဖွဲ့အတွက် ကျနော်တို့ စဉ်းစားကြပါတယ်။ အဲဒီတော့ ဒီဟာတွေ CEC က အတည်ပြုလို့ရှိရင် ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ လူအင်အား တောင့်လာမှာပေါ့ဗျာ။ အဲတော့ လုပ်ရမယ့် လုပ်ငန်းစဉ်တွေလည်း ဒီနေ့ ဆွေးနွေးပါတယ်။”
NLD ပါတီရဲ့ ဗဟိုဥပဒေရေးရာ အကြံပြုအဖွဲ့ကို တိုးချဲ့နိုင်ဖို့ ကြိုးစားနေတဲ့ တချိန်တည်းမှာပဲ လူ့အခွင့်အရေးနေ့က နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေကို ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလိုပဲ အကျဉ်းကျခံနေရသူတွေနဲ့ သူတို့မိသားစုဝင်တွေ ဥပဒေရေးရာအရ အကျိုးခံစားပိုင်ခွင့် ရှိတာတွေ နားလည် သိရှိလာအောင် အကျဉ်းထောင် လက်စွဲစာအုပ် ထုတ်နိုင်ဖို့အတွက် ပြင်ဆင်နေကြတဲ့အကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။
“အဲဒီနေ့က ပြောတဲ့အထဲမှာ ပါတဲ့ အကျဉ်းထောင် လက်စွဲပေါ့၊ အဲဒီထဲက အချက်တွေ ကျနော်တို့ ထုတ်နေပါတယ်။ လူတိုင်းနဲ့ဆိုင်တဲ့ အချက်တွေ ကျနော်တို့ ထုတ်နေပါတယ်။”
NLD ဗဟိုဥပဒေရေးရာ အထောက်ကူပြု အဖွဲ့ဝင်လည်းဖြစ်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။