သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈ လေးလုံးခေါင်းဆောင်တွေ ရွေးကောက်ပွဲ ပညာပေးဟောပြော


(Credit: The 88 Generation Peace and Open Society)
(Credit: The 88 Generation Peace and Open Society)

တိုင်းပြည်မှာဖြစ်နေတဲ့ ပြဿနာအားလုံးကို ဖြေရှင်းနိုင်ဖို့ အတွက် ရွေးကောက်ပွဲ နည်းလမ်းဟာ တခုတည်း နည်းလမ်း မဟုတ်ဘူးလို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် က ပန်းဘဲတန်းမြို့နယ်မှာ အင်္ဂါနေ့ ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲမှာ ပြောဆိုလိုက်ပါတယ်။ ဒီသတင်း အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင် က သတင်းပေးပို့ထားပါတယ်။

မကြာခင်ကျင်းပမယ့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ ဒီမိုကရေစီ အင်အားစုတွေ အပြတ်အသတ် အနိုင်ရရုံ အစိုးရဖွဲ့နိုင်ရုံနဲ့မပြီးဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်မှသာ တိုင်းပြည်ပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် က ပြောဆိုလိုက်ပါတယ်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ ဖွင့်ရမယ့်တံခါး ဖြစ်တယ်လို့ ပြောဆိုလိုက်ပြီး၊ ရွေးကောက်ပွဲ အောင်နိုင် ရင်တောင် ပြည်တွင်းစစ်ကို အကြောင်းပြပြီး တိုင်းပြည် မငြိမ်မသက်မှုနဲ့ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ် တာမျိုး မဖြစ်အောင် ပြည်တွင်းငြိမ်းချမ်းရေးအတွက်လည်း အာရုံစိုက်ကြဖို့ လိုမယ်လို့ ပြောပါတယ်။

“ကျနော်တို့ဘက်ကတော့ ဒီရွေးကောက်ပွဲတခုတည်းဟာ ကျနော်တို့ရဲ့ တခုတည်းသော နည်းလမ်းအဖြစ် မမြင်ဘူး။ ဟောဒီပြည်ထောင်စုကြီးရဲ့ ပြဿနာပေါင်းစုံဟာ ရွေးကောက်ပွဲနည်းနဲ့ ကျနော်တို့က ဖြေရှင်းရုံမက နောက်ထပ်နည်းတွေရှိသေးတယ်။ ဆိုလိုတာက ရွေးကောက်ပွဲမှာ ဒီမိုကရေစီဘက်တော်သားတွေ သောင်ပြိုကမ်းပြို နောက်ထပ် နိုင်တယ်ဆိုရင်တောင် ကိစ္စက မပြီးသေးဘူး။ အစိုးရဖွဲ့နိုင်တယ်လို့ စိတ်ကူးလိုက်၊ အဲဒါလည်း ကိစ္စက မပြီးသေးဘူး။ ဘာကြောင့်လဲ။ ဖွဲ့စည်းပုံမှာ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ် အားလုံးဟာ လက်ရှိ စစ်ဗိုလ်ချုပ်ကြီးတွေပဲ။ အဲတော့ ကျနော်တို့လုပ်ရမယ့် အလုပ်ဟာ ဖွဲ့စည်းပုံပြင်တဲ့အထိကို သွားကြရမှာ။”

လွတ်လပ်သန့်ရှင်းပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ မဲထည့်ရုံတင်မက နိုင်ငံရေးပါတီတွေ၊ တက်ကြွလှုပ်ရှားသူတွေအနေနဲ့ မဲစာရင်းတွေ ဘာရည်ရွယ်ချက်နဲ့ မှားနေသလဲ၊ ရွေးကောက်ပွဲမှာ မဲ ကလိမ်ကကျစ် ကျတာမျိုး မကြုံအောင် အာရုံထား စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ကိုမင်းကိုနိုင်က ဆိုပါတယ်။ ဒီခေတ်ကာလမှာ ဒာပြောင်းအလဲလုပ်ဖို့ ဘယ်သူတွေ အမှန်တကယ် ဆန္ဒရှိသလဲဆိုတာ ဝေခွဲရ ခက်တာမို့ သမိုင်းကြောင်းနဲ့ လုပ်ရပ်ကို ကြည့်ဖို့လိုပြီး ပြည်သူတွေကို စာနာစိတ် နားလည်နိုင်တဲ့ လူထုခေါင်းဆောင်မျိုးရှိတဲ့ အဖွဲ့အစည်းကို ထောက်ခံဖို့ ပန်းဘဲတန်းမြို့နယ်မှာ ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲမှာ ကိုမင်းကိုနိုင်က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“ခေတ်က အားလုံးသိတဲ့အတိုင်း ဒီနေရာတွေမှာ သေနတ်သံတွေ ဖုံးခဲ့တယ်။ ဒီနေရာမှာ သွေးသံရဲရဲနဲ့ ကျနော်တို့တွေ ဆွဲကြထုတ်ခဲ့ကြရတယ်။ တကယ်ကြုံခဲ့ရတာ ကျနော်တို့တွေ။ အဲဒီတုန်းက ကျနော်တို့ဘက်ကို မျက်နှာမူခဲ့တဲ့သူတွေ၊ သေတာတောင် နည်းသေးတယ်လို့ ကြုံးဝါးခဲ့တဲ့သူတွေက ဒီကနေ့ ဒီမိုကရေစီစကားကို ကျနော်တို့ထက်တောင် ပြောနေသေးတယ်။ ပြည်သူတွေ ဒုက္ခ၊ သောက ဝေနေတဲ့အချိန်မှာ ပြည်သူကြားထဲကို သာမန်ပြည်သူတယောက်လို ဆိုလိုတာက ရှေ့နောက်ဝဲယာ လက်နက်ကိုင် အစောင့်အကြပ်တွေနဲ့ လာသမျှလူတွေအကုန်လုံး လမ်းပေါ်က ရှင်းပေးရတဲ့ နိုင့်ထက်စီးနင်း လာတွေ့တဲ့ခေါင်းဆောင်မျိုး မဟုတ်ဘဲနဲ့ ပြည်သူလူထုကြားထဲကို မိသားစုသောကရေးအတွက် စာနာစိတ်နဲ့ အပြည့်ရောက်လာတဲ့ လူထုခေါင်းဆောင်လိုမျိုး ဘယ်မှာရှိသလဲဆိုတာ စဉ်းစားပါ။ အဲဒီအဖွဲ့အစည်းကို ထောက်ခံပါ။”

ရွေးကောက်ပွဲဟာ ပြည်သူတွေ ပူးပေါင်းပါဝင်နိုင်တဲ့ အန္တရာယ်ကင်းတဲ့ ဒီမိုကရေစီ တိုက်ပွဲဖြစ်တာမို့ အချင်းချင်း သွေးကွဲနေလို့ မဖြစ်ဘူးလို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမြအေး က ပြောပါတယ်။ မဲတပြားရဲ့ တန်ဖိုးဟာ ကိုယ့်အနာဂတ်ကို ဖန်တီးမယ်ဆိုတာ ယုံကြည်စေချင်တယ်လို့ ဆိုပါတယ်။

“ဒီအချိန်မှာ အနည်းငယ် ပွင့်လင်းလွတ်လပ်တာလေးတွေကို ကြည့်ပြီးတော့ ငါတို့ရဲ့ လိုအင်ဆန္ဒတွေ ပြည့်ပြီလို့ စိတ်ကူးယဉ်နေရင်တော့ အမှောင်သံသရာထဲက ပြည်သူတွေ ဘယ်တော့မှ လွတ်မြောက်မှာ မဟုတ်ဘူးဆိုတာ သတိပေးချင်ပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ကြိုတင်မဲနဲ့ အနိုင်ရသွားတာမျိုးတွေ ရှိတာမို့ မကြာခင် ကျင်းပတော့မယ့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာလည်း ပယ်မဲနဲ့ အနိုင်ယူသွားနိုင်တဲ့ အခြေအနေမျိုးတွေ ရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးကလည်း မနေ့က လမ်းမတော်မြို့နယ်မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောပွဲနဲ့ ကိုယ်စားလှယ်လောင်းများ မိတ်ဆက်ပွဲမှာ ပြောဆိုထားပါတယ်။

“အခုအခါမှာကတော့ သူတို့ အနိုင်ယူနိုင်တဲ့နည်းလမ်းဟာ ဘယ်လိုဟာမျိုးတွေဖြစ်မလဲဆိုရင် ပယ်မဲနဲ့ ကျနော်တို့ကို အနိုင်ယူနိုင်ဖို့ လုံးပမ်းနိုင်တယ် ဆိုတာမျိုး ရှိတာကို သတိထားမိတယ်။”

မဲစာရင်းမှားယွင်းမှုတွေကြောင့် နိုင်ငံရေးပါတီတွေ အပါအဝင် ပြည်သူတွေကပါ ၂၀၁၅ ရွေးကောက်ပွဲကို ဦးစီးကျင်းပမယ့် ရွေးကောက်ပွဲ ကော်မရှင်အပေါ် သံသယတွေ ဖြစ်ခဲ့ကြသလို ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အုပ်ချုပ်ခွင့်အာဏာ လွှဲမပေးခဲ့တဲ့အပေါ်မှာလည်း ဘဝင်မကျ ဖြစ်နေကြဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG