သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD မဲဆွယ်မှုအတွင်း အကြမ်းဖက်ခံရမှုတွေ ရှိနေ


မန္တလေးတိုင်းဒေသကြီး NLD ကိုယ်စားလှယ်လောင်းများနဲ့ ပြည်သူနဲ့မိတ်ဆက်ပွဲ အလှပြကား မိတ္ထီလာမှ မလှိုင်မြို့သို့ထွက်ခွာစဉ်။ (ဓာတ်ပုံ -NLD မိတ္ထီလာ)
မန္တလေးတိုင်းဒေသကြီး NLD ကိုယ်စားလှယ်လောင်းများနဲ့ ပြည်သူနဲ့မိတ်ဆက်ပွဲ အလှပြကား မိတ္ထီလာမှ မလှိုင်မြို့သို့ထွက်ခွာစဉ်။ (ဓာတ်ပုံ -NLD မိတ္ထီလာ)

၂၀၁၅ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံး လှုပ်ရှားမှုတွေ လုပ်နေချိန်မှာပဲ အတိုက်အခံပါတီ NLD ကို ကိုယ်ထိ လက်ရောက် တိုက်ခိုက်မှုတွေ လုပ်လာနေတဲ့အပေါ် ဥပဒေကြောင်းအရ ဆောင်ရွက်နိုင်အောင် ကြိုးစားနေတယ်လို့ အမျိူးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်နေချိန်မှာ အစိုးရတာဝန်ရှိ သူတွေဘက်က ဒီ့ထက်ပိုပြီး လုံခြုံရေးကို ဖိဖိစီးစီး လုပ်ပေးသင့်တယ်လို့ အကြံပြုမှုတွေလည်း ရှိပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ မစတင်ခင် ရက်ပေါင်းခြောက်ဆယ် အတွင်း စက်တင်ဘာလ ၈ ရက်နေ့ကစလို့ နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးမှု တွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ လှုပ်ရှားဆောင်ရွက်နေကြချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာပဲ အတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်ရဲ့ ပါတီအောင်နိုင်ရေး မဲဆွယ်စည်းရုံးလှုပ်ရှားမှု ခရီးစဉ်တချို့မှာ နှောင့်ယှက်တိုက်ခိုက်မှုတွေနဲ့ ကြုံနေရပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းက ဒီလိုမျိုး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေကို နှောင့်ယှက်တိုက်ခိုက်နေတာတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေကို အကြောင်းကြားပြီး ဥပဒေကြောင်းအရ ဆောင်ရွက်နိုင်ဖို့ ကြိုးစားနေပါတယ်လို့ ဗွီအိုအေကိုပြောပါတယ်။

“အန်ကယ်လ်တို့ကတော့ အဲဒီကိစ္စတွေကို သိအောင်ကြိုးစားနေတယ်၊ သိပြီးရင် ဥပဒေနဲ့အညီဖြစ်ဖို့ ကြိုးစားမယ်။ ဥပဒေနဲ့အညီဖြစ်ဖို့ တာဝန်ရှိတဲ့ဌာနတွေပေါ့- UEC ဖြစ်ရင်ဖြစ်မယ်။ အစိုးရဖြစ်ရင်ဖြစ်မယ်။ ရဲဖြစ်ရင်ဖြစ်မယ်။ အန်ကယ်လ်တို့ ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ တိုက်တွန်းမယ်။ အဲဒါအတွက် အန်ကယ်တို့ အချက်အလက်တွေ စုဆောင်းနေတယ်။ ကျနော်ပြောနိုင်တာက လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ အများပြည်သူစိုးရိမ်သလို ကျနော်တို့ကလည်း အထူးစိုးရိမ်ပါတယ်။ တောက်လျှောက် ကျနော်တို့ message ပေးနေပါတယ်။ ကြောက်စရာမလိုဘူး၊ မှန်တဲ့ကန်တဲ့အတိုင်းလုပ်ပါ။ နောက်ပြီးတော့ တိုင်းပြည်ရဲ့တိုးတက်ရေးကို ပုဂ္ဂိုလ်တစ်ဦးချင်းအပေါ်မှာမကြည့်ဘဲနဲ့ အားလုံးနဲ့ဆိုင်တဲ့ ပါတီအောင်ပွဲအတွက်ရည်ညွှန်းပါ။ ဒါ ကျနော်တို့ တောက်လျှောက်ပြောနေပါတယ်။”

NLD ရဲ့ မဲဆွယ်စည်းရုံးလှုပ်ရှားမှုတွေမှာ ဖြစ်ပျက်ခဲ့တဲ့ တိုက်ခိုက်မှုတွေကတော့ မန္တလေးတိုင်း၊ မလှိုင်မြို့နယ်တွင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း မဲဆွယ်စည်းရုံးရေး ဆင်းတဲ့အချိန် ခဲနဲ့ပစ်ပေါက်တာ၊ ဂွေးကုန်းကျေးရွာမှာ မဲဆွယ် စည်းရုံးရေးကားကို ခဲနဲ့ပစ်လို့ ဗီနိုင်းပိုစတာတွေ စုတ်ပြဲသွားခဲ့တာ၊ ကံသစ်ကျေးရွာဘက်မှာလည်း ခဲနဲ့ပဲ ပစ်ပေါက်တိုက်ခိုက်တာတွေ ကြုံနေရတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ထဲမှာလည်း မဲဆွယ်စည်းရုံးနေချိန်မှာ ပြည်ခိုင်ဖြိုးပါတီဝတ်စုံ ဝတ်ဆင်ထားသူတစ်ဦးက စင်မြင့်ပေါ် တက်လာပြီး နှောင့်ယှက်ပြောဆိုတာတွေလည်း ရှိခဲ့သလို ခင်ဦးမြို့နယ်ထဲမှာလည်း မဲဆွယ်စည်းရုံးရေးကားကို ပိတ်ရပ်ပြီးတော့ မဖွယ်မရာ ပြုလုပ်ပြတာတွေ ရှိခဲ့ပါတယ်။ မြောင်းမြမြို့နယ်ထဲမှာတော့ သစ်ဆိမ့်ကုန်းကျေးရွာမှာ မဲဆွယ်စည်းရုံးရေး ဆင်းလာတဲ့ NLDအမတ်လောင်းကို မြောင်းမြပြန်ပို့ပြီး ရွာခံပါတီလူငယ် ကို သူ့အပြန်လမ်းမှာ ရိုက်နှက်ပြီး သုဿန်မှာသွားပစ်ခဲ့တဲ့အထိ ကိုယ်ထိလက်ရောက် တိုက်ခိုက်တာ မျိုးတွေ ဖြစ်လာနေပါတယ်။ အတိုက်ခိုက်ခံရသူတွေဘက်က သက်ဆိုင်ရာရဲစခန်းတွေမှာ ထိရောက်စွာ စုံစမ်းစစ်ဆေး အရေးယူပေးဖို့ အမှုဖွင့်တိုင်ကြားထားတာဖြစ်ပါတယ်။

အခုလို နိုင်ငံတွင်း နိုင်ငံရေးပါတီတွေဘက်က လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်အတွင်း ကိုယ်ထိ လက်ရောက် နှောင့်ယှက်ဟန့်တားနေတာမျိုးတွေကို သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေဘက်က လုံခြုံရေးကို ထိထိရောက်ရောက် တာဝန်ယူပေးသင့်ပါတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ ဦးစည်သူအောင်မြင့်က အကြံပြုပါတယ်။

“အခုကိစ္စမှာကတော့ ဘယ်သူလုပ်တယ်၊ ဘယ်ဝါလုပ်တယ် တိတိကျကျ စွပ်စွဲလို့မရပေမယ့် သေချာတာကတော့ NLD ကို ဆန့်ကျင်တဲ့ အဖျက်အမှောက် လှုပ်ရှားမှုဖြစ်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုဟာတွေက ရှေ့မှာ ဖြစ်ထားဖူးတဲ့သာဓကတွေ ရှိတဲ့အခါကျတော့ မပြေးသော်ကံရာရှိ-ပေါ့နော်၊ ပြည်သူလူထုက အစိုးရကိုစွပ်စွဲတာတွေ၊ တဘက်က ပြည်ခိုင်ဖြိုးကိုစွပ်စွဲတာတွေ- ဆန့်ကျင်ဘက်ပေါ့နော်၊ အဲလိုတွေ ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ အဲလိုမဖြစ်အောင်ဆိုရင် အစိုးရဘက်က အာဏာပိုင်တွေဘက်က သူတို့ရဲ့လုံခြုံရေးကို ဒိထက် ပိုပြီးတော့ ဖိဖိစီးစီး လုပ်ပေးသင့်တယ်လို့တော့ ထင်တယ်လေ။ အခုနကပြောသလိုပေါ့- လူစုလူဝေးတွေက သူ့ဖာသာနဲ့သူ အစီအစဉ် မကျဘဲနဲ့လုပ်နေကြသလား၊ သို့မဟုတ် အစီအစဉ်တကျနဲ့ ဒီနားမှာနည်းနည်းလုပ်မယ်၊ ဟိုနားမှာနည်းနည်းလုပ်မယ်၊ နီးလာတယ်ဆိုရင် အကြီးကြီးလုပ်ပြီးတော့မှ ရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီးလုပ်မှာလားဆိုတာကတော့ တဘက်ကလူတွေက လုပ်တယ်ဆိုတော့ မတွက်ဆ နိုင်ဘူးပေါ့၊ စိုးရိမ်စရာကောင်းတယ်ဆိုတာကတော့ နေရာတိုင်းမှာတွေ့နေရတာတော့ အမှန်ပဲ။”

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တိုင်းရင်းသားဒေသ ကချင်အထူးဒေသ (၁) ဘက်မှာလည်း NLDပါတီတခုကိုပဲ မဲဆွယ်စည်းရုံးခွင့်မပြုဘဲ တားမြစ်မှုတွေ ရှိသလို NLD ပါတီကို မဲမပေးဖို့အရေး ဘာသာရေးအသွင်ဆောင် စာရွက်စာတမ်းတွေ လိုက်လံဝေဌပြီး လှုံ့ဆော်မှုတွေလည်း ရှိနေတာပါ။ နိုင်ငံရေးပါတီစုံက ပါတီမဲဆွယ်စည်းရုံးရေးခရီးစဉ်တွေ လှုပ်ရှားနေကြတဲ့အထဲ လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ လွှတ်တော် ကိုယ်စားလှယ်လောင်း အရေအတွက် တစ်ထောင့်တစ်ရာကျော်နဲ့ အများဆုံး ဝင်ရောက်ယှဉ်ပြိုင်မယ့် အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေမှာပဲ အခုလိုမျိုး နှောင့်ယှက်ဟန့်တားမှုတွေကြုံနေရတာဖြစ်လို့ ရည်ရွယ်ချက်ရှိရှိနဲ့ လူတစု တဖွဲ့နဲ့ တဖွဲ့ကြား ဆူပူလှုပ်ရှားမှုဖြစ်အောင် လှုံ့ဆော်နေတဲ့သဘောဖြစ်နေမလားလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

XS
SM
MD
LG