သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုယ်စားလှယ်လောင်းစာရင်း ကန့်သတ်ရက် အချိန်တိုးပေးဖို့ ကော်မရှင်ငြင်းဆို


ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင်က သတ်မှတ်ထားတဲ့ နောက်ဆုံးရက် သြဂုတ်လ ၈ ရက်နေ့အစား နောက်ထပ် ရက်အနည်းငယ်တိုးပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ တင်ပြချက်ကို ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချလိုက်တယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုလိုက်ပါတယ်။

ဒီအတောအတွင်းမှာပဲ NLD အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ရွေး ချယ်စိစစ်နေပြီး မကြာခင် အမည်စာရင်းတွေကို ထုတ်ပြန်ကြေညာသွားမယ်လို့ ဆိုပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံပြောပြမှာပါ။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရမယ့်အချိန်ကို ဇူလိုင် ၂၀ ရက်နေ့ကနေ သြဂုတ်လ ၈ ရက်နေ့ထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားပါတယ်။

နိုင်ငံအနှံ့ မဲဆန္ဒနယ် ၃၀၀ ကျော်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်း အနည်းဆုံး ၂၀၀၀ ခန့် ရရှိထားတဲ့ NLD ပါတီအနေနဲ့ သီတင်း ၂ ပတ်အတွင်း အချိန်မီဆောင်ရွက်ဖို့ အခက်အခဲတွေ ရှိနေတာပါ။ ဒါကြောင့် သတ်မှတ်ရက်ကို နောက်ထပ် ၁၀ ရက်တိုးပေးဖို့ ဇူလိုင်လ ၂၁ ရက်နေ့က ပါတီဗဟိုကော်မတီဝင် တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြခဲ့ပေမဲ့ ကော်မရှင်ဘက်က လက်မခံဘဲ မူလသတ်မှတ်ထားတဲ့ သြဂုတ်လ ၈ ရက်မှာ နောက်ဆုံးစာရင်း ပေးသွင်းရမှာ ဖြစ်တယ်လို့ ပြန်ပြောခဲ့ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ် ဗဟိုကော်မတီဝင်တဦးလည်းဖြစ်တဲ့ ဦးဝင်းမြင့်က ဗွီအိုအေကို ပြောပါတယ်။

ဒါ့အပြင် NLD အနေနဲ့ လွှွတ်တော်ကိုယ်စားလှယ်လောင်းတွေကို စိစစ်ရွေးချယ်နေပြီး မကြာခင် အမည်စာရင်းတွေကို အတည်ပြု ထုတ်ပြန်မှာဖြစ်တယ်လို့ ဦးဝင်းမြင့်က အခုလို ပြောပါတယ်။

“အခုက လူတွေကဗျာ သူ့ဟာသူ စာရင်းတွေတင်တယ်။ တင်ပြီးတော့ ဘယ်သူတွေက CEC က နောက်ဆုံး အတည်ပြုမယ်ဆိုတာ CEC က ဘာမှ မစိစစ်ရသေးဘူး သူတို့ ကိုယ်ရေးရာဇဝင်တွေကို ကြည့်ပြီးတော့။ သူတို့ဟာသူတို့ ဘယ်မြို့၊ ဘယ်သူက ဘယ်မြို့ဆိုပြီးတော့ သူတို့ဟာသူတို့ အွန်လိုင်းကနေ တင်မယ်လို့ပြောတာ။ သူတို့ဟာသူတို့ တင်ပြီးတာနဲ့ အတည်မှမဟုတ်ဘဲ။ CEC က ဒီမြို့ဒီမြို့မှာဆိုပြီး သတ်မှတ်ပေးတာမှ မဟုတ်ဘဲ။ အပြိုင်တွေ အများကြီးရှိတာပဲ။ တနေရာတနေရာ ၄၊ ၅ ဦး ရှိတာပဲ။ အဲဒီဟာကို သူတို့က သူတို့ဟာသူတို့ လျှောက်ပြီးတာနဲ့ သူတို့က ဘယ်မြို့ဘယ်မြို့ဆိုပြီးတော့ အွန်လိုင်းတွေတင်ပြီးတော့ လူတွေကို ဘယ်လိုပြောမလဲ တချို့ဆိုရင် မြို့မိမြို့ဖတွေပြော ဘာတွေပြော အဲလိုမျိုးဖြစ်နေတယ်ပြောတာ။ အဲဒါကို ဘယ်လိုမှ တရားဝင်လို့ ယူလို့မရသေးဘူး။ CEC ထိုင်ပြီးမှ ဆုံးဖြတ်ပြီးမှ အတည်ပဲ။”

မေး။ ။ အဲတော့ ဘယ်တော့လောက် NLD – CEC က ထုတ်ပြန်ကြေညာမလဲ မသိဘူး။

ဖြေ။ ။ အခု ကျနော်တို့က ၂၃ ရက်နေ့နောက်ဆုံး ဒီနေ့နောက်ဆုံး CEC ကို ပြည်နယ်တိုင်း အားလုံးကနေ ကိုယ်ရေးရာဇဝင် အားလုံး တောင်းထားတယ်လေ။ တောင်းထားပြီးတော့ ကျနော်တို့ CEC အစည်းအဝေး ထိုင်ပြီးတော့ CEC အကုန်လုံးက ဒီကိုယ်ရေးရာဇဝင်တွေကို ဖတ်ပြီးတော့ ရွေးချယ်မှာပေါ့။ ရွေးချယ်ပြီးတော့မှ CEC ၁၅ ဦးက ပြန်ပြီးတော့ စုံညီထိုင်ပြီးတော့မှ ဘယ်သူ ဘယ်နေရာ၊ ဘယ်သူ ဘယ်နေရာ ထုတ်ပြန်မှာပေါ့။ အဲဒီကျမှ အတည်ပဲ။ တရားဝင် ထုတ်ပြန်မှ အတည်ပဲ။

ဒါ့အပြင် ရွေးကောက်ပွဲ တရားမျှတမှု ရှိဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မှန်ကန်တိကျတဲ့ မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ဖို့ အရေးကြီးတယ်လို့မြင်ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းမြင့်က ပြောပါတယ်။

“ရွေးကောက်ပွဲကော်မရှင် ဆောင်ရွက်ချက်တွေပေါ်မှာတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်မယ်လို့တော့ ကော်မရှင်ကတော့ ပြောနေတာပေါ့နော်။ အကြိမ်ကြိမ်ပြောနေတာပဲ။ အခု အရေးကြီးတာကတော့ ကျနော်တို့က ဒီ မဲစာရင်းတွေ မှန်ကန်ဖို့၊ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲဆိုတာက မဲစာရင်းအပေါ်မှာ အခြေခံပြီးတော့ လုပ်ရတာ။ မဲစာရင်းမှန်ကန်မှ ရွေးကောက်ပွဲ မှန်ကန်မယ်။ ဒါကြောင့် မဲစာရင်းမှန်ကန်ဖို့ကတော့ အရေးကြီးဆုံးပဲ။”

အရင်က ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပူးတွဲလုပ်မယ်ဆိုတဲ့ အခြေအနေ မဖြစ်နိုင်တော့တာနဲ့ ပတ်သက်လို့လည်း ဦးဝင်းမြင့် က အခုလို ရှင်းပြပါတယ်။

“အခု ၅၉ ဃ တခုတည်းပြင်တာကိုး။ ၅၉ ဃကလည်း ပုဒ်မ ၁ ခုပဲပြောင်းတာ၊ ဒါကို ဆန္ဒခံယူပွဲလုပ်ရမှာ။ ဆန္ဒခံယူပွဲ လုပ်တယ်ဆိုတဲ့ အခါကျတော့လည်း ရွေးကောက်ပွဲနဲ့ ရောပြီးလုပ်မှာ။ ကျန်တဲ့ ရွေးကောက်ပွဲလုပ်တဲ့ မဲဆန္ဒနယ် တနေရာ တနေရာကို ၄၊ ၅ ဦးပေါ့ ရွေးကောက်ပွဲလုပ်တဲ့ဟာတွေနဲ့ လာရှုပ်နေတယ်။ ရောထွေးပြီး ရှုပ်နေတယ်။ လူတွေ သိပ်နားမလည်ဘူး ဖြစ်နေတယ်။ အဲဒါကြောင့်မို့လို့ ဒါလည်း တကြောင်းပါတယ်။ နောက်တခါ ငွေကြေးကလည်းတခါ ကျပ် သန်းပေါင်း ၄,၀၀၀ ကျော်လောက် ကုန်ဦးမယ်။ အဲဒါကြောင့်မို့ ဒါကို ခေတ္တ ရွှေ့ဆိုင်းထားဖို့ နောက်မှ ဒီဟာကို ဆန္ဒခံယူပွဲကို နောက်ပိုင်းမှ လုပ်ဖို့ဆိုပြီးတော့ ဒါ ကော်မရှင်ဘက်နေပြီးတော့ ပြည်ထောင်စုလွှတ်တော်ကို တင်ပြလာတာ။ ပြည်ထောင်စုလွှတ်တော်က သဘောတူလိုက်တယ်။”

လက်ရှိထုတ်ပြန်ထားတဲ့ မဲဆန္ဒရှင်စာရင်း မှားယွင်းမှုတွေကို ပြင်ဖို့ ဇူလိုင်လ ၃၀ ရက်နေ့ကို နောက်ဆုံးသတ်မှတ်ထားပြီး အဲဒီနောက်ပိုင်း ပြင်ဆင်ထားတဲ့ အခြေခံ မဲစာရင်းတွေကို သြဂုတ်လ နောက်ဆုံးသီတင်းပတ်မှာ တနိုင်ငံလုံးအန့ှံ ထပ်မံထုတ်ပြန်သွားမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးက ပြောသွားပါတယ်။

ဒါ့အပြင် မဲစာရင်းမှာ အမည်ပါမှသာ မဲပေးနိုင်မှာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမယ့် သူတွေအနေနဲ့လည်း မဲစာရင်းထဲပါမှ ရွေးကောက်ခံပိုင်ခွင့် ရှိတယ်လို့ ဦးတင်အေးက ပြောသွားပါတယ်။ နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါတီပေါင်း ၉၀ လောက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်ရှင်။

XS
SM
MD
LG