သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ဗဟိုချုပ်ကိုင်မှုအပေါ် ဝေဖန်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အသီးသီးက ကိုယ်စားလှယ်လောင်းမာျး အစားထိုးပြင်ဆင်မှုစာရင်း။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အသီးသီးက ကိုယ်စားလှယ်လောင်းမာျး အစားထိုးပြင်ဆင်မှုစာရင်း။

လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ကိုယ်စားလှယ်လောင်း ရွေးချယ်မှု အပေါ် နိုင်ငံရေး လေ့လာသုံးသပ်သူ တချို့က ဗဟိုဦးစီးစနစ်ကို လွန်ကဲစွာသုံးပြီး ရွေးချယ်ခဲ့တယ်လို့ ဝေဖန်လိုက်ပါတယ်။ ဒါပေမဲ့ NLD ပါတီကတော့ ဒါဟာ ပြည်သူလူထုရဲ့ ဝေဖန်မှုထက် ပါတီဝင် အချင်းချင်း နေရာယူမှုအပေါ်မှာ ပါတီဝင်အချင်းချင်း ဝေဖန်နေတာသာဖြစ်တယ်လို့ တုံ့ပြန်လိုက်ပါတယ်။ ဒါ့အပြင် ဗဟိုချုပ်ကိုင်မှု မရှိဘူးလို့လည်း ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မေခ က သတင်းပေးပို့ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ ပတ်သတ်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ပါတီမှာ ဗဟိုထိန်းချုပ်မှု လွန်ကဲနေတယ်လို့ အခုလို သုံးသပ်လိုက်ပါတယ်။

“တိုင်းဒေသကြီး ပါတီခေါင်းဆောင်တွေနဲ့ ဗဟိုပါတီခေါင်းဆောင်တွေရဲ့ အမှားအယွင်းကြောင့် ဖြစ်နေတာကို တွေ့ရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကနေ ခေါင်းခေါက်ရွေးပြီး တင်ထားတဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေဖြစ်တယ်။ အဲဒီအတွက်ကြောင့်မို့လို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အများစုဟာ အောက်ခြေပါတီဝင်တွေနဲ့လည်း အလှမ်းကွာတယ်။ ပြည်သူလူထုနဲ့လည်း ထိတွေ့မှုအပိုင်းမှာ အားနည်းတာကို တွေ့ရတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုက လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ် စားလှယ်လောင်း ရွေးချယ်မှုအပေါ် မကျေနပ်လို့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ပခုက္ကူ ဒီချုပ်ပါတီခရိုင် ဥက္ကဋ္ဌ အပါအဝင် ၁၀ ဦးအား ပါတီမှ ထုတ်ပယ်လိုက်တဲ့အပေါ်မှာ ဒေါက်တာ ရန်မျိုးသိမ်း က အခုလို ဝေဖန်လိုက်ပါတယ်။

“လတ်တလောဖြစ်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းကိစ္စတွေနဲ့ ပတ်သက်ရင်တော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အပြတ်အသတ် အနိုင်ရပြီးတော့ အစိုးရတရပ်ကို ဦးဆောင် ဖွဲ့စည်းနိုင်ဖို့ အနေအထားမျိုး ဖြစ်လာမယ့် အလားအလာကို အကြီးအကျယ် ထိခိုက်ခဲ့တယ်လို့ ကျနော်ကတော့ မြင်ပါတယ်။”

NLD ဗဟိုတာဝန်ခံတဦးဖြစ်တဲ့ ဦးထွန်းထွန်းဟိန် ကတော့ အပြစ်ပေးခံရသူတိုင်းက သူတို့ကိုယ်တိုင် မမှားဘူးလို့သာ ခံယူကြကြောင်း၊ ဗဟိုကချမှတ်ပေးထားတဲ့အပေါ် မလုပ်ဆောင်နိုင်အောင် တားမြစ်တဲ့အပေါ်မှာ ဗဟိုအနေနဲ့ အရေးယူ ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ “ဥပမာပေါ့ဗျာ လူတယောက်က သူပြည်သူလို့ ပြောပြီ သူက ဒီလူတယောက်ကို ပါစေချင်တယ်။ ဒါ သူ့အပြောလေ။ ကျနော်တို့က ဒီထဲမှာ ဘာဖြစ်နေလဲဆိုတော့ မဲဆန္ဒနယ်ထဲမှာ သောင်းနဲ့ချီ မဲပေးကြမှာကိုး။ ကျန်တဲ့သူတွေအတွက်ကို သူက ဘယ်လိုပြောမလဲ။ ဒါတွေကို မြင်ရမယ်လေ။ ဗဟိုချုပ်ကိုင်မှု များတယ်ဆိုရင် NLD လို ပြင်ပေးပါတယ်ဆိုတဲ့ ပါတီ ဘယ်နှစ်ပါတီတွေ့ပါလဲဗျာ။ ပြည်သူလူထုက ပြောနေတယ်လို့ မကြားဘူးဗျ။ အခုပြောနေတာက ကျနော်ပြောတာ ဒေသက NLD ပြည်သူက ပြောနေတယ်လို့ ဒီလိုပြန်ပြီးတော့ ပြောနေကြတာ။ ကျနော်မြင်နေတာက ဘယ်လိုလဲဆိုတော့ ထုတ်လိုက်တယ် ဆိုတဲ့အထဲမှာလည်း ပြန်ကြည့်လိုက်ပါဦး။ နောက်ပြီးတော့ကာ ဘယ်သူပါနေလဲဆိုတော့ NLD အဖွဲ့ဝင်တွေချည်းပါပဲ။”

နိုင်ငံရေးစိတ်ဝင်စားသူ ရန်ကုန်မြို့ခံ ကိုသီဟကတော့ NLD လူရွေးမှုအပေါ်သူ့အမြင်ကို အခုလို ပြောပါတယ်။

“၈၈ ဆိုတဲ့ ကိစ္စမျိုးကျတော့ လူထုကိုယ်တိုင်က အားမရဘူး။ ၈၈ ပါဝင်မယ် ဆိုတဲ့အချိန်က တော်တော်များများက နိုင်ငံရေးအရ လူထုလည်း အားတက်သွားတယ်။ အံ့သြသွားပြီ သတိထားသွားတယ်ပေါ့နော်။ နောက်ပြီးတော့ ၈၈ လိုမျိုး ဒီလိုအင်အားစုတွေ ပါမယ့်ဆိုတဲ့ Political Message က အတိုင်းအတာတခုအထိ နိုင်ငံရေးကိုရော လာမယ့်ရွေးကောက်ပွဲကိုရော ရိုက်ခတ်မှုရှိတယ်။ တချို့နေရာတွေဆို နိုင်ပြီလို့ပြောလို့ရတယ်။ ဒီလိုနေရာမျိုးကျတော့ ပါတီကိစ္စမဟုတ်တော့ဘူး။ မဲဆန္ဒရှင်တွေကိုယ်တိုင်က မျှော်မှန်းတဲ့ကိစ္စတွေ ပါလာတယ်။ အခု အားလုံးကတော့ ဒီ NLD ပါတီကိုပဲ အားပေးရမယ်။ အပြောင်းအလဲအတွက် ရည်မှန်းချက်ဆိုတာ ရှိကြတာ မှန်သော်လည်းပဲ တချို့နေရာတွေမှာ ယှဉ်ပြိုင်မယ့် အင်အားကြီးတဲ့ နေရာမျိုးတွေရှိတယ်။ ဒီလိုနေရာမျိုးတွေမှာ တော်တယ်လို့ နာမည်ကျော်ကြားတဲ့ လူပုဂ္ဂိုလ်ကို ထည့်သွင်းစဉ်းစားကို စဉ်းစားရမယ်။ NLD က အဲ့တာစဉ်းစားတာ အားနည်းတဲ့အတွက် လူတွေအများစုနေတဲ့ မြို့ပြလို နေရာမျိုးတွေမှာတော့ NLD အနေနဲ့ အခက်အခဲ ဖြစ်သွားနိုင်တယ်။

ကိုသီဟာ တိုင်းပြည်အပြောင်းအလဲအတွက် လာမယ့် ရွေးကောက်ပွဲမှာ NLD ကို နိုင်စေချင်ကြောင်း ဒါပေမဲ့ လက်ရှိ NLD ပါတီ အပေါ်မှာ သူ့အမြင်ကို အခုလို ပြောပါတယ်။

“တိုင်းပြည်မှာတော့ အပြောင်းအလဲတခု လိုတဲ့အတွက်မို့လို့ အုပ်ချုပ်ရေးနယ်ပယ်မှာ အရပ်သားတွေ နိုင်ငံရေးသမားတွေ အရည်အချင်းရှိတဲ့ နိုင်ငံရေးကို စိတ်ဝင်စားတဲ့ အရပ်သားတွေ ပါဝင်လာတာကို ကြိုက်တယ်၊ တပ်ကနေ အာဏာကို လက်ဆင့်ကမ်းလာတဲ့ ယဉ်ကျေးမှုကို ဖျက်သိမ်းပြီးတော့ တော်တဲ့ တတ်တဲ့ အရပ်သားအစိုးရတရပ်ပေါ်ပေါက်လာရေးကို ရှေးရှု့တဲ့ လိုလားတဲ့သူ တယောက်ဖြစ်တယ်ပေါ့နော်။ အဲဒီအတွက် NLD ကို နိုင်စေချင်တယ်။ ဒါပေမဲ့လည်း NLD ဟာ တိုင်းပြည်ကို အုပ်ချုပ်နိုင်တဲ့ ပါတီတခုလားဆိုတော့ ကိုယ့်အနေနဲ့ ပွင့်ပွင့်လင်းလင်း သုံးသပ်ရရင် တိုင်းပြည်အုပ်ချုပ်နိုင်လောက်တဲ့ ပါတီတခုတော့ မဖြစ်သေးဘူး။ NLD အနေနဲ့ တိုင်းပြည်ကို အုပ်ချုပ်နိုင်တဲ့ အဆင့်အတန်း ရောက်အောင်တော့ သူ့ပါတီကို ထူထောင်ဖို့လည်း တချိန်တည်းမှာ လိုသေးတယ်။”

လက်ရှိမှာ NLD အနေနဲ့ ဝင်အရွေးခံမယ့် လွှတ်တော် ကိုယ်စားလှယ် လောင်းစာရင်းတွေ ထုတ်ပြန်တဲ့အခါမှာ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ၊ နာမည်ရ တက်ကြွလှုပ်ရှားသူတွေ၊ အထင်ကရ နိုင်ငံရေးသမားတွေ မပါဝင်ပါဘူး။ ဒီအပြင် တိုင်းရင်းသား နိုင်ငံရေး အင်အားစု နယ်မြေတွေ အားလုံးနီးပါးမှာ ဝင်ပြိုင်ဖို့ ရှိပါတယ်။ ဒီလိုအချက်တွေကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုအပေါ် ဘဝင်မကျ ဖြစ်နေကြတယ်လို့ NLD ပါတီဝင်တချို့က ပြောဆိုနေကြပါတယ်။

XS
SM
MD
LG