သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ မဲမသမာမှုရှိမှာ ဒေါ်စုစိုးရိမ်


(Credit: AFP)
(Credit: AFP)

၂၀၁၅ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှု ရှိမယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ အပြတ်အသတ် အနိုင်ရမယ်လို့ သူယုံကြည်ကြောင်း NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက် ပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်မှုမှာ ရရှိတဲ့ တိုးတက်မှုနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ စိုးရိမ်မှုတွေ ရှိနေသေးတယ်လို့ AFP နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။ အသေးစိတ်ကိုတော့ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ NLD အနေနဲ့ မဲအများဆုံး ရမှာ သေချာတယ်လို့ သူ့အနေနဲ့ မျှော်လင့်ထားကြောင်း မနေ့က AFP နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ လွှတ်တော်နေရာ အများစုအတွက် NLD အနေနဲ့ နိုင်ခြေ ရှိ မရှိ မေးမြန်းရာမှာတော့ ရွေးကောက်ပွဲဟာ အမှန်တကယ် လွတ်လပ်ပြီး တရားမျှတမယ်ဆိုရင် သူ့ပါတီအနေနဲ့ အနိုင်ရမယ်လို့ ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါ့အပြင် NLD အနေနဲ့ ပီပြင်တဲ့ အစိုးရဖွဲ့နိုင်အား ရှိတယ်လို့ ဆိုပါတယ်။

“ကျမတို့ရှေ့မှာ အုပ်ချုပ်ခဲ့တဲ့ အစိုးရတွေကို ကြည့်ခြင်းအားဖြင့် ကျမတို့ နိုင်ခဲ့ရင် ပိုပြီး ပီပြင်ကောင်းမွန်တဲ့ အစိုးရ ဖွဲ့ပေးနိုင်မယ့် အခြေအနေ ကျမတို့မှာ ရှိတယ်လို့ ကျမ ယူဆပါတယ်။”

ဒါပေမဲ့လည်း ရွေးကောက်ပွဲမှာ ဘာသာရေးလွှမ်းမိုးမှုအပြင် မဲ မသာမာမှုတွေအတွက် သူ့အနေနဲ့ စိုးရိမ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“လာမယ့် ရွေးကောက်ပွဲမှာ မသမာမှုတွေ၊ မဲကလိမ်ကျမှုတွေ စသဖြင့်တို့ ရှိမှာကို ကျမတို့ မစိုးရိမ်ဘူးလားလို့ မေးမယ်ဆိုရင်တော့ ကျမတို့ စိုးရိမ်မကင်း မဖြစ်ဘဲ ဘယ်နေပါ့မလဲလို့ ပြန်ဖြေရမှာပါ။”

ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့တဲ့ မဲဆန္ဒရှင်စာရင်းတွေမှာ တော်တော်များများ မှားယွင်းနေတဲ့အတွက် NLD အနေနဲ့ ဝေဖန် ကန့်ကွက်ထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက် အများဆုံး ၁,၁၅၁ ဦးနဲ့ ပါဝင်ယှဉ်ပြိုင်မယ့် NLD အနေနဲ့ ရွေးကောက်ပွဲကနေ နောက်ဆုတ်ဖို့ အကြောင်းမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။ တဘက်မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံရဲ့ သမ္မတအဖြစ် ထမ်းဆောင်ခွင့်မရှိတဲ့အတွက် NLD အနိုင်ရခဲ့ရင် လွှတ်တော်မှာ သမ္မတ ရွေးကောက်တင်မြှောက်ဖို့အတွက် NLD အနေနဲ့ အဆိုတင်သွင်းမယ့် သမ္မတလောင်းအမည်ကို ရွေးကောက်ပွဲပြီးမှ ကြေညာမှာဖြစ်ပြီး အဲဒီပုဂ္ဂိုလ်ဟာလည်း ပါတီတွင်းကပဲ ဖြစ်တယ်လို့ တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အတည်ပြု ပြောခဲ့ပါတယ်။ အရင်ကတော့ ဗိုလ်ချုပ်ဟောင်းတဦးဖြစ်တဲ့ ပြည်သူလွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကို NLD အနေနဲ့ သမ္မတလောင်း အမည်စာရင်း တင်သွင်းနိုင်မယ့် အလားအလာ ရှိတယ်လို့ အများက ထင်ကြေးပေးခဲ့ကြတာပါ။

လက်ရှိ လွှတ်တော်ကိစ္စရပ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နေတဲ့ သူရဦးရွှေမန်းကို သြဂုတ်လ ၁၂ ရက်နေ့က သူ့ပါတီဖြစ်တဲ့ အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ရာထူးကနေ ညတွင်းချင်း အင်အားသုံးပြီး ရုတ်တရက် ဖယ်ရှားခဲ့တာနဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ဝေဖန်ပါတယ်။

“ကျမတို့ နိုင်ငံအနေနဲ့ ဒီမိုကရေစီကို ဖော်ဆောင်တဲ့လမ်းကြောင်းကို ဦးတည်သွားနေတယ်လို့ ယူဆခံထားရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ဖြစ်ရပ်တွေကို ကြည့်ခြင်းအားဖြင့်တော့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရာမှာ ခရီးသိပ်မပေါက်သေးဘူး ဆိုတာကို တွေ့ရပါတယ်။”

NLD အတွက် နိုဝင်ဘာလမှာကျင်းပမယ့် ရွေးကောက်ပွဲဟာ ၁၉၉၀ ခုနှစ်နောက်ပိုင်း ၂၅ နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ် တနိုင်ငံလုံး အတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD အနေနဲ့ အပြတ်အသတ် အနိုင်ရခဲ့ပေမဲ့ စစ်တပ်ကနေ အာဏာလွှဲပြောင်း ပေးအပ်ခဲ့ခြင်း မရှိပါဘူး။

ဒါပေမဲ့ မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ လွတ်လပ်မှုနဲ့ တရားမျှတမှု ရှိနေသမျှ NLD အနိုင်ရမယ်ဆိုရင် စစ်တပ်အနေနဲ့ လက်ခံကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယာယီစာနယ်ဇင်းကောင်စီနဲ့ တနင်္လာနေ့က တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။ စစ်တပ်အနေနဲ့လည်း လာမယ့်ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှုရှိတာကို လိုလားကြောင်းနဲ့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာမယ့် ရလဒ်အဖြေကိုလည်း ထောက်ခံ အတည်ပြုမှာဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်ရှင်။

XS
SM
MD
LG