သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုက်အခံ NLD ရွေးကောက်ပွဲ စည်းရုံးရေး နှောင့်ယှက် ခံရမှုရှိနေ


မန္တလေးတိုင်းဒေသကြီး NLD ကိုယ်စားလှယ်လောင်း များရဲ့ ပြည်သူနဲ့မိတ်ဆက်ပွဲ အလှပြကား ။ (ဓာတ်ပုံ -NLD မိတ္ထီလာ)
မန္တလေးတိုင်းဒေသကြီး NLD ကိုယ်စားလှယ်လောင်း များရဲ့ ပြည်သူနဲ့မိတ်ဆက်ပွဲ အလှပြကား ။ (ဓာတ်ပုံ -NLD မိတ္ထီလာ)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ မန္တလေးတိုင်း လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ရဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွေမှာ အနှောက်အယှက် တချို့ ရှိနေတယ်လို့ NLD ပါတီ မန္တလေးတိုင်းအောင်နိုင်ရေးအဖွဲ့က ပြောပါတယ်။ ကိုယ်စားလှယ်လောင်း တွေရဲ့ ဗီနိုင်း-ဆိုင်းဘုတ်တွေလဲ အဖျက်ဆီးခံနေရတယ်လို့ ဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ်မှာ NLD ပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်စိုးရဲ့ မဲဆွယ် စည်းရုံးရေးခရီး ကို ဒေသခံ တချို့က နှောက်ယှက်တာတွေ ရှိတယ်လို့ NLD ပါတီ မန္တလေးတိုင်း အောင်နိုင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရွှေလှက ရှင်းပြပါတယ်။

" ပျော်ဘွယ်ကို လာနှောင့်ယှက်တာ ပထမ တကြိမ်တုန်းကကျတော့ မဲဆွယ် စည်းရုံးရေး သွားတဲ့အခါမှာ လူအုပ်စုနဲ့ပေါ့ ဘေးကနေ လိုက်ပြီးတော့ အသံတွေ အမူအယာတွေနဲ့ နှောင့်ယှက်တယ်။ အမျိုးသမီးလေးတွေကိုလည်း မဖွယ်မရာ သဘောမျိုးပေါ့လေ ပြောဆိုတာတွေ အသံအမူအယာတွေ ပြတာတွေရှိတယ်။ နောက် ကျနော်တို့ မဲဆွယ်စည်းရုံးရေးသွားတဲ့လူတွေ ရဲ့ ကြားထဲကို ဆိုင်ကယ်တွေနဲ့ ဝင်ပြီးတော့ သွားရေးလာရေးကို အနှောင့်အယှက်ဖြစ်အောင် ဟန့်တားနှောင့်ယှက် တာမျိုးတွေ လုပ်တယ်။ မဲဆွယ်စည်းရုံးရေးသွားတဲ့အခါမှာ သတင်းလိုက်ယူတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ၊ နယ်ထိန်းတွေ၊ SP တွေ ပါတယ်ပေါ့။ အဲ့တာကို သူတို့က မထိန်းပေးဘူး။ နောက်ပိုင်းကျလို့ရှိရင် ပြသနာတွေ အကျယ် အကျယ်ဖြစ်လာလို့ရှိရင် မသင့်တော်ဘူး ဆိုပြီး ကျနော်တို့ ကော်မရှင်ကို တိုင်လိုက်ပါတယ်။

နောက်ပြီးတော့ ပြီးခဲ့တဲ့ တစ်ပတ် ပတ်ဝန်းကျင်လောက်က ကျနော်တို့ မဲဆွယ် စည်းရုံးရေး သွားတဲ့အခါ ကျနော်တို့ အဖွဲ့ဝင်ထဲက နှစ်ယောက်ကို လင်မယားနှစ်ယောက် ကနေ တုတ်နဲ့ လိုက်ရိုက်တာမျိုးတွေ လုပ်တယ်လို့ပြောတယ်။ အဲ့တာနဲ့ပတ်သက်လို့တော့ တရားစွဲထားတယ်။ ပျော်ဘွယ်နယ်ပဲ။"

မန္တလေးတိုင်း မိတ္ထီလာမြို့နယ်နဲ့ နေပြည်တော် ဇမ္ဗူသီရီမြို့နယ်က NLD ကိုယ်စားလှယ်လောင်းတွေဟာလဲ မဲဆွယ်စည်းရုံးရေး သွားချိန်မှာ နှောင့်ယှက် တာတွေနဲ့ ကြုံရတယ်လို့ ဦးရွှေလှကပြောပါတယ်။

"မိထ္ထီလာနယ်မှာတော့ တပ်မတော် ချည်မျှင်နဲ့ အထည်စက်ရုံ အဲ့ဒီ့နေရာမှာတော့ အရင်တုန်းကကျတော့ ပြည်သူ့ချည်မျှင်နဲ့ အထည်စက်ရုံ ပေ့ါ။ စစ်အစိုးရ မတက်ခင်တုန်းက ကျနော်တို့ မိတ္ထီလာကနေ တောင်ကြီးသွားလို့ရှိရင် ဝန်ထမ်းအိမ်ယာနဲ့ ရပ်ကွက်ရှိတယ်ခင်ဗျ။ အဲ့ဒီ့ရပ်ကွက်ထဲကို ကျနော်တို့ မိထ္ထီလာက တိုင်း၊ ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ကိုကို သွားပြီးတော့ မဲဆွယ်စည်းရုံးတဲ့အခါမယ် အုပ်ချုပ်ရေးမှူးတွေရယ် စက်ရုံက မဲဆွယ်စည်းရုံးခွင့် မရှိဘူးဆိုပြီး ဟန့်တားတာ ရှိတယ်ခင်ဗျ။ ဒါက ကျနော်တို့ စက်ရုံလုပ်သားတွေ အလုပ်လုပ်နေတာနဲ့ မသက်ဆိုင်တဲ့ ရပ်ကွက် လူနေရပ်ကွက်၊ ဝန်ထမ်းအိမ်ယာပေ့ါ။ အိမ်ယာတွေဘက်ကို ဝင်ပြီး စည်းရုံးတာဖြစ်တဲ့အတွက် စက်ရုံနယ်နမိတ်ဖြစ်တဲ့ အတွက် ကျနော်တို့ စည်းရုံးခွင့်ရှိတယ်။ စည်းရုံးခွင့် ပေးပါဆိုတာကို လုံးဝ ခွင့်မပြုဘူးခင်ဗျ။ "

မန္တလေးကျုံးမြောက်ဖက် လူမြင်ကွင်းမှာ ဘယ်သူမှန်း မသိရသေးသူတွေ က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့ ဗီနိုင်းတွေကို လာချိတ်ဆွဲခဲ့တာမျိုး ရှိကြောင်း မန္တလေးတိုင်း NLD အောင်မြေသာဇံမြို့နယ် ဘဏ္ဍာရေးမှူး ကိုဂျင်းနား(ခေါ်) ကိုခင်မောင်ထွေးက ပြောပါတယ်။

"ကျူံးမြောက်ဘက်မှာ ရှိတဲ့ အဖွဲ့ချုပ် မြို့နယ်ရုံး နဲ့ မျက်စောင်းထိုးလေးပေါ့ ကျုံးကာထားတဲ့ သံဗန်းမှာ လာချည်သွားတယ်ဗျ။ ဘာသာရေးမှိုင်းတိုက် တဲ့ဟာတွေပေါ့။ ဒေါ်အောင်ဆန်းစုကြည် မိသားစုပုံပေါ့နော်။ သူ့သားတွေ ပသိုင်းမွှေးတွေနဲ့ပုံပေါ့ ပြောရင်တော့ အစ္စလာမ်ဘာသာပုံ ပေါက်နေတဲ့ဟာကို ယူထားပြီးတော့မှ ခေါင်းစီးက ဘာတပ်လိုက်လဲဆိုတော့ ဒေါင်းယောင်ဆောင်သော ကျီးမ ဆိုပြီးတော့ ဗီနိုင်းရဲ့အပေါ်မှာ ခေါင်းစဉ်တပ်လိုက်တယ်။ အောက်မှာ ဓာတ်ပုံအားဖြင့် ၈ ပုံလောက် ပါမယ်။ အဲ့ဒီ့ ၈ပုံလောက်မှာ အဓိက က တိုင်းတပါးသားကို ယူထားတယ်ပေါ့နော်။ နောက်တခါ သူ့သားတွေရဲ့ ပသိုင်းတွေနဲ့ပုံကို ပြထားပြီးတော့မှ ကျနော်တို့နိုင်ငံကြီးက ဒါကြီးကို ယုံစားမယ်ဆိုရင် ဘာသာတွေ ပျောက်သွားမယ်ဆိုတာကို အဲ့တာကို ရေးပြီးတော့မှ ချိတ်ထားတာ။ မနက်စောစော ချိတ်သွားတယ်ဗျ။ အဲ့တာလေ။"

မန္တလေးတိုင်း တခုလုံးကို ခြုံကြည့်ရင်တော့ NLD ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ကြော်ညာ ဆိုင်းဘုတ်တွေ အဖျက်ဆီးခံနေရတယ်လို့ ဦးရွှေလှကပြောပါတယ်။

" တခြားနှောင့်ယှက်တာတွေက ကျတော့ တခြားကိုယ်စားလှယ်လောင်းတွေရဲ့ ဆိုင်းဘုတ်တွေ ဗီနိုင်းတွေကို လိုက်ဖျက်တာတော့ အများဆုံး ဖြစ်တယ်ခင်ဗျ။ အဲ့တာကတော့ ကျနော်တို့ မန္တလေးမြို့ပေါ်မှာတင် ပုသိမ်ကြီးမြို့နယ် ဖြစ်တယ်။ မဟာအောင်မြေနယ်ဖြစ်တယ်ပေါ့။ တခြားနယ်တွေလည်း အဲ့လို ဖြစ်တယ်။ သာစည်ဘက်လည်း ဖြစ်တယ်။ နေရာတိုင်းလိုလို တော်တော်များများမှာ ဖြစ်ကြတယ်။ ဒါပေမဲ့ အဲ့ဒီ့ဟာကတော့ လူကိုယ်တိုင်ကတော့ မတွေ့ရဘူးပေါ့။ ညတွေ ဘာတွေ လူမမြင်နိုင်တဲ့ အချိန်တွေမှာ လာပြီးတော့ နှောင့်ယှက်တာ။ "

မန္တလေးတိုင်းမှာ NLD ကိုယ်စားလှယ်လောင်း ၁၀၄ ဦးဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါ တယ်။

XS
SM
MD
LG