သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD လုပ်ဆောင်ချက် ဥရောပသမဂ္ဂ ဆက်ထောက်ခံသွားမည်


NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒီမိုကရေစီရေး ဆောင်ရွက်မှုနဲ့ မြန်မာပြည်သူတွေ အတွက် ကြိုးပမ်း ဆောင်ရွက်ချက်တွေကို EU ဥရောပသမဂ္ဂက ဆက်ပြီး ထောက်ခံသွားမယ်လို့ ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီးတွေက NLD ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် အခုလို ပြောခဲ့ကြတာ ဖြစ်ပါတယ်။ NLD ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်တဲ့ ရွေးကောက်ပွဲ အပေါ်မှာ NLD က ဘယ်လို သဘောထားသလဲ ဆိုတာကိုလည်း EU သံအမတ်ကြီးတွေက မေးခဲ့ကြတဲ့ တွေ့ဆုံ ဆွေးနွေးပွဲ အကြောင်းကို မသင်းသီရိက တင်ပြပေးထားပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ အပေါ်မှာ NLD ရဲ့ သဘောထားကို EU သံအမတ်တွေက မေးမြန်းခဲ့ကြပေမဲ့ သူတို့ရဲ့ ရွေးကောက်ပွဲဆိုင်ရာ သဘောထားကိုတော့ ပြတ်ပြတ်သားသား ပြောမသွားပါဘူး။ ဒါပေမဲ့ NLD ပါတီရဲ့ ဒီမိုကရေစီရေး ရှေ့လုပ်ငန်းစဉ်တွေကိုတော့ EU ဥရောပသမဂ္ဂ အဖွဲ့ကြီးက အပြည့်အ၀ တသဘောတည်း ဆက်လက် ထောက်ခံသွားမယ်လို့ ပြောသွားခဲ့ကြောင်း ဒီ တွေ့ဆုံ ဆွေးနွေးမှုမှာ ကိုယ်တိုင် ပါဝင်ခဲ့သူလည်းဖြစ်၊ NLD ပါတီရဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် တဦးလည်း ဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ လက်ခံရေး၊ လက်မခံရေးကို သူတို့ မပြောဘူး။ သူတို့ဘက်က ဆောင်ရွက်ပေးမှာက သူတို့ အရင်တုန်းကလည်း NLD ကို Support လုပ်ခဲ့တယ်၊ နောက်လည်း ဆက်လက် Support လုပ်မယ်၊ NLD ရဲ့ ရပ်တည်ချက်ကို သူတို့ လေးစားတယ်ဆိုတာ ပြောသွားပါတယ်။ အဖွဲ့ချုပ်က ရည်ရွယ်တဲ့ ပြည်သူလူထု အကျိုးရှိမယ့် ဒီမိုကရေစီ၊ လူ့အခွင့်အရေး ဒီလိုဟာတွေအတွက် ကျနော်တို့ Struggle၊ ကျနော်တို့ရဲ့ ကြိုးစား ဆောင်ရွက်မှုတွေကို EU အဖွဲ့က ဆက်လက် ထောက်ခံမယ်ဆိုတဲ့ သဘောကို အန်ကယ်တို့ ရပါတယ်။”

အထူးသဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ သပိတ်မှောက်တာ လုပ်မလားဆိုတဲ့ မေးခွန်းကို EU ဥရောပသမဂ္ဂ အဖွဲ့ဝင် သံအမတ်တွေက NLD ခေါင်းဆောင်တွေကို မေးမြန်းခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး Boycott လုပ်မလုပ်ဆိုတာ အန်ကယ်တို့က နှစ်ပိုင်း ပြောပါတယ်။ တပိုင်းက အဖွဲ့ချုပ်ကတော့ ရွေးကောက်ပွဲကို Boycott လုပ်တယ်၊ Boycott လုပ်လို့ မဝင်ဘူး၊ အဲတော့ ပုဂ္ဂိုလ်တဦးချင်း Individual အနေနဲ့ ရွေးကောက်ပွဲကို Boycott လုပ်ရေး၊ မလုပ်ရေးဆိုတာ ဒီပုဂ္ဂိုလ်တဦးချင်းကပဲ ဆုံးဖြတ်ကြဖို့၊ အဖွဲ့ချုပ် အနေနဲ့တော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ တိုက်တွန်းတာမျိုး လုပ်လို့မရဘူး၊ ဒါမျိုး တိုက်တွန်းရင် ဥပဒေဆိုင်ရာ ပြဿနာ ပေါ်နိုင်တယ် ဆိုတာကို ကျနော်တို့ ရှင်းပြခဲ့တယ်။”

တခါ NLD ပါတီကနေ ခွဲထွက်သွားပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်မယ့် သူတွေအပေါ် NLD ရဲ့ သဘောထားကိုလည်း မေးမြန်းခဲ့ကြတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျန်တဲ့ ဒီမိုကရက်တစ် အင်အားစုတွေက ရွေးကောက်ပွဲ ဝင်တာနဲ့ ပတ်သက်ပြီးတော့ ဘယ်လို သဘောထားသလဲလို့ မေးပါတယ်။ ကျနော်တို့ဆီက ဆရာ ဦးဝင်းတင်က ဖြေပါတယ်၊ ဒီမိုကရေစီ ကျင့်စဉ်ကို လိုက်နာတဲ့ လူတွေနဲ့ သူတို့ရဲ့ Choice ကို ကျနော်တို့ မှားတယ်၊ မှန်တယ် ကျနော်တို့ မပြောပါဘူး။ သို့သော် NLD က ဘာ့ကြောင့် ရွေးကောက်ပွဲ ပါဝင်ပတ်သက်ခြင်းနဲ့ ပတ်သက်ပြီးတော့ ဘာ့ကြောင့် ဆုံးဖြတ်ရတယ်ဆိုတဲ့ အခြေအနေတွေကို ရှင်းပြပါတယ်။”

NLD ပါတီရဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်ကို ရောက်နေတဲ့ ဘန်ကောက်အခြေစိုက် EU နိုင်ငံတွေရဲ့ သံအမတ်တွေနဲ့ ရန်ကုန်အခြေစိုက် EU အဖွဲ့ဝင် နိုင်ငံတချို့က သံအမတ်တွေနဲ့ပါ NLD ခေါင်းဆောင်တွေ ဒီကနေ့ မနက် ၁၀ နာရီလောက်က ရန်ကုန်မှာရှိတဲ့ ဂျာမဏီနိုင်ငံရဲ့ သံအမတ်ကြီး နေအိမ်မှာ တနာရီကျော်ကြာ တွေ့ဆုံခဲ့ကြပါတယ်။ EU အလှည့်ကျ ဥက္ကဋ္ဌ စပိန်နိုင်ငံက သံအမတ် အပါအဝင် ဖင်လန်၊ ဆလိုဗက်ကီးယား၊ ဒိန်းမတ်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ဂျာမဏီ၊ အီတလီ၊ ပြင်သစ် စတဲ့ EU နိုင်ငံတွေက သံအမတ်တွေအပြင် ဘန်ကောက်အခြေစိုက် EU ဥရောပသမဂ္ဂရုံးက ဒါရိုက်တာလည်း ပါဝင်ခဲ့သလို NLD ဘက်က ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဦးဝင်းတင်၊ ဦးဟံသာမြင့်၊ ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်တို့လည်း ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ ဝင်ဖို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်တဲ့ NLD ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ EU ဥရောပသမဂ္ဂ သံအမတ်တွေ တွေ့ဆုံခဲ့သလို အမေရိကန်က အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) လည်း တွေ့ဆုံခဲ့သလို မကြာသေးခင် ရက်ပိုင်းကပဲ ချက်သမ္မတနိုင်ငံက ထိပ်တန်း တာဝန်ရှိသူ တဦးနဲ့လည်း တွေ့ဆုံခဲ့တာတွေ ရှိပါတယ်။

XS
SM
MD
LG