သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုကိုးကျွန်း မဲဆွယ်လှုပ်ရှားမှု NLD အခက်ကြုံ


ကိုကိုးကျွန်း
ကိုကိုးကျွန်း

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေကို ပါတီအသီးသီးက အရှိန်မြှင့် ဆောင်ရွက် လာနေတာမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကိုကိုးကျွန်းမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆွယ်စည်းရုံးဖို့ အတားအဆီးအခက်အခဲတွေ ရှိနေတယ်လို့ NLD ပါတီကိုယ်စားလှယ်လောင်း ဦးဝင်းမင်းက ပြောပါတယ်။ ရွေးကောက်ပွဲကော်မရှင်ရဲ့ အဆိုအရ ကိုကိုးကျွန်းမှာ မဲပေးနိုင်သူပေါင်း ၁,၅၇ဝ ရှိတယ်လို့ သိရပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ရက် ၆၀ သာ သတ်မှတ်ပေးထားတာကြောင့် မဲဆွယ် စည်းရုံးဖို့ ကိုကိုးကျွန်းကိုသွားနိုင်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပြီး အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရပြီးတဲ့နောက်မှ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ကိုကိုးကျွန်းမဲဆန္ဒနယ်မြေက ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေ အခု အောက်တိုဘာလ ၂၂ ရက်နေ့မှာ ရောက်ရှိသွားခဲ့ကြတာပါ။

ကိုကိုးကျွန်းရောက်ပြီး မဲဆွယ်စည်းရုံးတဲ့နေရာမှာ ကန့်သတ် တားဆီးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမင်းက ဗွီအိုအေကို ပြောပါတယ်။

“ကိုကိုးကျွန်းမြို့က ရပ်ကွက်က ၂ ခုပဲရှိပါတယ်။ တမြို့နယ်လုံးက- အမှတ် (၁) ရပ်ကွက်နဲ့ အမှတ် (၂) ရပ်ကွက်။ အဲဒီတော့ မြို့ထဲမှာလှည့်လည်ပြီးတော့ မဲဆွယ်စည်းရုံးရေးလုပ်တဲ့အခါမှာ “ကန့်သတ်နယ်မြေ” - ၊ “တာဝန်မှအပ မဝင်ရ” - ဆိုတဲ့ဆိုင်းဘုတ်တွေကို ကျနော်တို့ တွေ့ရပါတယ်။ အဲဒီတော့ ကျနော်တို့က မဝင်ပါဘူး။ မဝင်ဘဲနဲ့ သွားလို့ရတဲ့ရပ်ကွက်ထဲကိုပဲ ကျနော်တို့ မဲဆွယ်စည်းရုံးရေးကို ဆောင်ရွက်ပါတယ်။ အဲဒီတော့ တမြို့နယ်လုံးမှာ ကျနော်တို့ မဲဆွယ်စည်းရုံးရေးဝင်လို့ရတဲ့အိမ်ခြေဟာ ၁၃၀ ကျော်လောက်ရှိပြီး မဲဆန္ဒရှင်က ၃၀၀ ကျော်လောက်ပဲ ကျနော်တို့ မဲဆွယ်စည်းရုံးလို့ရပါတယ်။ အဲဒီ ကန့်သတ်နယ်မြေ၊ မဝင်ရ - ဆိုတဲ့ဆိုင်းဘုတ်တွေကလည်း အောက်တိုဘာ ၁၉ ရက်နေ့ကမှ စတင်ပြီး သူတို့ စိုက်ထူတယ်လို့ ကျနော်တို့သိရပါတယ်။”

ကန့်သတ်နယ်မြေသတ်မှတ်မှုနဲ့ တာဝန်မှအပ မဝင်ရတဲ့ တားမြစ်ပိတ်ပင်မှုတွေ လုပ်ဆောင်ထားတာနဲ့ ပတ်သက်လို့ ကိုကိုးကျွန်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြခဲ့တဲ့အကြောင်း ဦးဝင်းမင်းက ပြောပါတယ်။

“အဲဒီတော့ ကျနော်တို့က ဒီကန့်သတ်နယ်မြေကို ဘယ်သူက ကန့်သတ်ထားတာလဲ၊ ဘာ့ကြောင့် ကျနော်တို့မဝင်ရသလဲဆိုတာ ၂၂ ရက်နေ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင်နဲ့ ကျနော်တို့ သွားရောက်တွေ့ဆုံ ဆွေးနွေးပါတယ်။ သွားရောက်တွေ့ဆုံဆွေးနွေးပြီးတော့ ကန့်သတ်နယ်မြေအတွင်း မဲဆွယ်စည်းရုံးခွင့်ရရှိဖို့အတွက် သက်ဆိုင်ရာဌာနများနဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့ ကျနော် မြို့နယ်ကော်မရှင်ကို ၂၄ ရက်နေ့က ကျနော် စာတင်ခဲ့ပါတယ်။ အောက်တိုဘာ ၂၅ ရက်နေ့မှာ မြို့နယ်ကော်မရှင်က ကျနော့်ကို အကြောင်းပြန်ပါတယ်။ ကိုကိုးကျွန်းမြို့နယ်အတွင်းရှိ-ပေါ့နော်- တပ်ပိုင်မြေဖြစ်သည့် စစ်ရေးနဲ့ လုံခြုံရေးအရ သတ်မှတ်ထားတဲ့ ကန့်သတ်နယ်မြေတွေမှာပေါ့နော်- မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ခွင့်မပြုကြောင်း- ဆိုပြီးတော့ သူက ကျနော့်ကို အကြောင်းပြန်ပါတယ်ခင်ဗျ။ ကျနော်က ပြောပြပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဥပဒေအရ စစ်တပ်ဧရိယာအတွင်း မဲဆွယ်စည်းရုံးခွင့်မရှိဘူးဆိုတာ မပါပါဘူး၊ အဲဒီတော့ ကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပဒေကို ချိုးဖောက်နေတာ ကျနော်တို့မဟုတ်ဘဲနဲ့ တပ်ပိုင်းက ချိုးဖောက်နေတာကို သူတို့ကို ကျနော်တို့က တင်ပြပါတယ်။ အောက်တိုဘာ ၂၅ ရက်နေ့ ညနေ ၄ နာရီလောက်က ကျနော် အမှတ် ၂၇ ၊ ရေတပ်စခန်းတပ်မှူးနဲ့ စခန်းမှူးနဲ့ သွားရောက်တွေ့ဆုံပါတယ်။ ဂိတ်ဝမှာ စခန်းမှူးနဲ့တော့ မတွေ့ရပါဘူး။ စခန်းမှူးက ကျနော်တို့ရဲ့ USDP ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ ရေတပ်ကာကွယ်ရေးဦးစီးချုပ် အငြိမ်းစား သူရဦးသက်ဆွေ ရောက်ရှိနေတဲ့အတွက် ကိုကိုးကျွန်းမြို့ပေါ်ကို သွားတယ်လို့ တပ်က ပြောပါတယ်။ အဲဒီက စခန်းမှူး ဒုဗိုလ်မှူးကြီး စိုင်းသက်နိုင်နဲ့ ကျနော် တွေ့ခွင့်မရခဲ့ပါဘူးခင်ဗျ။”

ကိုကိုးကျွန်းမှာ NLD ပါတီနဲ့ အဓိကယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ် စည်းရုံးမှုတွေကတော့ NLD ပါတီ ကိုယ်စားလှယ်လောင်းတွေလောက် အခက်အခဲမရှိခဲ့ဘူးလို့ ဦးဝင်းမင်းက ဆက်ပြောပါတယ်။

“ကျနော်တို့ မရောက်ခင်မှာတော့ ကျနော်တို့ရဲ့ပြိုင်ဘက်ပါတီဖြစ်တဲ့ USDP ပါတီကနေပြီးတော့ အဲဒီနေရာတွေမှာ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေကို ဆောင်ရွက်တယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်အရ ကျနော်တို့ သိရပါတယ်။ ဒေသခံတွေက အဲဒီဝင်းထဲကိုတော့ သူတို့ ဈေးရောင်းတာတို့၊ ထင်းခွေသွားတာတို့၊ အလုပ်သွားလုပ်တာတို့တော့ ရှိတယ်ပေါ့နော်။ အဲဒီမှာ USDP Logo တွေ၊ USDP အင်္ကျီတွေကို မြင်တွေ့ရတယ်လို့ ဒေသခံတွေက ကျနော်တို့ကို ပြန်လည် ပြောပြပါတယ်။”

ကိုကိုးကျွန်းမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမင်း ပြောပြသွားတာပါ။ ကိုကိုးကျွန်းမှာ NLD ၊ ပြည်ခိုင်ဖြိုးပါတီတို့သာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး စတဲ့ ၃ နေရာစလုံးကို ဝင်ရောက် ယှဉ်ပြိုင်ကြမှာဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ ပါတီသစ်ကတော့ တိုင်းဒေသကြီးနေရာ တနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေတာပါ။

ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေကတော့ - ပြည်သူ့လွှတ်တော်အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရေ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရ ဦးသက်ဆွေ၊ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် (၁) အတွက် ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးတင်ဝင်း၊ တိုင်းဒေသကြီး မဲဆန္ဒနယ် (၂) အတွက် ဦးအောင်နိုင်တို့က ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်အတွက်ကတော့ ကိုကိုးကျွန်းဟာ မြို့နယ်အငယ်လေး ဖြစ်တာကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းက တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်တွေနဲ့အတူ ပူးတွဲပေးထားပါတယ်။ ဒါကြောင့်လည်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် (၈) အတွက် အဲဒီ ဒေသတွေကို လက်ရှိမှာ ကိုယ်စားပြုနေတဲ့ ပြည်ခိုင်ဖြိုးပါတီအမတ် ဇေကမ္ဘာ ဦးခင်ရွှေက ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ကိုကိုးကျွန်း မဲဆန္ဒနယ်မြေမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စား ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေကတော့ ပြည်သူ့ လွှတ်တော်အတွက် ဦးဝင်းမင်း၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် (၈) အတွက် ဦးကျော်ထွေး၊ တိုင်းဒေသကြီး (၁) အတွက် ဦးကျော်သူ၊ တိုင်းဒေသကြီး (၂) အတွက် ဦးဝင်းကိုကိုဝင်းတို့ ဖြစ်ပါတယ် ခင်ဗျား။

XS
SM
MD
LG