သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သွားမည်


NLD ရွေးကောက်ပွဲကာလ ထောက်ခံအားပေးသူများကို တွေ့ရစဉ်။ (ဧပြီ ၁ ၂၀၁၂)
NLD ရွေးကောက်ပွဲကာလ ထောက်ခံအားပေးသူများကို တွေ့ရစဉ်။ (ဧပြီ ၁ ၂၀၁၂)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို တရုတ်နိုင်ငံက လာရောက်ဖို့ ဖိတ်ကြားထားတဲ့အတွက် ရှေ့လဆန်းမှာ ကိုယ်စားလှယ် အဖွဲ့တဖွဲ့ သွားရောက်ဖို့ ရှိနေပါတယ်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖိတ်ကြားချက်အရ ရှေ့လထဲ သွားရောက်မှာ ဖြစ်ပေမဲ့ အစီအစဉ် အသေးစိတ်ကိုတော့ မစီစဉ်ရသေးတဲ့ အကြောင်း NLD ဗဟိုကော်မတီဝင် တဦးဖြစ်သူ ဦးဉာဏ်ဝင်း ကဗွီအိုအေကို ပြောဆိုခဲ့တာပါ။

အဖွဲ့ဝင် ၁၀ ဦး လိုက်ပါမယ့် သီတင်းတပတ်ကြာ ခရီးစဉ်မှာတော့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘူးလို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ မကြာသေးခင် နှစ်တွေအတွင်း ပေါ်ပေါက်လာတဲ့ အပြောင်းအလဲတွေနောက်ပိုင်း အရင်က ထိတွေ့ ဆက်ဆံမှုတွေ များများစားစား မရှိခဲ့တဲ့ တရုတ်နိုင်ငံဟာ အခုအခါ အစိုးရနဲ့ အာဏာရ ပါတီနဲ့သာမက မြန်မာနိုင်ငံက အဓိက နိုင်ငံရေးပါတီဖြစ်တဲ့ (NLD) နဲ့လည်း အဆက်အဆံတွေ တိုးမြှင့်လာခဲ့တာပါ။ မကြာသေးခင် သီတင်းပတ်တွေ အတွင်းမှာလည်း မြန်မာနိုင်ငံက လွှတ်တော် ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို တရုတ် နိုင်ငံတကာ ချစ်ကြည် ရင်းနှီးရေးအသင်း ရဲ့ ဖိတ်ကြားချက်နဲ့ တရုတ်နိုင်ငံကို သွားရောက်ခဲ့ကြတာပါ။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကတော့ ဆယ်စုနှစ်တွေနဲ့ ချီပြီး နေအိမ် အကျယ်ချုပ်နဲ့ ဖမ်းဆီးခံခဲ့ရာက ၂၀၁၀ ပြည့်နှစ်မှာ ပြန်လည် လွတ်မြောက်လာခဲ့ပြီးနောက် နိုင်ငံတကာနဲ့ ဒေသတွင်း နိုင်ငံ အတော်များများကို ခရီးထွက်ခဲ့တာတွေ ရှိပေမဲ့ အရေးကြီးတဲ့ အိမ်နီးချင်း နိုင်ငံတခုဖြစ်တဲ့ တရုတ်နိုင်ငံကိုတော့ မသွားဖူးသေးပါဘူး။

တတိယအကြိမ် ဥရောပခရီးစဉ် ပြီးခဲ့တဲ့လထဲကပဲ အဆုံးသတ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီလနှောင်းပိုင်းမှာလည်း သြစတြေးလျနိုင်ငံကို ခရီးထွက်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
XS
SM
MD
LG