သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ကချင်ခရီးစဉ်မတိုင်မီ မနောကွင်း မဲဆွယ်အသုံးပြုမှု ပိတ်ပင်


၂၀၁၂ ရွေးကောက်ပွဲကာလတုန်းက NLD ရဲ့ ကချင်ပြည်စည်းရုံးရေးခရီးစဉ်အတွင်း ကချင်အမျိုးသမီးတွေကနေ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေစဉ်
၂၀၁၂ ရွေးကောက်ပွဲကာလတုန်းက NLD ရဲ့ ကချင်ပြည်စည်းရုံးရေးခရီးစဉ်အတွင်း ကချင်အမျိုးသမီးတွေကနေ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေစဉ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးဖို့ စီစဉ်ထားတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က မနောကွင်းကို အသုံးပြုခွင့် မပေးဘူးလို့ ပြည်နယ်အစိုးရ အာဏာပိုင်တွေက တားမြစ်လိုက်ပါတယ်။

ကချင်ရိုးရာယဉ်ကျေးမှုကော်မတီက ခွင့်ပြုချက်ပေးပြီးမှာ အခုလို ပြည်နယ်အစိုးရ တာဝန်ရှိသူတွေဘက်က တားမြစ်လိုက်တာ ဖြစ်ပါတယ်။ NLD ပါတီဘက်ကတော့ မနောကွင်းမှာ အသုံးပြုခွင့်ရအောင် ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီအခြေအနေ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က တင်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးရေးတွေကို တနိုင်ငံလုံးအန့ှံ လုပ်ဆောင်နေတာမှာ လာမယ့် အောက်တိုဘာ ၂ ရက်နေ့မှာတော့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို သွားရောက်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မဲဆွယ်စည်းရုံးရေးအတွက် မြစ်ကြီးနားမြို့က ရိုးရာမနောကွင်းကို အသုံးပြုဖို့ကိစ္စကို ပြည်နယ်အာဏာပိုင်တွေဘက်က တားမြစ်ထားတယ်လို့ NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး တာဝန်ခံ ဦးဝင်းဗိုလ်က ပြောပါတယ်။

“ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး ဒီ မနောကွင်းကိုသုံးဖို့ ရိုးရာကော်မတီကနေပြီးမှ ၂၃ ရက်နေ့ကမှ ခွင့်ပြုချက် ပေးထားပြီးသားလေ။ ကျနော်တို့ကနေပြီးမှ အခမ်းအနားလုပ်ဖို့ စတိတ်စင်တွေ ဘာတွေ သွားလုပ်တဲ့အခါမှာ ပြည်နယ်အစိုးရကနေပြီးမှ ပိတ် တားတာ။ အဲတော့ ဒီနေ့တခါ ပြန်စာတင်တော့လည်း ဒီနေ့ မရဘူး။”

ကချင်ရိုးရာယဉ်ကျေးမှုကော်မတီက ရိုးရာမနောကွင်းကို အသုံးပြုခွင့် ပေးတယ်ဆိုတာကို စက်တင်ဘာလ ၂၃ ရက်နေ့က မြစ်ကြီးနားမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အကြောင်းကြားခဲ့တယ်လို့ ဦးဝင်းဗိုလ်က ပြောပါတယ်။ ဒါပေမဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့ကတော့ မနောကွင်းကို နိုင်ငံတော် နေ့ကြီးရက်ကြီး၊ ကချင်လူမျိုးတွေရဲ့ အရေးပါတဲ့ ပွဲတော်တွေအတွက်သာ ခွင့်ပြုပြီး၊ နိုင်ငံရေးပါတီတွေကို မဲဆွယ်ခွင့်မပြုကြောင်း၊ ပြဿနာဖြစ်လာပါက တာဝန်ရှိသူကို အရေးယူသွားမယ်လို့ ရိုးရာယဉ်ကျေးမှုကော်မတီကို စက်တင်ဘာ ၂၇ ရက်နေ့က အကြောင်းကြားပြီး၊ တားမြစ်လိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး ခရီးစဉ်အတွင်း မနောကွင်း အသုံးပြုခွင့်မရတာနဲ့ ပတ်သက်ပြီး ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်ကွန်းကို ဆက်သွယ်မေးမြန်းကြည့်ထားပါတယ်။

မေး - ဒေါ်အောင်ဆန်းစုကြည်က လာမယ့် ရက်ပိုင်းအတွင်းမှာပဲ ကချင်ပြည်နယ်ကို လာပြီးတော့ မဲဆွယ်စည်းရုံးရေးလုပ်ဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ တဆက်တည်းမှာပဲ ဒီမြစ်ကြီးနားမြို့က မနောကွင်းကို အသုံးပြုဖို့ကိစ္စက အဆင်မပြေဘူးလို့လည်း ကြားနေပါတယ်။ အဲဒါ ဟုတ်ပါသလားခင်ဗျ။

“အဲဒါကတော့ ကျနော့်ဘက်ကတော့ မဟုတ်ပါဘူး။ ကျနော်တို့ကတော့ အဲဒါ သက်ဆိုင်ရာ အစိုးရအဖွဲ့ကနေပြီးတော့ မနောကော်မတီကို ဒီမနောကွင်းကို အသုံးမပြုဖို့ဆိုပြီးတော့ ပြောထားပါတယ်။ ဒါ လူမျိုးစုတွေပိုင်တာ။ အားလုံးနဲ့ သက်ဆိုင်တဲ့ဟာတွေဆိုတော့ ယဉ်ကျေးမှုကော်မတီက ပိုင်တယ်ဆိုတော့ ပြသနာဖြစ်လာမှာစိုးလို့ ဒါကိုတော့ မသုံးပါနဲ့ဆိုပြီးတော့ သူက တားတာပါ။ မနောကော်မတီကို သူက ပြောတာပဲ။ ကျနော်တို့ကို ပြောတာမဟုတ်ဘူး။”

မေး - အဲတော့ ရွေးကောက်ပွဲကော်မရှင်က ဒီကိစ္စကို တားတာမဟုတ်ဘူးလား။

“မဟုတ်ပါဘူး။ ကျနော်တို့ မတားပါဘူး။ တားပိုင်ခွင့်လည်း မရှိပါဘူး။ အဲဒါကတော့ အစိုးရအဖွဲ့ကနေ တားတာပါ။ ဒါတွေကို သုံးခွင့်မပြုဘူးလို့ သူက မနောကော်မတီကို စာပေးတာပါ။”

မေး - ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကော်မရှင်က ဆောင်ရွက်နေတာတွေဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကော်မရှင်က ဘယ်လိုဆောင်ရွက်သွားဖို့ရော ရှိလဲခင်ဗျ။

“သူတို့က စာတင်လာပါတယ်။ ညွှန်ကြားချက် လုပ်ထုံးလုပ်နည်းအနေနဲ့ မနက်ဖြန်မှ ကျနော်တို့ အစည်းအဝေးခေါ် ဆုံးဖြတ်မှာပါ။ ကျနော် တယောက်တည်း ဆုံးဖြတ်လို့ မရပါဘူး။ ကျနော်တို့ ကော်မရှင် တဖွဲ့လုံးကိုခေါ်ပြီး ဆုံးဖြတ်ရမှာပါ။”

အစောပိုင်းက ခွင့်ပြုချက်တောင်းခံခဲ့တဲ့နေရာမှာ ပြည့်စုံမှုမရှိဘူးလို့ ပြည်နယ်ကော်မရှင်က အကြောင်းပြန်ခဲ့ပြီးတော့၊ နောက်တခါ ထပ်ဖြည့်ပြီး ခွင့်ပြုချက်တင်ထားတာကို အခုချိန်ထိ တုံ့ပြန်ခြင်း မရှိဘူးလို့ ဦးဝင်းဗိုလ်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ၂၀၁၂ ရွေးကောက်ပွဲတုန်းကလည်း ကချင်ပြည်နယ် မနောကွင်းကနေ လူထုကို စည်းရုံးဟောပြောခဲ့တာဖြစ်ပြီး၊ အခုလို အာဏာပိုင်တွေဘက်က တားမြစ်တာဟာ အဓိပ္ပါယ်မရှိတဲ့အတွက် သူ့အနေနဲ့ မနောကွင်းမှာ ကျင်းပနိုင်ဖို့ကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဦးဝင်ဗိုလ်က ပြောပါတယ်။

“ကျနော့်သဘောအရ ကျနော်ပြောမယ်နော်။ ပါတီအနေနဲ့ ကျနော် မပြောသေးဘူးနော်။ ကျနော့်အနေနဲ့ ပြောမယ်ဆိုရင်တော့ ကျနော်တို့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော့်မှာ အောင်နိုင်ရေး တာဝန်ရှိတဲ့အတွက်ကြောင့်မို့လို့ မနက်ဖြန်တရက် သွားညှိပြီးတော့ပဲ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီကွင်းမှာပဲ လုပ်မှာ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ မနောကွင်းက ဒီပြည်နယ်အစိုးရပိုင်တဲ့ကွင်း မဟုတ်ဘူးဗျ။ ဒါ မနောကော်မတီက ပိုင်တဲ့ကွင်း။ မနောကော်မတီကနေပြီးတော့ ကျနော်တို့ကို ခွင့်ပြုချက် ပေးထားပြီးပြီ။ ကချင်ရိုးရာယဉ်ကျေးမှု သူတို့အနေနဲ့ ခွင့်ပြုချက်ကို ကျနော်တို့ ၂ ကြိမ်၊ ၂၃ ရက်နေ့က တကြိမ်၊ နေ့စွဲရက်စွဲ မှားသွားလို့ပေါ့နော် ၂၈ ရက်နေ့က တကြိမ် သူတို့ ခွင့်ပြုထားပြီးသား။ သူတို့ရဲ့ ခွင့်ပြုချက်အတိုင်း ကျနော်တို့က လုပ်မှာ။ အဲဒီ ရိုးရာကွင်းမှာပဲ။ ရိုးရာကော်မတီရဲ့ ဆုံးဖြတ်ချက်၊ သူတို့ရဲ့ ခွင့်ပြုချက်ကိုပဲ ကျနော်တို့ အတည်ယူမှာ။ ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်ကို ကျနော်တို့ မလေးစားတာ မဟုတ်ဘူး။ ရိုးရာကော်မတီရဲ့ ခွင့်ပြုချက်အတိုင်းပဲ ကျနော်တို့က လုပ်မှာ။”

ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖြစ်နဲ့ ကချင်ပြည်နယ်ကို လာရောက်မှာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်အတွင်းမှာ နိုင်ငံရေးပါတီ ၁၇ ပါတီနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်ခင်ဗျာ။

XS
SM
MD
LG