သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လယ်သမားပြဿနာ ကူညီနိုင်ရေး NLD ဆွေးနွေး


လယ်သမားပြဿနာ ကူညီနိုင်ရေး NLD ဆွေးနွေး
လယ်သမားပြဿနာ ကူညီနိုင်ရေး NLD ဆွေးနွေး

ဧရာဝတီတိုင်း အတွင်းမှာ လယ်ယာမြေ အသိမ်းခံရမှုတွေ ပိုများလာတာနဲ့ ပတ်သက်ပြီးတော့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပိုမိုကူညီ ဆောင်ရွက်ပေးဖို့ စီစဉ်နေပါတယ်။ တခါ ဧရာဝတီတိုင်းအတွင်းက ရေငန်ဒေသတွေမှာ ကြုံနေရတဲ့ သောက်သုံးရေ ရှားပါးမှု ပြဿနာ အပါအဝင် သဘာ၀ ပတ်ဝန်းကျင် ပျက်စီးမှု အခြေအနေတွေကို မနေ့က NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ ဧရာဝတီတိုင်း NLD စည်းရုံးရေးမှူးတွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံရဲ့ ဆန်စပါး အဓိကထွက်ရာ ဒေသတခုဖြစ်တဲ့ ဧရာဝတီတိုင်း အတွင်းမှာ လယ်လုပ်သူတွေ လယ်ယာမြေ အသိမ်းခံနေရတဲ့ကိစ္စ ပိုများလာတာ၊ လယ်သမားတွေ ကြွေးမြီဒဏ် ပိနေတဲ့ ကိစ္စတွေမှာ NLD က ပိုပြီး ကူညီနိုင်ဖို့အတွက် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ ဧရာဝတီတိုင်း NLD စည်းရုံးရေးမှူးတွေ တွေ့ဆုံ ဆွေးနွေးစဉ်အတွင်း အဓိက ဆွေးနွေးခဲ့ကြပါတယ်။ ဒီပြဿနာတွေကို NLD ဥပဒေ အထောက်အကူပြု အဖွဲ့က ILO ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်နဲ့ ပူးပေါင်း ဖြေရှင်းသွားနိုင်ဖို့ စီစဉ်ထားတယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရသူ ဦးအုန်းကြိုင်က ပြောပါတယ်။

“ကြိုတင် အသိပေးချက်လည်း မရှိ၊ နစ်နာကြေး တစုံတရာ ပေးဆောင်ခြင်းလည်း မရှိဘဲနဲ့ ဧရာဝတီတိုင်းဘက်မှာ လယ်သမားများထံက လယ်ယာမြေတွေကို အသိမ်းခံနေရတဲ့ ကိစ္စတွေက တနေ့ထက် တနေ့ များလာနေပါတယ်။ ILO နဲ့ ဆက်သွယ်ပြီး ကူညီ ဆောင်ရွက်ပေးနေတဲ့ ဗဟိုဥပဒေ အထောက်အကူ အဖွဲ့ဆိုတာ ရှိပါတယ်။ တင်ပြတဲ့ လယ်သမားတွေကို မနက်ဖြန် ဗဟိုဥပဒေအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက သီးခြား ထပ်ပြီး သူတို့နဲ့ Meeting လုပ်ပြီးတော့ ဘယ်လိုကူညီ ဆောင်ရွက်နိုင်မလဲဆိုတာ စီစဉ်ဖို့ ရှိပါတယ်။”

NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ တိုင်းနဲ့ပြည်နယ်က NLD စည်းရုံးရေးမှူးတွေ တွေ့ဆုံ ဆွေးနွေးပွဲကိုတော့ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ကတည်းက ကျင်းပလာတာဖြစ်ပြီး ဒီနေ့ ဧရာဝတီတိုင်း အဖွဲ့နဲ့ တွေ့တာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံဆွေးနွေးမှု အတွင်းမှာ လယ်သမားတွေဟာ လယ်ယာမြေတွေ ဆုံးရှုံးသွားတဲ့အထိ ကြုံနေရတဲ့ ကြွေးမြီကိစ္စတွေကိုလည်း ဧရာဝတီတိုင်း စည်းရုံးရေးမှူးတွေက တင်ပြခဲ့ကြပါတယ်။

“ကုမ္ပဏီတချို့၊ အဖွဲ့အစည်းတချို့က လယ်သမားများကို ထုတ်ချေးတဲ့ ငွေကလည်း ပြန်ပေးဆပ်ရတဲ့အခါ အရစ်ကျစနစ် ဖြစ်ပေမဲ့ အသေအချာ စစ်ဆေးကြည့်တဲ့အခါ တချို့အဖွဲ့အစည်းတွေက ချေးတဲ့ အတိုးနှုန်းက ၃၆% လောက်အထိ ဖြစ်နေတယ်တဲ့။ အဲတော့ ကြွေးမြီဒဏ် ပိနေတာ လယ်သမားတွေမှာ တနေ့ထက်တနေ့ ဒုက္ခရောက်နေတယ်။ အဲဒီကြားထဲမှာ ရာသီဥတုက ဖောက်ပြန်လို့ သီးနှံမထွက်တဲ့ အခါကျတော့ ငွေရှင်ရဲ့ ဖိအားပေးတာကို လိုက်ပြီး လုပ်နေရတော့ လယ်သမားတွေက မြေမဲ့ယာမဲ့ဘ၀ ရောက်ကုန်တယ်။ တချို့လည်းပဲ ကိုယ်တသက်လုံး အခြေချ နေထိုင်လာခဲ့တဲ့ ရွာတွေကနေ ရွှေ့ပြောင်း ထွက်ပြေးရတဲ့အထိ ရှိနေပါတယ်။”

ဧရာဝတီတိုင်း အတွင်းမှာ ပူပြင်းတဲ့ နွေရာသီ မရောက်ခင်ကတည်းက ကြုံနေရတဲ့ သောက်ရေရှားပါးမှု ပြဿနာကိုလည်း ဖြေရှင်းပေးနိုင်ဖို့ စီစဉ်ခဲ့ကြပါတယ်။

“နာဂစ်ဒေသဘက်က သောက်ရေကိစ္စတွေကို၊ ရေငန်ဒေသတွေမှာ သောက်ရေက အခုကတည်းက စပြီး ပြဿနာ ဖြစ်လာပြီတဲ့။ အဲတော့ အထွေထွေ အတွင်းရေးမှူးက ပြောပါတယ်၊ ရန်ပုံငွေ ရရှိလာတာနဲ့အမျှ တိုးတက်ပြီး ဆောင်ရွက်ပေးပါ့မယ်တဲ့၊ လိုအပ်နေတာတွေ သိပါတယ်တဲ့၊ ဖြည့်ဆည်း ဆောင်ရွက်ပေးမှာပါတဲ့။”

ဧရာဝတီတိုင်း အတွင်းမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ကြုံနေရတဲ့ အခြေအနေတွေအပြင် ဧရာဝတီ ဒေသခံတွေရဲ့ နိုင်ငံရေးအပေါ် စိုးရိမ်ချက်၊ စီးပွားရေးသောက စတဲ့ အခြေအနေတွေ အပေါ်မှာလည်း ဆွေးနွေးခဲ့ကြပါတယ်။

“ဆည်တွေဆောက်၊ တမံတွေဆောက် လုပ်တဲ့အတွက်ကြောင့် တချို့နေရာတွေမှာ မြစ်ချောင်းတွေ တိမ်ကောမှု ဖြစ်ပြီးတော့ သောက်ရေ ရှားပါးမှု ပြဿနာတွေ ဖြစ်လာနေတယ်တဲ့။ တချို့နေရာတွေမှာ စက်ရုံတွေကနေပြီးတော့ ထုတ်လွှတ်တဲ့ ရေဆိုးတွေဟာ လယ်ယာမြေတွေထဲကို လျှောက် ပျံ့နှံ့ပြီးတော့ လယ်သမားတွေပါ အဲဒီဆိုးကျိုးတွေ ခံစားနေရတယ်။

“တချို့နေရာတွေမှာ ထွက်လာတဲ့ သဘာ၀ ဆန်ထဲမှာ ဓာတုဗေဒ အရောင်အသွေးမျိုးတွေ ဖြစ်လာတဲ့ အတွက်ကြောင့် လယ်သမားတွေ စိုးရိမ်နေတဲ့အကြောင်း၊ နောက် တချို့မြို့နယ်တွေမှာ ဆင်းရဲကျပ်တည်းလာရတဲ့အထဲ လောင်းကစားဝိုင်းတွေကို တရားဝင်လို ခွင့်ပြုပေးထားတဲ့ အတွက်ကြောင့် စာရိတ္တ ပျက်ယွင်းမှုက တနေ့ထက်တနေ့ ဆိုးလာနေတယ်ဆိုတာ အဲဒီကိစ္စတွေ တင်ပြတယ်။

“လစာတွေ ၃ ဆတိုးမယ်၊ ၄ ဆတိုးမယ် ဆိုတာကြောင့် ကုန်ဈေးနှုန်းတွေက အရင် တက်နေပါတယ်တဲ့။ ကုန်ဈေးနှုန်းတွေ တက်ပြီးတော့ လက်လုပ်လက်စားတွေက စိုးတထိတ်ထိတ်နဲ့ နေထိုင်နေရပါတယ်၊ အဲဒါမျိုးတွေ တင်ပြသွားပါတယ်။”

NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင် ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးမှု အတွင်းမှာ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဧရာဝတီတိုင်း NLD စည်းရုံးရေးမှူးတွေနဲ့ ဧရာဝတီတိုင်း NLD ပါတီ လူငယ်တွေကြားမှာ ချိတ်ဆက်အား ကောင်းကောင်းနဲ့ အလုပ်ပိုလုပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

လူထုမှာ ထိတ်လန့်ကြောက်ရွံ့မှု ကြုံနေရတယ်ဆိုတဲ့ ကိစ္စဟာ သက်ဆိုင်ရာရဲ့ ဖိအားပေးမှု ဆိုတာထက် စိတ်ဓာတ်လှုပ်ရှားမှု အားနည်းလို့ အကြောက်တရား ကြီးစိုးနေတာမို့ အားလုံး အကြောက်တရား ကင်းအောင် ဝိုင်းဝန်း ကြိုးစားကြဖို့ လိုသလို လူထု ယုံကြည်လောက်တဲ့ အကျိုးပြုလုပ်ငန်းတွေ လုပ်ပါမှ လူထုရဲ့ ယုံကြည်ချက်ကို ရမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။

မွန်၊ ကရင်၊ တနင်္သာရီတိုင်းက NLD စည်းရုံးရေးမှူးတွေနဲ့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေဟာ ဒီနေ့ ရုံးချုပ်မှာ တွေ့ဆုံဖို့ ရှိပါတယ်။

XS
SM
MD
LG