သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD နဲ့ ခရိုနီ


နေပြည်တော် ဦးတေဇရဲ့ ထူးကုမ္ပဏီ အုပ်စုပိုင် ဒက္ခိဏသီရိခရိုင် ဟိုတယ် ဇုန်နယ်မြေက ရွှေစံအိမ် ဟိုတယ်မှာ ကျင်းပတဲ့ သင်တန်း။ Photo Credit to NLD Ko Min Thu
နေပြည်တော် ဦးတေဇရဲ့ ထူးကုမ္ပဏီ အုပ်စုပိုင် ဒက္ခိဏသီရိခရိုင် ဟိုတယ် ဇုန်နယ်မြေက ရွှေစံအိမ် ဟိုတယ်မှာ ကျင်းပတဲ့ သင်တန်း။ Photo Credit to NLD Ko Min Thu

ခရိုနီစီးပွားရေး လုပ်ငန်းရှင်တွေဘက်က နိုင်ငံအကျိုးအတွက် အကူညီပေးမှုတွေကို ကြိုဆိုရမှာဖြစ်သလို ဒီခရိုနီတွေကို တာဝန်ခံမှု၊ တာဝန်ယူမှုအပြည့်ရှိတဲ့ လုပ်ငန်း ရှင်တွေဖြစ်အောင် ဝိုင်းဝန်း ပံ့ပိုးပေးကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟို တာဝန်ရှိသူတဦးက ပန်ကြားလိုက်ပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံကို တင်ပြမှာပါ။

NLD လွှတ်တော် ကိုယ်စားလှယ်တွေ အတွက် စွမ်းရည်မြှင့်တင် သင်တန်း ကို နေပြည်တော် က ဦးတေဇရဲ့ ထူးကုမ္ပဏီ အုပ်စုပိုင် ဒက္ခိဏသီရိခရိုင် ဟိုတယ် ဇုန်နယ်မြေက ရွှေစံအိမ် ဟိုတယ်မှာ ဒီဇင်ဘာလ (၁၆) ရက်နေ့ကနေ (၁၈) ရက်နေ့ထိ သုံးရက်တာ ကျင်းပခဲ့တဲ့အတွက် ဝေဖန်မှုတွေရှိခဲ့ပါတယ်။ အဲဒီမှာ NLD လွှတ်တော် ကိုယ်စားလှယ်ပေါင်း (၂၀၀) ကျော် သင်တန်းပို့ချဖို့အတွက် စီစဉ်ခဲ့တဲ့ NLD ဗဟို တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုမျိုးရန်နောင်သိန်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

"အားလုံးသိကြတဲ့ အတိုင်းပဲ နိုင်ငံရေးပါတီတခုအနေနဲ့က နိုင်ငံတကာ အကူအညီတွေ ယူလို့မရဘူးဆိုတာ အားလုံး သိပါမယ်။ ဒီသင်တန်းတွေ လုပ်ဖို့ စဉ်းစားတဲ့အခါမှာ အချိန်အကန့်အသတ်ရှိပါတယ်။ ဖေဖော်ဝါရီလထဲမှာ လွှတ်တော်မစခင် သင်တန်းတွေ အားလုံးပြီးဖို့အတွက် သင်တန်းဆရာတွေ အားလုံး ဝိုင်းပြီး စဉ်းစားကြပါတယ်။ ပြီးတော့ သင်တန်းက မနက် ၈နာရီကနေ ညနေ ခြောက်နာရီအထိဆိုတော့ အရမ်းများပါတယ်။ အကြောင်းအရာတွေလည်း အရမ်းများပါတယ်။ အဆင်ပြေတဲ့တနေရာကို စဉ်းစားတဲ့အခါမှာ နေပြည်တော်မှာ အထက်မြန်မာပြည်က နေရာတော်တော်များများက ကိုယ်စားလှယ်တွေကို စဉ်းစားတယ်။ ဘာကြောင့်လဲဆိုတော့ နေပြည်တော်က ပိုအဆင်ပြေ ပါတယ်။ နေပြည်တော် မှာလည်းပဲ ဒီလောက်နေရာဆံ့ တဲ့နေရာဆိုလို့ ရွှေစံအိမ် ဟိုတယ် ရှိတယ်ပေါ့နော်။ ဒီဟိုတယ်ပိုင်ရှင်တွေကလည်းပဲ အကူအညီပေးမယ်ဆိုတော့ ကျနော်တို့အတွက် အရမ်းကို အဆင်ပြေပါတယ်။

နောက်တခုက ဒီဟိုတယ်မှာ ကျနော်တို့ တည်းတယ်ဆိုပေမဲ့ အခန်းတွေ ထဲမှာ ရေဗူးကလွဲလို့ ဘာမှ ထည့်ခွင့်မပေးထားပါဘူး။ အစားအသောက် ဆိုလည်း သာမာန်အစားအသောက်ပါပဲ။ ကျနော်ပြောပြပါတယ်။ ဟိုတယ်ပိုင်ရှင်တွေ အနေနဲ့ ပြန်ရှင်းပြပါတယ်။ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်များမှ ဘာမှ မရှိပါဘူး။ ညအိပ်လို့ရရုံအောင်ပါပဲ ညအိပ်လို့ရရင် ရပါပြီဆိုပြီး ပြောထားပါတယ်။ ဟိုတယ်လို့မြင်တာထက် ညအိပ်လို့ရတဲ့တနေရာလို့မြင်ရင်ရပါပြီ။ ကိုယ်စားလှယ်တွေ အတွက် အထိုက်အလျောက် အဆင်ပြေတဲ့ ညအိပ်စရာ တနေရာ ကျနော်တို့ စီစဉ်ပေးတာပါ။ "

အခုလို NLD ရဲ့ ပထမဆုံးအကြိမ် ကျင်းပတဲ့ စွမ်းရည်မြှင့်တင်ရေး သင်တန်းကို မန္တလေးတိုင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်အပါအဝင် နေပြည်တော် ဒေသတွေက အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

လွှတ်တော်မှာ ဥပဒေပြု ပြဌာန်းရမယ့် အကြောင်းအရာတွေနဲ့ပတ်သက်လို့ အနိုင်ရလွှတ်တော် ကိုယ်စားလှယ်တွေကို သင်တန်းပို့ချတာသာဖြစ်ပြီး NLD အနေနဲ့ ခရိုနီစီးပွားရေးသမားတွေနဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ မှန်ကန်မှုမရှိဘူးလို့ သင်တန်းကို ဦးဆောင်ပို့ချသူတဦးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီကပြောပါတယ်။

"ခရိုနီနဲ့ ကျနော်တို့ပတ်သက်တယ်လို့ စွပ်စွဲရင်တော့ အဲ့ဒီ့စွပ်စွဲချက်ကိုတော့ ကျနော်တို့က ငြင်းရလိမ့်မယ်။ ဘာကြောင့်တုန်းဆိုတော့ ကျနော်တို့ရဲ့ရည်ရွယ်ချက်က သင်တန်းပေးတာပါ။ သင်တန်းပေးတယ်ဆိုတာ ကျနော်တို့ အရွေးခံရတဲ့ လွှတ်တော်အမတ်တွေ တိုင်းပြည်အကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် ကျနော်တို့ သင်တန်းပေးတာပါ။ သင်တန်းပေးတယ် ဆိုတော့ အနယ်နယ်အရပ်ရပ်က လွှတ်တော်အမတ်တွေကို ကျနော်တို့က ခေါ်ပြီးတော့ စုစည်းရတယ်။ နေရာထိုင်ခင်း စီစဉ်ပေးရတယ်။ သင်တန်းပေးဖို့အတွက် သင်တန်းခန်းမတွေ လိုအပ်တယ်။ ကျနော်တို့ အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ အဲ့ဒီ့အခြေအနေ အဲ့ဒီ့facility ပေးနိုင်တဲ့ အနေအထားမရှိဘူး ဒါ လူတိုင်းသိပါတယ်။ ကျနော်တို့ပါတီက အင်မတန်မှ ဆင်းရဲပါတယ်။ ကျနော်တို့ရုံးခန်းလေးကလည်း ကျဉ်းကျဉ်းလေးပါ။ ဒီလိုတနိုင်ငံလုံးအတိုင်းအတာနဲ့ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဖို့ လိုအပ်တဲ့အခါကျတော့ ကျနော်တို့ အဆင်ပြေတဲ့နေရာမှာ လုပ်ရတာပါပဲ။ "

NLD အနေနဲ့ ခရိုနီတွေနဲ့ ပတ်သက်တဲ့ သီးခြားဗျူဟာ၊ မူဝါဒတွေကို ချမှတ်ပြီး ဆောင်ရွက်သင့်တယ်လို့ မြန်မာ့နိုင်ငံရေး သုံးသပ်သူတချို့ ကထောက်ပြခဲ့ကြပါတယ်။ NLD ဘက်ကတော့ ခရိုနီလုပ်ငန်းရှင်တွေနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ သဘောထားကို ကိုမျိုးရန်နောင်သိန်းက အခုလိုရှင်းပြပါတယ်။

" ကျနော်တို့နိုင်ငံ အနာဂတ်တည်ဆောက်ရေးအတွက်ကို လုပ်ငန်းရှင်တွေက လိုတာပဲ။ ခရိုနီတွေကို တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ လုပ်ငန်းရှင်တွေ အဖြစ်နဲ့ ပြောင်းလဲ လို့ရရင် ပြောင်းလဲရမှာပဲ။ ပြောင်းမယ် ဆိုရင် နိုင်ငံခြား မှာ ရောက်နေတဲ့ ပိုက်ဆံတွေကို မြန်မာပြည်ထဲ ပြန်စီးဆင်းလာအောင် ကျနော်တို့ အစိုးရ ကြိုးစားရမှာပါ။ မြန်မာပြည်ထဲမှာ ဒီပိုက်ဆံတွေ စီးဆင်းနေမယ်ဆိုရင် ပြည်သူ့ အတွက် အကျိုးရှိတာပဲ။

ပြီးတော့ တခါတလေကျလို့ရှိရင် အားလုံး အမျှော်အမြင်ရှိရှိနဲ့ စဉ်းစားကြဖို့လိုမယ်လို့ ကျနော်မြင်တာပဲ။ အရင်တုန်းက အမှားတွေပြုလုပ်ခဲ့တယ် ဆိုရင်တောင်မှ မှန်ကန်တဲ့လမ်းကြောင်းကိုလျောက်မယ်ဆိုရင် ကြိုဆိုကြရမှာပဲ။ အဲ့တော့ ကျနော်တို့ အစိုးရဖြစ်လာခဲ့လို့ဖြစ်ရင် ဒီမြန်မာပြည် စီးပွားရေးဖွံ့ဖြိုးဖို့အတွက် အဓိက ကျောထောက်နောက်ခံအင်အားသည် စီးပွားရေးလုပ်ငန်းရှင်တွေပဲ။ လက်ရှိ စီးပွားရေးလုပ်ငန်းရှင်တွေ အများစုသည် ခရိုနီဖြစ်ခဲ့ကြတာချည်းပဲ။ အဲ့တော့ ကျနော်တို့အစိုးရလက်ထက်မှာ ခရိုနီမဖြစ်ရင် ပြီးတာပဲ။ ပြီးတော့ ကျနော်တို့အစိုးရလက်ထက်မှာ လုပ်သမျှအားလုံးသည် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ တာဝန်ခံမှုရှိအောင် လုပ်ရမယ်။ အဓိက အရမ်းအရေးကြီးတယ်။ ဒီလုပ်ငန်းရှင်တွေ ခရိုနီကနေ အသွင်ပြောင်းသွားမယ့် လုပ်ငန်းရှင်တွေဟာ တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့ မြန်မာနိုင်ငံ အကျိုးရှိအောင် လုပ်ပေးဖို့အတွက်က ကျနော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်ဗျ။"

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူဦးဆောင်မယ့် အစိုးရသစ် လက်ထက်မှာ တိုင်းပြည် ထူထောင်ရေးအတွက် အားလုံးနဲ့ ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်သလို အမျိုးသားပြန်လည်သင့်မြတ်ရေးကို အလေးထားမှာဖြစ်တယ်လို့ အစဉ်တစိုက် ပြောဆိုထားပါတယ်။

XS
SM
MD
LG