သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD လွှတ်တော်အမတ် မဲဆွယ်စဉ် တိုက်ခိုက်ခံရ


ဓားနဲ့ အတိုက်ခိုက်ခံရတဲ့ NLD လွတ်တော် ကိုယ်စားလှယ်လောင်း ကိုနိုင်ငံလင်း ဆေးရုံရောက်လာစဉ်။ သတင်းဓာတ်ပုံ- Credit to ကိုဖိုးသား။
ဓားနဲ့ အတိုက်ခိုက်ခံရတဲ့ NLD လွတ်တော် ကိုယ်စားလှယ်လောင်း ကိုနိုင်ငံလင်း ဆေးရုံရောက်လာစဉ်။ သတင်းဓာတ်ပုံ- Credit to ကိုဖိုးသား။

လာမယ့် နိုဝင်ဘာလဆန်းမှာ ကျင်းပမယ့် ရွေးချယ်တင်မြှောက်ပွဲ လုံခြုံရေး အထောက်ကူပေးဖို့အတွက် သောင်းနဲ့ချီတဲ့ ရွေးကောက်ပွဲ အထူးရဲတပ်ဖွဲ့ဝင်တွေ ကို ခေါ်ယူစုဆောင်းပြီး တိုးမြင့်ချထား သင်တန်းတွေ ပေးထားပေမဲ့ ရွေးကောက်ပွဲနဲ့ ဆက်နွယ်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ အကာကွယ်ပေးနိုင်မှု နည်းပါး နေတယ် ဆိုပြီးတော့ တက်ကြွလှုပ်ရှား သူတွေက ဝေဖန်ကြပါတယ်။
မနေ့ကပဲ သာကေတမြို့နယ်မှာ မဲဆွယ်စည်းရုံးရေး လုပ်နေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD လွှတ်တော် ကိုယ်စားလှယ် ကိုနိုင်ငံလင်းကို ဓါးနဲ့ တိုက်ခိုက်တာ ခံခဲ့ရတာနဲ့ ဆက်စပ်ပြီး စုံစမ်းထားတဲ့ ဦးစံမိုးေ၀ က ပြောပြပါ လိမ့်မယ်။

ရွေးကောက်ပွဲ လုံခြုံရေးအတွက် အထူးရဲတပ်ဖွဲ့ဝင် အသစ်တွေ သောင်းနဲ့ချီပြီးတော့ ခန့်ထားထားတာ ရှိပေမဲ့ သတင်းယူယုံ သက်သက်သာ လုပ်ဆောင် နေကြပြီး လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ စည်းရုံးရေး ခရီးစဉ် လုံခြုံရေးတွေကိုတော့ လစ်လျှူ ရှုထားသလို ဖြစ်နေတယ်လို့ မဲဆွယ် စည်းရုံးရေးပြုလုပ်စဉ် တိုက်ခိုက်တာ ခံခဲ့ရတဲ့ NLD လွှတ်တော် ကိုယ်စားလှယ်လောင်း ကိုနိုင်ငံလင်းရဲ့ ဇနီး ဖြစ်သူ ဒေါ်ခင်စန္ဒာဝင်း က ပြောပါတယ်။

"ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ဆိုလို့ရှိရင်တော့ ပြောရမယ်ဆိုရင် ဒီမှာ သူတို့တွေက မဲရုံအကူဆိုပြီးတော့ တစ်လကို တစ်သိန်းခွဲနဲ့ ဌားထားတဲ့သူတွေရှိတယ်။ အယောက်ပေါင်း များစွာရှိတယ်။ နောက်ပြီးတော့ ရဲစခန်းမှာ ရဲတွေရှိတယ်။ အစည်းအဝေး လုပ်လို့ရှိရင် SP တို့ ထောက်လှမ်းရေးတို့က အကုန်လုံးက သတင်းလိုက်ယူပြီးတော့ ဒီလိုမျိုး စည်းရုံးတဲ့နောက်မှာ သူတို့ လိုက်သင့်တာပေါ့။ လိုက်ပြီးတော့ ကာကွယ်မှုပေးသင့်တဲ့ဟာကို အခုကာကွယ်မှုမပေးတဲ့အတွက် ဒီ်လိုမျိုး ဖြစ်တာလေ။ "

ကိုနိုင်ငံလင်းနဲ့ NLD မဲဆွယ်စည်းရုံးရေး အဖွဲ့ဝင်တွေဟာ ကြာသာပတေးနေ့ နှောင်းပိုင်း ရန်ကုန်တိုင်း သာကေတမြို့နယ် နယ်မြေ ၉ လမ်းထိပ်မှာ ဖျော်ဖြေရေးကားတွေ ရပ်ပြီးတော့ မဲဆွယ်စည်းရုံးရေး လုပ်ဖို့ ပြင်ဆင်နေချိန်မှာ တိုက်ခိုက်မှု ခံခဲ့ရတာပါ။

အခုမနက် လင်းအားကြီးအချိန်အထိ ကိုနိုင်ငံလင်း ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသဆောင် ၅-၆ မှာ ထားရှိပြီး ခွဲစိတ်ကုသမှု လုပ်ဆောင်နေရတယ်လို့ သိရပါတယ်။ ကိုနိုင်ငံလင်းရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့ဇနီး မခင်စန္ဒာဝင်း က VOA ကို အခုလို ပြောပြပါတယ်။

" ဟုတ်ကဲ့။ ဒဏ်ရာကတော့ ငယ်ထိပ်ကနေပြီးတော့ နဖူးအထိ ခုတ်ထားတာလေ။ အပေါ်ကနေ မိုး-ခုတ်ထားတဲ့အတွက် ဒဏ်ရာ နက်တယ်လို့ ဆရာဝန်တွေ ပြောပါတယ်ရှင့်။ နောက်ကျတော့ လက်ကကျတော့ ညာဘက်က လက်မကနေ ပင်မသွေးကြောကို ပြတ်တယ်လို့ ပြောပါတယ်ရှင့်။ ဘယ်ဘက်လက်ကကျတော့ လက်ခလယ်တွေလည်း ထိထားပါတယ်။ လက်ခလယ်၊ လက်ညိုး ထိထားပါတယ်ရှင့်။ ဒီ လက်ကောက်ဝတ်ကိုလည်း ခုတ်ထားပါတယ်ရှင့်။ ဆရာဝန်တွေပြောတာကတော့ ဒီသွေးကြောပြတ်တဲ့ဥစ္စာက လက်ကောက်ဝတ်က သွေးကြောက အာရုံကြောကို ထိတယ်လို့တော့ သူတို့အချင်းချင်းပြောတာ ကြားပါတယ်ရှင့်။ ဒီဘက်က ပြည်သူတွေက အရမ်းစိုးရိမ်နေတဲ့အခါကျတော့ ပြည်သူကိုပြောတဲ့အခါကျတော့ သိပ်ပြီးတော့တော့ မစိုးရိမ်ရပါဘူးလို့ ပြောပါတယ်ရှင့်။ အကောင်းဆုံးဆရာဝန်ကြီးတွေ တကယ့်ဆရာဝန်ကြီးတွေတော့ ရောက်နေပါတယ်ရှင့်။ အခု အကြော ကို ပြန်ဆက်ဖို့တွေ ဘာတွေ အကုန်လုံးတော့ လုပ်နေပါတယ်ရှင့်။ ဆရာဝန်တွေလည်း ကြိုးစားပေးနေပါတယ်ရှင့်။ "

အခုလို မဲဆွယ်စည်းရုံးရေးအဖွဲ့အပေါ် တိုက်ခိုက်တဲ့သူကို ဖမ်းဆီးမိထားပြီလို့ ညဦးပိုင်းမှာ သတင်းရကြောင်း ဒေါ်ခင်စန္ဒာဝင်း က ပြောဆိုပေမဲ့ ဘယ်သူဘယ်ဝါ ဘယ် အဖွဲ့အစည်းကဆိုတာ ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အသေးစိတ်သိလိုတဲ့အတွက် VOA မြန်မာပိုင်းက သာကေတမြို့နယ်ရဲစခန်းကို ဆက်သွယ်တဲ့ အခါ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းပါလို့ ဆိုပါတယ်။ ရန်ကုန်တိုင်း ရဲဌာနကို ဆက်သွယ်တဲ့အခါမှာတော့ ဖုန်းလက်ခံထူးပေမဲ့ ဖြေကြားခြင်း မပြုခဲ့ပါဘူး။

မဲဆွယ် စည်းရုံးပွဲတွေ ခွင့်ပြုချိန်ကစလို့ အခုချိန်ထိ အဓိက အတိုက်ခံ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်းတွေ၊ မဲဆွယ်စည်းရုံးရေး လုပ်နေကြသူတွေအပေါ် တိုက်ခိုက်မှုတွေ ၇၀ ကျော် ရှိနေပြီး တာဝန်ရှိသူ တွေဘက်က အရေးယူ လုပ်ဆောင် တာကတော့ လက်တဆုပ် စာလောက် ပဲ ရှိတယ် လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်က သတင်းထောက်တွေ ကို ပြောခဲ့ပါတယ်။

"အခုအချိန်မှာ ကျနော်တို့ဆီမှာ စာရင်းက ဖြစ်ပျက်သမျှ အားလုံး ဗီနိုင်းအဖျက်ခံရတာတွေ၊ လေးခွနဲ့အပစ်ခံရတာတွေ၊ ပုဆိုးလှန်ပြခံရတာတွေ ဘာညာ စုစုပေါင်း အားလုံး ၇၅ခုရှိတယ်။ တနိုင်ငံလုံးမှာ ၇၅ခုရှိနေပြီ။ နောက်ထပ်လည်း လာတုန်းပဲ ။ အဲ့တာကို သူတို့အရေးယူပေးတာ တခု၊ နှစ်ခုလောက်ပဲရှိသေးတယ်။ ကျန်တာ ဘာမှ မထူးခြားသေးဘူး။"

စက်တင်ဘာလ ၈ ရက်နေ့က စတင်ခဲ့တဲ့ ရက် ၆၀ ကြာ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေမှာ အတိုင်းအတာတခုအထိ ငြိမ်းချမ်းပြီး လွတ်လပ်မှု ရှိပေမဲ့လည်း တချို့နေရာတွေမှာ ခြိမ်းခြောက်မှုတွေ ရှိနေတာကို တွေ့ရတယ်လို့ အမေရိကန်နိုင်ငံ အခြေစိုက် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ Carter Center ရဲ့ ဒီမိုကရေစီ အစီအစဉ်က ပူးတွဲညွန်ကြားရေးမှူး တဦးဖြစ်သူ Jonathan Stonestreet ကလည်း မကြာခင်ကပဲ ဗွီအိုအေကို ပြောပါတယ်။

XS
SM
MD
LG