သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုအပေါ် အန်အဲလ်ဒီ သုံးသပ်ချက်


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လူငယ်များနှင့် တွေ့ဆုံပွဲတွင် အမှာစကား ပြောကြားနေစဉ်။ ဖေဖော်ဝါရီ ၈၊ ၂၀၁၁။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လူငယ်များနှင့် တွေ့ဆုံပွဲတွင် အမှာစကား ပြောကြားနေစဉ်။ ဖေဖော်ဝါရီ ၈၊ ၂၀၁၁။

ဖေဖော်ဝါရီ ၁၄၊ ၂၀၁၁-စစ်အစိုးရအပေါ် ဒဏ်ခတ်မှုတွေ လျှော့ပေါ့စေလိုတဲ့ သဘောထားတွေ ရှိနေပေမဲ့ အန်အဲလ်ဒီ ကတော့ ဒါကို သဘောမတူပါဘူး။

မြန်မာစစ်အစိုးရအပေါ် အနောက်နိုင်ငံတွေက ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ထားတာတွေကို လျှော့ပေါ့ဖို့ တိုက်တွန်းသံတွေ မကြာသေးခင်တုန်းကပဲ ထွက်ပေါ်လာပြီးတဲ့နောက် အဓိကနိုင်ငံရေးပါတီကြီးတခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကတော့ အရေးယူမှုတွေကို ထောက်ခံအားပေးကြောင်း ပြောဆိုလိုက်ပါတယ်။ နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ဖို့ ရည်ရွယ်ချမှတ်ထားတာ ဖြစ်ပေမဲ့ အချေအတင် ပြောစရာဖြစ်လာနေတဲ့ ဒဏ်ခတ်မှုတွေနဲ့ ပတ်သက်လို့ NLD ပါတီနဲ့ စီးပွားရေး ကျွမ်းကျင်သူတွေက ဘယ်လို သဘောထား အမြင်တွေ ရှိကြသလဲ ဆိုတာကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှုမရှိတဲ့အတွက် စစ်အစိုးရအပေါ် ဒဏ်ခတ်တဲ့ အနေနဲ့ စီးပွားရေးအရ ပိတ်ဆို့မှုတွေကို ၁၉၉၀ ပြည့်လွန်နှစ်တွေကစလို့ အနောက်နိုင်ငံတွေက စတင်ကျင့်သုံးလာတာတွေဟာ ထိရောက်မှု မရှိဘူး၊ လူထုကိုသာ နစ်နာစေတယ်ဆိုပြီး ပြန်လည်ရုပ်သိမ်းဖို့ တိုက်တွန်းနေကြတာပါ။ ဒါပေမဲ့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကတော့ ဒီအကြောင်းပြချက်တွေဟာ ခိုင်လုံမှုမရှိဘူးဆိုပြီး ဖေဖော်ဝါရီလ ဒုတိယပတ်ထဲမှာပဲ ကြေညာချက်တစောင် ထုတ်ပြန်ပြီး တုံ့ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေအတွက် ဆွေးနွေးမှုတွေ လုပ်ခဲ့ရာမှာ လက်ရှိ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှု ကိစ္စတွေဟာလည်း ထပ်တလဲလဲ ပါဝင်နေတာမို့ ဒီအပေါ်မှာ NLD ရဲ့ ရပ်တည်ချက်နဲ့ သုံးသပ်ချက်ကို အခုနောက်ဆုံး ထုတ်ပြန်လိုက်တာလို့ ပါတီပြောခွင့်ရသူ တဦးဖြစ်တဲ့ ဦးအုန်းကြိုင် ကပြောပါတယ်။
“တကယ့်တကယ် စီးပွားရေး တိုးတက်မှု နှေးကွေးရခြင်း၊ စီးပွားရေး အကျပ်အတည်းတွေ ကြုံတွေ့ရခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ အစိုးရရဲ့ စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းနဲ့ စီးပွားရေးမှာ လွတ်လပ်ခွင့်၊ တရားမျှတခွင့်၊ တရားဥပဒေ စိုးမိုးမှုတွေ ဒီနယ်ပယ်မှာလည်း မရှိတာကြောင့် ဖြစ်တယ်။ Good Governance မဟုတ်တာကြောင့် ဖြစ်တယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်။”

စီးပွားရေးဖွံ့ဖြိုးမှုနိမ့်ကျနေတဲ့ မြန်မာနိုင်ငံက အခြေအနေတွေဟာ အဓိကအားဖြင့် မူဝါဒနဲ့ စွမ်းဆောင်မှုတွေ၊ စီမံခန့်ခွဲမှုတွေမှာ အားနည်းချက်တွေ ရှိနေတာ၊ ပြည်ပရင်းနှီးမြုပ်နှံမှုတွေကို ဆွဲဆောင်နိုင်တဲ့ ပတ်ဝန်းကျင်မျိုး မရှိတာတွေကြောင့် ဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ အစီရင်ခံစာကိုလည်း NLD က ကိုးကားဖော်ပြခဲ့တာပါ။ စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် ဖွံ့ဖြိုးရေးအတွက် အကူအညီတွေလည်း အရနည်းသွားတယ်လို့ ဝေဖန်သူတွေရဲ့ ပြောဆိုချက်ကိုလည်း ၁၉၇၈ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်ကြား အမေရိကန် ဒေါ်လာသန်းပေါင်း ၃,၇၁၂ သန်းရခဲ့တဲ့ မြန်မာနိုင်ငံဟာ ၁၉၈၇ ခုနှစ်ကုန်ပိုင်းမှာ ဖွံ့ဖြိုးမှု အနည်းဆုံးတိုင်းပြည်အဖြစ် ရောက်ခဲ့ရတယ်လို့ ပြန်လည်ထောက်ပြထားတာ ဖြစ်ပါတယ်။

မြန်မာ့စီးပွားရေး အခြေအနေတွေကို စောင့်ကြည့်လေ့လာ အစီရင်ခံနေတဲ့ သြစတြေးလျနိုင်ငံ McQuarie တက္ကသိုလ်က ပါမောက္ခ ရှောင် တာနဲလ် (Sean Turnell) ကလည်း စီးပွားရေး ပိတ်ဆို့မှုတွေဟာ စစ်အစိုးရထက် တိုင်းပြည်ဖွံ့ဖြိုးရေးနဲ့ လူထုကို ထိခိုက်နစ်နာစရာတွေ ဖြစ်ရတယ်လို့ ပြောနေတာတွေဟာ အပြည့်အ၀ မမှန်ဘူးလို့ သူ့အမြင်ကို ပြောပါတယ်။
“ကျနော့်ရဲ့ ကိုယ်ပိုင်အမြင်ကတော့ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှု အားနည်းနေရတာဟာ ပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် ဆိုတာထက် စစ်အစိုးရရဲ့ မူဝါဒတွေကြောင့်သာ အများကြီး ဖြစ်ပါလိမ့်မယ်။ ဒါကို သက်သေထူရမယ်ဆိုရင်တော့ အရေးယူ ဒဏ်ခတ်မှုတွေ မတိုင်ခင် အခြေအနေတွေကို ကြည့်လို့ရပါတယ်။ တကယ်တော့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဆိုတာက ၂၀၀၀ ပြည့်နှစ် တဝိုက်လောက်မှ ချမှတ်လာတာပါ။”

နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှုမရှိတဲ့အတွက် ဒဏ်ခတ်မှုတွေ ချမှတ်ခံထားရတဲ့ စစ်အစိုးရက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာတုန်းကတော့ ရွေးကောက်ပွဲတွေ ကျင်းပပြီး နှစ်ပေါင်း ၂၀ ကျော်အတွင်း ဇန်နဝါရီလကုန်မှာ ပထမဆုံးအကြိမ် လွှတ်တော် ခေါ်ယူပြီး အုပ်ချုပ်ရေး အပြောင်းအလဲတွေလုပ်ဖို့ ပြင်ဆင်မှုတွေ လုပ်လာခဲ့တာပါ။ ဒီလို အခြေအနေတွေကို ထောက်ပြပြီး မြန်မာနိုင်ငံလည်း အသင်းဝင်အဖြစ် ပါဝင်နေတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ကတော့ အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်မှုတွေကို လျှော့ပေါ့ပေးဖို့ တိုက်တွန်းမှုတွေလည်း ထွက်ပေါ်လာပါတယ်။ ဒါပေမဲ့လည်း ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ နိုင်ငံတွေကတော့ လတ်တလော မြန်မာနိုင်ငံက အခြေအနေတွေဟာ အရေးယူမှုတွေကို ရုပ်သိမ်းရလောက်တဲ့ ပြုပြင်ပြောင်းလဲမှုမျိုးအဖြစ် မမြင်ကြပါဘူး။ စစ်အစိုးရက ကမကထလုပ် စီစဉ်ခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ ပွင့်လင်းလွတ်လပ်မှု မရှိသလို၊ လွှတ်တော် ကျင်းပနေတာတွေဟာလည်း နည်းမှန်လမ်းမှန် မဟုတ်ဘူးလို့ ဆိုနေကြတာပါ။ NLD ကတော့ တိုင်းပြည်မှာ အပြောင်းအလဲတွေဖြစ်ဖို့ ဒီမိုကရေစီ ပေါ်ထွန်းဖို့ ရည်ရွယ်ချမှတ်ထားတဲ့ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းဖို့ အတွက်ကတော့ သိသာတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လိုလိမ့်မယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက ပြည်ပကုန်သွယ်မှုတွေမှာ ရေနံ သဘာဝဓာတ်ငွေ့က ရောင်းချတဲ့ ဝင်ငွေတွေ အမြောက်အများရနေပေမဲ့လည်း အရှေ့တောင်အာရှမှာတော့ လူသားအရင်းအမြစ် ဖွံ့ဖြိုးမှုမှာ အနိမ့်ကျဆုံး စာရင်းဝင် ဖြစ်လာခဲ့တာတွေကိုလည်း NLD က ထောက်ပြခဲ့ပြီး စီးပွားရေး ပိတ်ဆို့မှုကြောင့် ကုန်သွယ်မှုတွေအပေါ် ကန့်သတ်မှုတွေကတဆင့် မြန်မာလူထု ထိခိုက်ရတယ်ဆိုတာ ဖြစ်နိုင်မဖြစ်နိုင် မေးခွန်းထုတ်ခဲ့တာပါ။ စီးပွားရေး ပိတ်ဆို့မှုတွေ စတင်ကျင့်သုံးချိန်မှာ လူထုတွေနစ်နာရတယ်လို့ ပြောစရာဖြစ်ခဲ့ရတဲ့ အထည်ချုပ် လုပ်ငန်းမှာ ဆိုရင်လည်း ဆုံးရှုံးမှု ပမာဏ သန်း ၄၀၀ လောက်အနက်မှာ ၂.၅ ရာခိုင်နှုန်းလောက်ကသာ အလုပ်သမားတွေရဲ့ လုပ်ခလစာနဲ့ သက်ဆိုင်တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

တကယ်တော့ စစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေမှာ ပစ်မှတ်ထား အရေးယူတာတွေဟာ ထိရောက်မှု ရှိနေတာမို့ ပိုပြီးတိုးမြှင့် ဆောင်ရွက်နိုင်တာတွေတောင် ရှိနေတယ်လို့ သြစတြေးလျနိုင်ငံ McQuarie တက္ကသိုလ်က စီးပွားရေးပညာရှင် ပါမောက္ခ တာနဲလ် ကတော့ မြင်ပါတယ်။
“နိုင်ငံတကာ ဘဏ္ဍာရေး လွှဲပြောင်းမှုတွေမှာ ပိတ်ဆို့ဒဏ်ခတ်ထားတာတွေက စစ်အစိုးရနဲ့ လက်ဝေခံ စီးပွားရေး သမားတွေအပေါ် တကယ့်ကို ပစ်မှတ်ထားရာ ရောက်ပါတယ်။ ဒါကြောင့်လည်း အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂ (EU) သြစတြေးလျ တို့လို နိုင်ငံတွေက ဘဏ္ဍာရေး လုပ်ငန်းတွေအပေါ် ပိတ်ဆို့အရေးယူထားတဲ့ ကိစ္စတွေ ချဲ့ထွင်လုပ်ကိုင်ဖို့ဟာ စဉ်းစားကြည့်သင့်တဲ့ အပိုင်းတွေ ဖြစ်မယ်လို့ ကျနော်ယူဆပါတယ်။”

ဆယ်စုနှစ် ၂ ခုလောက်ကြာလာတဲ့ အခုအချိန်မှာတော့ အရေးယူဒဏ်ခတ်မှုတွေနဲ့ ပတ်သက်လို့ အဆိုးအကောင်း၊ ဆက်လက် ကျင့်သုံးသင့်မသင့်၊ ပြုပြင်မှုတွေ လုပ်ဖို့လိုမလို စတာတွေကို သက်ဆိုင်ရာ တိုင်းပြည်တွေနဲ့ ဆွေးနွေးလိုတယ်လို့လည်း NLD က ကမ်းလှမ်းထားတာပါ။ လက်တလော ပြဋ္ဌာန်းထားတဲ့ ဒဏ်ခတ်မှုတွေမှာတော့ အမေရိကန် နိုင်ငံက မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှု အသစ်လုပ်တာတွေကို တားမြစ်တာတွေ၊ စစ်အစိုးရနဲ့ ဆက်နွယ် ပတ်သက်သူတွေ၊ အစိုးရပိုင် လုပ်ငန်းတွေရဲ့ ဘဏ္ဍာငွေကြေးဆိုင်ရာ လုပ်ငန်းတွေကို အမေရိကန် ပြည်ထောင်စုမှာ လုပ်ဆောင်ခွင့် မပြုတာတွေ ပါဝင်ပါတယ်။ ဥရောပ သမဂ္ဂ (EU) ကလည်း အလားတူ ဒဏ်ခတ်မှုတွေနဲ့အတူ စစ်အစိုးရကို လက်နက်ရောင်းချတာတွေ မလုပ်ဖို့ တားမြစ်ထားတာ ဖြစ်ပါတယ်။ ဒီလိုပဲ မြန်မာစစ်အစိုးရ တာဝန်ရှိသူတွေကို ပစ်မှတ်ထားပြီး စီးပွားရေး၊ သံတမန်ရေး ဒဏ်ခတ် အရေးယူမှုတွေကို လုပ်ဆောင်လာကြတဲ့ အထဲမှာတော့ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန် စတဲ့ နိုင်ငံတွေလည်း ပါဝင်လာခဲ့ကြတာပါ။

၂၀၀၇ ခုနှစ်က သံဃာတော်တွေရဲ့ ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို သွေးထွက်သံယို နှိမ်နင်းမှုတွေအပါအဝင် နောက်ပိုင်းနှစ်တွေမှာလည်း မြန်မာနိုင်ငံတွင်းမှာ ဖိနှိပ်မှုတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိခဲ့တဲ့အတွက် ဒဏ်ခတ်မှုတွေကို တိုးမြှင့်ကျင့်သုံး လာတာတွေကိုသာ တွေ့မြင်လာရတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG