သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိပ်ကမ်း အနိုင်ရကိုယ်စားလှယ်ကို NLD တရားစွဲ


USDP ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူများရဲ့ မဲဆွယ်စည်းရုံးပွဲမြင်ကွင်း။ (အောက်တိုဘာ ၂၉၊ ၂၀၁၈)
USDP ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူများရဲ့ မဲဆွယ်စည်းရုံးပွဲမြင်ကွင်း။ (အောက်တိုဘာ ၂၉၊ ၂၀၁၈)

ဆိပ်ကမ်းမြို့နယ် အနိုင်ရ USDP လွှတ်တော် ကိုယ်စားလှယ် အပါအဝင် ၃ဦးကို ရွေးကောက်ပွဲကာလအတွင်း တရားမဝင်လုပ်ဆောင်မှုတွေ ရှိတယ်လို့ စွပ်စွဲပြီး အမှုဖွင့်တိုင်ကြားထားတယ်လို့ NLD ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးဥက္ကဌ ဒေါက်တာမျိုးညွန့်ကပြောပါတယ်။ USDP ဘက်ကတော့ တရားဥပဒေ လမ်းကြောင်းအရ သက်သေခိုင်ခိုင်မာမာနဲ့ ပြန်လည်ဖြေရှင်းသွားမယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကပြောပါတယ်။ အပြည့်အစုံကို ကိုကောင်းစံဟိန်းက ပြောပြပေးမှာပါ။

ဆိပ်ကမ်းမြို့နယ်အတွင်း ငွေချေးခွင့် မရှိဘူးဆိုတဲ့ ကုမ္ပဏီတစ်ခုနဲ့ ချေးငွေ ချေးပေးဖို့ ရွေးကောက်ပွဲ ကာလအတွင်း ပြုလုပ်ခဲ့တာကြောင့် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုဥပဒေ ပုဒ်မ ၅၈(က) နဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့ NLD ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးဥက္ကဌ ဒေါက်တာမျိုးညွန့်ကပြောပါတယ်။

"တရားစွဲရတဲ့အကြောင်းကတော့ ဆိပ်ကမ်းမြို့နယ်မှာ ငွေချေးခွင့် မရှိတဲ့ ကုမ္ပဏီတစ်ခုက လာပြီးတော့ ငွေချေးတယ်။ အဲဒီမှာ ရွေးကောက်ပွဲ တာဝန်ရှိတဲ့ လူ ၃ ဦးကနေပြီးတော့ ဒီကုမ္ပဏီနဲ့ ချိတ်ဆက်ပေးပါတယ်ဆိုပြီးတော့ ပြောထားတာရှိပါတယ်။ ဆိုတော့ ကျနော်တို့ တရားဥပဒေအရ ရွေးကောက်ပွဲ အနိုင်ရဖို့အတွက် ပစ္စည်းပေးတာတို့ ၊ ငွေကြေးလက်ဆောင် လာဘ်လာဘ နဲ့ ရွေးကောက်ပွဲ အောင်နိုင်အောင် လုပ်တယ်ဆိုပြီး တရားမဲ့ပြုကျင့်တာရောက်ပါတယ်။ အဲဒါကြောင့် ကျနော်တို့က ဒီအချက်အလက်တွေထောက်ပြီးတော့ တိုင်ကြားတာဖြစ်ပါလိမ့်မယ်။"

ဆိပ်ကမ်းမဲဆန္ဒနယ် အနိုင်ရလွှတ်တော်အမတ် ဦးနေမျိုးအောင်ကို အမှုဖွင့်တိုင်ကြားထားတာနဲ့ ပက်သက်ပီး ရဲစခန်းက တစ်စုံတစ်ရာ အကြောင်းကြားထားခြင်း မရှိသေးဖူးလို့ USDP ပြောရေးဆိုခွင့် ရှိသူ ဦးသိန်းထွန်းဦးကပြောပါတယ်။ USDP အနေနဲ့ အခုလို ချေးငွေချပေးဖို့ ချိတ်ဆက်ပေးတာမျိုးတွေကို ဆိပ်ကမ်းမြို့နယ်တခုတည်းမကဘဲ မခြားမြို့နယ်တွေမှာလည်း ပြုလုပ်လေ့ရှိတယ်လို့လည်း ဦးသိန်းထွန်းက ပြောပါတယ်။

"ပြည်သူလူထုအကျိုးကို ဆောင်ရွက်လို့ ဒီလိုစွဲခံရတာတွေ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ခင်ဗျ။ ကျနော်တို့ကလေ ဒီလိုဟာမျိုးကို အဲဒီ တမျို့နယ်ထဲ လုပ်ဆောင်တာမဟုတ်ဘူးခင်ဗျ။ ပြည်သူလူထု လိုအပ်ချက် မှန်သမျှကို ဒီလိုဆောင်ရွက်ပေးတာသည် ကျနော်တို့ ပါတီက အဲလိုပဲဆောင်ရွက်ပါတယ်။"

ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှု နှင့် ပြစ်ဒဏ်များ ပုဒ်မ ၅၈ (က) မှာ ရွေးကောက်မှုဆိုင်ရာ အခွင့် အရေးကို မတရားသဖြင့် ရရှိရန်ဖြစ်စေ၊ ယင်းအ ခွင့်အရေးကို ရရှိခဲ့ခြင်းအတွက် ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ဖြစ်စေ ငွေ၊ ပစ္စည်း၊ အစားအသောက်၊ ရာထူး (သို့ မဟုတ်) အလုပ်အကိုင် နေရာ ပြောင်းရွှေ့မှု (သို့မဟုတ်) အခြား အခွင့်အရေးတစ်ခုခုကို အသုံးပြု လာဘ်ပေးခြင်း (သို့မဟုတ်)လာဘ်ယူခြင်း ပြုလုပ်သူကို ထောင်ဒဏ်တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေ ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ် စေ ချမှတ်ရမည်လို့ပြဋ္ဌာန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG