သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ပြောင်းလဲမှုတွေအတွက် လူထု မနစ်နာအောင် လုပ်ဆောင်မည်ဟု NLD ပြော


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒုတိယအကြိမ်နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ အပြီး ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲ (National League for Democracy)

၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေး နိုင်ငံရေးခြေလှမ်းတရပ်အနေနဲ့ ကျင်းပတဲ့ NLD ပါတီရဲ့နိုင်ငံလုံးဆိုင်ရာညီလာခံမှာ NLD အနေနဲ့ ရှေ့လုပ်ငန်းစဉ်တရပ်ဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ပြည်သူလူထု ထိခိုက်နစ်နာမှုအနည်းဆုံးဖြစ်စေတဲ့ နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ဒီကနေ့ ညီလာခံအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေး အပါအဝင် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး ၂၀၂၀အထွေထွေ ရွေးကောက်ပွဲအောင်နိုင်ရေး၊ NLD အစိုးရအဖွဲ့ရဲ့မူဝါဒ၊ လမ်းစဉ်တွေကို ဝန်းရံရေးတွေပါဝင်တဲ့ရှေ့လုပ်ငန်းစဉ်တွေကိုလည်း ဒီဒုတိယအကြိမ်နိုင်ငံလုံးဆိုင်ရာပါတီညီလာခံကနေ ချမှတ်ခဲ့ကြပါတယ်။ အသေးစိတ် မဆုမွန် တင်ပြပေးပါမယ်။

National League for Democracy
National League for Democracy

ဒုတိယအကြိမ်နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံက ရွေးချယ်တင်မြှောက်လိုက်တဲ့၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နဲ့ အရံအလုပ်အမှုဆောင်အဖွဲ့ဝင်များ

တိုင်းနဲ့ပြည်နယ် အသီးသီးက အစိုးရအဖွဲ့ဝန်ကြီးချုပ်တွေနဲ့ မြန်မာနိုင်ငံတနိုင်ငံလုံးက ပါတီဝင်ပေါင်း တစ်ထောင့်နှစ်ရာကျော်တက်ရောက်တဲ့ အနိုင်ရပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံလုံးဆိုင်ရာညီလာခံကို ရန်ကုန်မြို့မှာ မနေ့နဲ့ဒီနေ့ နှစ်ရက်ဆက်တိုက် ကျင်းပခဲ့ပါတယ်။ NLD ပါတီရဲ့နိုင်ငံလုံးဆိုင်ရာညီလာခံမှာ ချမှတ်ခဲ့တဲ့ ရှေ့လုပ်ငန်းစဉ်တရပ်ဖြစ်တဲ့ NLD အနေနဲ့ ရွေးကောက်ပွဲကတိတခုဖြစ်တဲ့၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ကြိုးစားဆောင်ရွက်ရမှာတော့ ပြည်သူလူထု ပွန်းပဲ့မှု ထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်စေတဲ့ နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဒီကနေ့ နိုင်ငံလုံးဆိုင်ရာညီလာခံအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။

“ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုတာကို ကျနော်တို့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်ကတည်းကိုက ပြည်သူကိုတင်ပြခဲ့တဲ့ မူဝါဒတရပ်ဖြစ်ပါတယ်။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ကျနော်တို့ ဘယ်ပုံဘယ်နည်းနဲ့ ပြင်မှာလည်းဆိုတော့ ပြည်သူတွေကို သိခိုင်းစေချင်တယ်။ကျနော်တို့ မူဝါဒဖြစ်တဲ့ တည်ငြိမ်အေးချမ်းစွာနဲ့ နိုင်ငံရေး ကို နိုင်ငံရေးနဲ့ ဖြေရှင်း ခြင်းဆိုတဲ့ နည်းကိုပဲ သုံးမှာဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့နေရာမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်တာတွေ ပါပါတယ်။ အဲဒီတော့ ကျနော်တို့ ငြိမ်းချမ်းရေးညီလာခံကြီးကနေ ချပြလာမယ့် မူတွေပေါ်မှာ မူတည်ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်တာကိုတော့ ကတိလည်းပေးပြီးသားပါ။ ဒါက ကြိုးစားဆောင်ရွက်ခဲ့ဖူးပါပြီ။ ကျနော်တို့လည်း ၄၃၆ ပြင်ဆင်ရေးကို တင်ပြခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီတုန်းက ကျနော်တို့ အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။ ပြောရရင်တော့ ပြည်သူတွေမထိခိုက်တဲ့ ပြည်သူတွေ နစ်နာမှုမဖြစ်စေတဲ့ငြိမ်းချမ်းသောနည်းလမ်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မယ်ဆိုတာ ဖြေကြားချင်ပါတယ်။”

NLD ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ (ဓာတ်ပုံ-NLD)
NLD ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ (ဓာတ်ပုံ-NLD)

ပါတီညီလာခံ ပထမနေ့တုန်းက ပါတီဗဟိုကော်မတီဝင်တွေဘက်က တင်သွင်းခဲ့တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး ၂၀၂၀အထွေထွေ ရွေးကောက်ပွဲအောင်နိုင်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေး အပါအဝင် NLD အစိုးရအဖွဲ့ရဲ့မူဝါဒ၊ လမ်းစဉ်တွေကို ဝန်းရံရေးတွေပါဝင်တဲ့ နိုင်ငံရေးအစီရင်ခံစာနဲ့ စည်းရုံးရေး အစီရင်ခံစာပါအတိုင်း ရှေ့လုပ်ငန်းစဉ်အဖြစ် ဆက်လက်ဆောင်ရွက်သွားဖို့ နိုင်ငံလုံးဆိုင်ရာညီလာခံကနေ ဆုံးဖြတ်ခဲ့တယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ NLD ပြောခွင့်ရ ဦးမျိုးညွန့်က အခုလိုပြောဆိုသွားပါတယ်။

“နိုင်ငံလုံးဆိုင်ရာညီလာခံကတက်ရောက်လာတဲ့ ညီလာခံကိုယ်စားလှယ်များက အတည်ပြုပါတယ်၊ ရှေ့လုပ်ငန်းစဉ်၅ ရပ်ရှိပါတယ်။ ရှေ့လုပ်ငန်းစဉ် ၁ က တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများရဲ့ လူမှုစီးပွားဘ၀ တိုးတက်မြှင့်မားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဒီမိုကရေစီအရေးနဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ရှေ့လုပ်ငန်းစဉ် ၂ အရ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးတို့ဖြစ်ပါတယ်။ေ ရှ့လုပ်ငန်းစဉ် ၃ အရ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးအောင်နိုင်ရေး ဖြစ်တယ်။ရှေ့လုပ်ငန်းစဉ် ၅ အရ အဖွဲ့ချပ်အစိုးရရဲ့ မူဝါဒရဲ့ လုပ်ငန်းများကို မွေးမြူရန်ဖြစ်တယ်။ ဒီ၅ ရပ်ကို နိုင်ငံလုံးဆိုင်ရာညီလာခံကနေ ကျနော်တို့အဖွဲ့ချုပ်ရဲ့ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့တာဖြစ်ပါတယ်။"

NLD ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ (ဓာတ်ပုံ-NLD)
NLD ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ (ဓာတ်ပုံ-NLD)

အခုလို NLD ပါတီနိုင်ငံလုံးဆိုင်ရာ ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲမှာ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတော့ ပြည်သူလူထုကို ရှင်းရှင်းလင်းတိတိကျကျ ပြောဆိုသင့်တယ်လို့ မြန်မာနိုင်ငံရေးလေ့လာအကဲခတ်ဒေါက်တာရန်မျိုးသိမ်းက အခုလိုသုံးသပ်ပါတယ်။

"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒုတိယအကြိမ်ပါတီညီလာခံက တကယ်တမ်းပြောရင် အာဏာရပါတီ ၁ ရပ်အနေနဲ့ဆိုရင် လုပ်တဲ့အချိန်ကာလဟာ အင်မတန်မှ တိုတောင်းလွန်းတယ်လို့ မြင်တယ် လက်ရှိပေါ့လေ ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအကျပ်အတည်း၊ ငြိမ်းချမ်းရေးအကျပ်အတည်း ၊ ဖွံ့ဖြိုးတိုးတက်ရေး အကျပ်အတည်းတွေနဲ့ အင်မတန်မှ မြှင့်မားနေတဲ့ကာလမှာ ဒီထက်ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးအမြင်ဖလှယ်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ နောက်ပြီးတော့ ပြည်သူလူထုကိုလည်း ဒီထက်ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်အသိပေးသင့်တယ်လို့ မြင်တယ်။ အဲဒါမှ ပြည်သူလူထုကိုမျက်နှာမူတဲ့ ၊ ပြည်သူလူထု အသံ၊ ပြည်သူလူထုဆန္ဒကို အလေးထားတဲ့ နိုင်ငံရေးပါတီဆိုတဲ့လမ်းကြောင်းနဲ့ လိုက်လျောညီထွေဖြစ်မယ်လို့မြင်တယ်။ အခုလက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအကျပ်အတည်းနဲ့ ပတ်သက်လို့ရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဘယ်လိုပုံစံနဲ့ ဘယ်လိုအချိန်ကာလအတွင်းမှာ ဖော်ဆောင်ဖို့ စီစဉ်ထားတယ်ဆိုတာကို အများပြည်သူကို သိရှိအောင် အမြန်ဆုံးထုတ်ပြန်နိုင်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ အဲဒီလိုထုတ်ပြန်နိုင်မှ ပြည်သူလူထုအနေနဲ့ နိုင်ငံရေးအပြောင်းအလဲအတွက် မျှော်လင့်ချက်တရပ်ကို ထင်ထင်ရှားရှားတွေ့လာနိုင်မယ်လို့ မြင်ပါတယ်။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒုတိယအကြိမ်နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံကနေ NLD ပါတီရဲ့ ထိပ်သီးခေါင်းဆောင်တွေနေရာမှာ-လစ်လပ်နေတဲ့ ဗဟိုအလုပ်အမှုဆောင်တွေနဲ့ အရံဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်တွေ အပါအဝင် ပြည်နယ်နဲ့တိုင်းအလိုက် ဗဟိုကော်မတီဝင်တွေကို တက်ရောက်လာတဲ့ကိုယ်စားလှယ်တွေရဲ့ ဆန္ဒမဲနဲ့ ရွေးချယ်တင်မြှောက်လိုက်ကြပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အတည်ပြုလိုက်ပါတယ်။ ဗဟိုအလုပ်အမှုဆောင်တွေ ရွေးချယ်မှုနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေ ရှိနေတာနဲ့ပတ်သက်ပြီး တက်ရောက်လာတဲ့ကိုယ်စားလှယ်တွေရဲ့ မဲအတိုင်း ရွေးချယ်ခဲ့တာဖြစ်တယ်ဆိုတာကိုလည်း သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းရှင်းလင်းသွားပါတယ်။

ရန်ကုန်မြို့ MCC ခန်းမမှာ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ကျင်းပနေတဲ့ ဒီကနေ့ တနင်္ဂနွေနေ့မှာလည်း ဗဟိုကော်မတီဝင်တွေဘက်က တင်သွင်းလာတဲ့ နိုင်ငံရေးအစီရင်ခံစာပါ ဒီရှေ့လုပ်ငန်းစဉ်တွေနဲ့- ပတ်သက်ပြီး တိုင်းနဲ့ပြည်နယ်အသီးသီးက ဗဟိုကော်မတီဝင်တွေဘက်က ဒီကနေ့ ပြန်လည်ဆွေးနွေးကြပါတယ်။

၁၉၈၈ခုနှစ် စက်တင်ဘာလ ၂၇ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတုန်းကတကြိမ်-၂၀၁၅ ရွေးကောက်ပွဲမှာတကြိမ် အစိုးရတရပ်ဖွဲ့စည်းနိုင်တဲ့အထိ မဲအများဆုံးနဲ့အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၁၃ ခုနှစ်က ပထမအကြိမ်နိုင်ငံလုံးဆိုင်ရာပါတီ ညီလာခံကို ကျင်းပနိုင်ခဲ့ပြီး ငါးနှစ်အကြာ ၂၀၁၈ခုနှစ်မှာတော့ ဒုတိယအကြိမ် ပါတီနိုင်ငံလုံးဆိုင်ရာညီလာခံကို ကျင်းပနိုင်ခဲ့ပြီးတော့ ရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG