သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD သုတေသနမှူး ဆက်သွယ်ရေးပုဒ်မနဲ့ ဖမ်းဆီးခံရ


 NLD ပါတီရဲ့ သုတေသနဌာနအတွင်းရေးမှူး ကိုမျိုးရန်နောင်သိန်း (Facebook-Myo Yan Naung Thein page )
NLD ပါတီရဲ့ သုတေသနဌာနအတွင်းရေးမှူး ကိုမျိုးရန်နောင်သိန်း (Facebook-Myo Yan Naung Thein page )

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ သုတေသနဌာနအတွင်းရေးမှူး ကိုမျိုးရန်နောင်သိန်းကို အာဏာပိုင်တွေက ဖမ်းဆီးသွားတယ်လို့ NLD ပါတီက ပြောကြားလိုက်ပါတယ်။ လူမှုကွန်ရက်မှာ တပ်မတော်ခေါင်းဆောင်ပိုင်းကို ဝေဖန်ရေးသားခဲ့တာနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဆက်သွယ်ရေး အက်ဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်တိုင်ကြားခဲ့တာကြောင့်ဖြစ်တယ်လို့လည်း အာဏာပိုင်တွေဖမ်းဆီးစဉ်မှာ အတူရှိနေသူတဦးက ပြောပါတယ်။ ဒီအခြေအနေ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

အာဏာရ NLD ပါတီရဲ့ သုတေသနဌာနအတွင်းရေးမှူး ကိုမျိုးရန်နောင်သိမ်းကို ဒီကနေ့ နေ့လည်ပိုင်းမှာ အာဏာပိုင် တွေဘက်က ဖမ်းဆီးသွားခဲ့တာပါ။ ဆက်သွယ်ရေးအက်ဥပဒေပုဒ်မ နဲ့ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ဘာကြောင့်တော့ အတိအကျမသိဘူး။ ဒီနေ့နေ့ခင်းမှာဖမ်းသွားတယ်။ ဆက်သွယ်ရေးဥပဒေနဲ့ တိုင်ထားတယ်လို့ အဲဒီလိုသတင်းရပါတယ်။”

ကိုမျိုးရန်နောင်သိန်းကို အခုအခါမှာ အာဏာပိုင်တွေက လှိုင်မြို့နယ်ရဲစခန်းမှာ စစ်ဆေးမေးမြန်းနေပြီး၊ သူ့ကို ဖမ်းသွားခဲ့တဲ့ အခြေအနေပတ်သက်ပြီး၊ အဲဒီအချိန်တုန်းက သူနဲ့ အတူရှိနေတဲ့ NLD ပါတီသုတေသနဌာနအဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုနေမိုးအောင်ကအခုလို ပြောပါတယ်။

“ကျနော်တို့ ယုဇန ဟိုတယ်မှာပေါ့နော် ကျနော်ရယ် ၊ မိတ်ဆွေတယောက်ရယ်၊ သူရယ်စကားပြောနေတဲ့အချိန်မှာလာပြီး ဖမ်းသွားတာပါ။ အဓိကတော့ သူက Facebook မှာရေးတဲ့အကြောင်းအရာတခုကြောင့်ပေါ့နော်၊သူ့ Facebook မှာရေးတဲ့အကြောင်းအရာတခုကြောင့် ကျနော်သိထားတာကတော့ ယေဘုယျအားဖြင့်ပေါ့နော် အတိအကျတော့ မသိဘူး။ ဖမ်းတုန်းကတော့ ပုဒ်မ ၆၆ (ဃ) နဲ့လို့တော့ ပြောပါတယ်။ အခုတော့ လှိုင်မြို့နယ် ရဲစခန်းမှာပဲပေါ့နော် အခုတော့ စစ်တပ်ကတရားစွဲတယ် လို့တော့ပြောတာပဲ။ ရဲက အရေးယူဆောင်ရွက်ပေးရတာပေါ့နော် တရားစွဲလာတဲ့လူ ရှိတဲ့အတွက် အဲလိုတော့ ကျနော်တို့ ယေဘုယျသိထားတယ်ခင်ဗျ။ ရန်ကုန်တိုင်း စစ်ဌာနချုပ်ကနေပြီးတော့မှ ဒီလိုအမှုစွဲထားတဲ့အတွက် လာဖမ်းတာပါဆိုပြီးတော့မှ အဲဒီသဘောမျိုးပြောတာပေါ့လေနော်။ အဲလိုမျိုးဖမ်းပြီးတော့ ပြောတာပါ အရပ်ဝတ်တွေလည်းပါတယ်၊ နောက် ရဲ ယူနီဖောင်းလည်းပါတယ် ၄-၅ ယောက်လာဖမ်းတယ်ခင်ဗျ။”

လူမှုကွန်ရက်စာမျက်နှာတခုဖြစ်တဲ့ Facebook ကနေ တဆင့် တပ်မတော်ခေါင်းဆောင်ပိုင်းအပေါ်မှာ ဝေဖန်ပြောဆိုရေးသားခဲ့တာကြောင့် ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဗိုလ်မှူးကြီးတဦးက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) တရားစွဲခဲ့တာဖြစ်တယ်လို့ ကိုနေမိုးအောင်က ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဘယ်လိုဆက်ပြီး လုပ်ဆောင်သွားဖို့ရှိ သလဲဆိုတဲ့အပေါ်မှာ ဦးဉာဏ်ဝင်း ပြောတာကတော့

“ကျနော်တို့က ဒီလိုကိစ္စက ဒီတဆင့်ပြီးရင် တရားရုံးတင်ရမှာကို တရားရုံးတင်တဲ့အခါကျရင် သူတို့တင်ခဲ့ရင်ပေါ့နော် တရားရုံးတင်ရင် ကျနော်တို့က ကိုမျိုးရန်နောင်သိန်းအတွက်ကျနော်တို့ defense လုပ်ပေးရမှာပေါ့။ ဒါအတွက်တော့ ကျနော်တို့ ပြင်ဆင်ထားပါတယ်။”

လွန်ခဲ့တဲ့လတွေအတွင်းမှာလည်း နိုင်ငံတော်အကြီးအကဲတွေ နဲ့ တပ်မတောခေါင်းဆောင်ပိုင်းကို သရော်တဲ့ဓါတ်ပုံတွေ ဖြန့်ဝေမှု၊ တပ်မတော်ကို အကြည်ညိုပျက်စေမှုစတဲ့ အမှုတွေနဲ့ တရားစွဲ အရေးယူတာတွေလည်းရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG