ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တွင်းက ကြွက်ဘေးဒဏ်ကြောင့် စားနပ်ရိက္ခာ ပြဿနာနဲ့ ရင်ဆိုင်နေကြရတဲ့ ကျေးရွာတွေကို နိုင်ငံရေးပါတီတွေ၊ တသီးပုဂ္ဂလတွေနဲ့ ပူးပေါင်း ဖွဲ့စည်းထားတဲ့ လူမှုထောက်ကူရေး အဖွဲ့ကနေ ဆန်ပေးလှူဖို့ ရောက်ရှိနေကြပါတယ်။ ဆန်ပေးဝေမယ့် နေရာကို ဆန်ယူမယ့် ဒေသခံတွေ လာရောက်ကြပေမဲ့လည်း ချင်းပြည်နယ် ဒေသအာဏာပိုင်တွေက ဆန်ဝေခွင့် မပေးသေးတာကြောင့် မပေးဝေနိုင်သေးဘဲ ခွင့်ပြုချက် စောင့်ဆိုင်းနေရတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။
ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်ထဲက ကျေးရွာတွေမှာ ကြွက်ဘေးဒဏ်ကြောင့် သီးနှံစိုက်ခင်းတွေ ပျက်စီးခဲ့တဲ့အတွက် စားနပ်ရိက္ခာ မလုံမလောက် ဖြစ်နေကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် NLD က ဦးဆောင် ဖွဲ့စည်းထားတဲ့ လူမှုထောက်ပံ့ရေး ကွန်ယက်အဖွဲ့ တခုကနေ ကန်ပက်လက်မြို့နယ်ထဲက ကျေးရွာ ၈၇ ရွာက ဒေသခံ ၁၀,၀၀၀ ကျော်ကို ဆန်ပေးဝေဖို့ ဆန်အိတ်တွေနဲ့ ရောက်ရှိနေကြပေမဲ့ အခုထိတော့ ဆန်မဝေနိုင်သေးပါဘူး။ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို အဖွဲ့ခေါင်းဆောင် ဦးအောင်မြင့်က အခုလို ပြောပါတယ်။
“ဆန်လှူဖို့ ကိစ္စအတွက်ကို မဝတရုံးကနေပြီး ခွင့်ပြုချက် အခုထိ မရသေးပါဘူး။ မနက်ဖြန်တော့ ခွင့်ပြုချက် ရမယ်လို့ ပြောပါတယ်။ ခွင့်ပြုချက်ရတာနဲ့ ကျနော်တို့က ဖြန့်မှာပါ၊ ကျေးရွာကလူတွေလေ။ ခွင့်ပြုချက် မရသေးတာနဲ့ ကျနော်တို့ စောင့်နေရပါတယ်။”
ဆန်ပေးဝေရေး လုပ်ငန်းအတွက် ချင်းပြည်နယ်တွင်းက ဒေသခံ ချင်းလူငယ်တွေအပြင် မကွေးတိုင်းအတွင်းက NLD လူငယ်တွေပါ ကူညီ လုပ်ဆောင်ပေးနေကြတယ်လို့ ဦးအောင်မြင့်က ပြောပါတယ်။ NLD ပါတီ ခေါင်းဆောင်တဲ့ ဆန်ပေးဝေမယ့်အဖွဲ့ ရောက်ရှိနေတဲ့ သတင်းကြောင့် အနီးအနား ကျေးရွာတွေက ဒေသခံတွေ လာရောက်ကြပေမဲ့ ချင်းပြည်နယ် အာဏာပိုင်တွေက ဆန်ဝေခွင့် မပြုသေးတာကြောင့် ဒေသခံတွေကို ပြန်လွှတ်လိုက်ရတယ်လို့ သူက ဆက်ပြောပါတယ်။
“မနက်ကဆိုရင် ဒီမှာ ဆန်ဝေဖို့အတွက် ကျေးရွာကလူတွေ တော်တော်များများက ကျနော်တို့ ဆန်ဝေမယ့်နေရာ ကန်ပက်လက်မြို့နယ်က NLD ဥက္ကဋ္ဌ ဦးစံခင်အိမ်မှာ လာပြီး လူစုကြပါတယ်။”
ဆန်ပေးဝေမယ့် အဖွဲ့က ကန်ပက်လက်မြို့နယ် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌကို ခွင့်ပြုချက် တောင်းခံခဲ့ပေမဲ့ ဆန်ဝေဖို့အတွက် ခရိုင် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ရုံးကနေ ခွင့်ပြုမှသာ ဝေခွင့်ရမှာဖြစ်လို့ ခွင့်ပြုချက် စောင့်ဖို့သာ အကြောင်းပြန်ထားတယ်လို့ ဆိုပါတယ်။
“ကျနော်တို့က မဝတဥက္ကဋ္ဌကို ဆန်လှူမယ့်ကိစ္စနဲ့ ပတ်သက်ပြီး အလွတ်သဘော ဆွေးနွေးတဲ့အခါမှာ မဝတဥက္ကဋ္ဌက ချက်ချင်း၊ တထိုင်တည်းပဲ ကျနော်တို့ကို ခွင့်ပြုလိုက်ပါတယ်။ ခွင့်ပြုလိုက်ပြီး နောက် တနာရီလောက် ကြာတဲ့အခါကြတော့ မဝတရုံးကိုခေါ်ပြီး မလှူပါနဲ့ဦးတဲ့၊ အထက်ကို စာတင်ရဦးမယ်၊ အထက်ကို စာတင်ပြီး ခွင့်ပြုချက်ရမှ လှူပါလို့ ပြောပါတယ်။”
အခုတော့ NLD ခေါင်းဆောင်တဲ့ လူမှုထောက်ကူရေး ကွန်ယက်အဖွဲ့က ဆန်လှူမယ့် ကျေးရွာစာရင်း၊ လူဦးရေစာရင်းနဲ့ တကွ ချင်းပြည်နယ် ဒေသအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြရပါတယ်။ တဘက်မှာလည်း အလှူလက်ခံမယ့် ချင်းပြည်နယ် ဒေသခံတွေလည်း အာဏာပိုင်တွေဘက်က ခွင့်ပြုချက် ပြုမယ့်နေ့ကို စောင့်ဆိုင်းနေကြရပါတယ်။