သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ NLD အနိုင်ရရှိမှု ထိုင်းရောက် မြန်မာတွေကြိုဆို


ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ မြန်မာ့ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရဖို့ အလားအလာ ကောင်းနေခဲ့ပြီးတဲ့နောက် ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာဒုက္ခသည်နဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ မြန်မာနိုင်ငံမှာ အစိုးရသစ် ဖြစ်ပေါ်လာမယ့် အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေကြပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေကတော့ အစိုးရသစ်ဟာ သူတို့ဘဝအခြေအနေ တိုးတက်မြင့်မားလာဖို့ အထောက်အပံ့ ပေးနိုင်မလားဆိုတာနဲ့ ပက်သက်လို့ မျှော်လင့်နေကြတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဗွီအိုအေသတင်းထောက် Ron Corben ရဲ့ သတင်းကို ကိုရဲခေါင်က တင်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာဒုက္ခသည်နဲ့ ရွှေ့ပြောင်းလုပ်သား ၂ သန်းကျော်ရှိတဲ့အနက် အခုကျင်းပခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲမှာ အလွန်နည်းပါးတဲ့ အရေအတွက်ကသာ မဲပေးနိုင်ခဲ့ကြတာပါ။ ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒနယ်တွေရဲ့ ရလဒ်တွေကို ထုတ်ပြန်ကြေညာနေမှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က အများဆုံးအနိုင်ရရှိပြီး ဦးဆောင်နေတဲ့အတွက် ထိုင်းရောက် မြန်မာအများစုကတော့ အပြောင်းအလဲတခု ဖြစ်လာဖို့ မျှော်လင့်ခဲ့ကြတာပါ။

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်မှာ စိုက်ပျိုးရေးနဲ့ ငါးဖမ်းလုပ်ငန်းတွေမှာ ရွှေ့ပြောင်းလုပ်သားတွေကို အကူအညီပေးနေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းအဖွဲ့က အစီအစဉ်မှူး ကိုမင်းဦးကတော့ ထိုင်းရောက် မြန်မာအများအပြားဟာ အစိုးရသစ်ဖွဲ့စည်းမယ့်ကိစ္စကို အလေးထား စောင့်ကြည့်နေကြတယ်လို့ ပြောပါတယ်။

“အခုအချိန်မှာ သူတို့မှာရှိနေတဲ့ ခံစားချက်ကတော့ အစိုးရသစ်တရပ် တက်လာတာကို မြင်ချင်နေကြတာပါပဲ။ သူတို့ဟာ NLD ပါတီ အနိုင်ရသွားတာကို အထူးပဲ မြင်ချင်နေကြပါတယ်။ ဒါပေမဲ့ ဒီကအလုပ်သမားတွေ အတွက်ကတော့ အနာဂတ်မှာ တက်လာမယ့် အစိုးရသစ်က သူတို့ကို ဘယ်လို အကူအညီပေးနိုင်မလဲ ဆိုတာမျိုးကိုပဲ စဉ်းစားကြပါတယ်။”

ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူမျိုးစုအချင်းချင်းကြား ပဋိပက္ခတွေကနေ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေ အဓိက ခိုလှုံရာနိုင်ငံ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်းက မဲဆောက်မြို့မှာ ကရင်လူမျိုး ဆရာဝန် စင်သီယာမောင်ဟာ တစ်နှစ်ကို အနည်းဆုံး လူနာ ၁ သိန်း ၃ သောင်းလောက် ပြုစုကုသပေးနေရတဲ့ မယ်တော်ဆေးခန်းကို စီမံခန့်ခွဲနေပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကို အနီးကပ်စောင့်ကြည့်ဖို့ လိုတယ်လို့ သူက ပြောပါတယ်။

“ကျမတို့အနေနဲ့ ရွေးကောက်ပွဲနောက်ပိုင်းမှာ သုံးလေးလလောက်မထိ ဆက်ပြီး စစ်တပ်နဲ့ အရပ်သားတွေရဲ့ ဆက်ဆံရေး၊ စစ်တပ်နဲ့ အစိုးရသစ်ရဲ့ ဆက်ဆံရေး အခြေအနေတွေကို ဆက်ပြီး စောင့်ကြည့်နေဖို့ လိုပါတယ်။ ဒါ့အပြင် အသစ်ဖြစ်ပေါ်လာတဲ့ အစိုးရဟာ နိုင်ငံတွင်းမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာကိုလည်း စောင့်ကြည့်ဖို့ လိုပါတယ်။ ဒါတွေအားလုံးကို ကျမတို့ အနီးကပ် လေ့လာစောင့်ကြည့်ဖို့ လိုပါတယ်။”

ဒေါက်တာ စင်သီယာမောင်ကတော့ အစိုးရသစ်ဟာ နိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး လုပ်ပေးပြီး၊ ကျန်းမာရေး ဝန်ဆောင်မှု အခြေခံ အဆောက်အဦးတွေ တိုးတက်လာအောင် လုပ်ပေးနိုင်မယ်ဆိုရင် ပြည်သူတွေအနေနဲ့ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ခံယူဖို့ ထိုင်းနိုင်ငံထိ နယ်စပ်ဖြတ်ကျော်ပြီး လာစရာ မလိုတော့ဘူးလို့ မျှော်လင့်နေပါတယ်။ ထိုင်းရောက် မြန်မာအများစုကတော့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ NLD ပါတီက အပြတ်အသတ် အနိုင်ရခဲ့ပေမဲ့၊ အာဏာသိမ်းထားတဲ့ စစ်တပ်က ရွေးကောက်ပွဲရလဒ်တွေကို ပယ်ဖျက်ခဲ့တာကို မမေ့နိုင်ကြသေးပါဘူး။ ဒါကြောင့် ကိုမင်းဦးက သူ့အနေနဲ့ သံသယရှိနေဆဲပဲလို့ ပြောပါတယ်။

“အခု NLD ပါတီက နိုင်နေတယ်ဆိုတာ သေချာနေပေမဲ့၊ ကျနော်ကတော့ စစ်တပ်က NLD ကို လျောလျောလျူလျူနဲ့ အာဏာလွှဲပြောင်းပေးချင်စိတ် ရှိရဲ့လားဆိုတာကို သံသယရှိနေပါတယ်။”

ဗုဒ္ဓဟူးနေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရဖို့ သေချာသလောက် ဖြစ်သွားချိန်မှာတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး သဘောထားကို အခြေခံပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ သမ္မတနဲ့ လွှတ်တော်နာယကတို့နဲ့ တွေ့ဆုံဆွေးနွေးခွင့်ပြုဖို့ ဒေါ်အောင်ဆန်းစုကြည်က စာရေးခွင့်ပြုချက် တောင်းခံတာကို အားလုံးက လက်ခံလိုက်ပြီ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ ညနေ ၆ နာရီထိ နောက်ဆုံးထွက်တဲ့ ရလဒ်တွေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဟာ အမျိုးသားလွှတ်တော်မှာ ၇၇ နေရာ၊ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်တွေမှာ ၂၃၄ နေရာနဲ့ ပြည်သူ့လွှတ်တော်မှာ အမတ်နေရာ ၁၇၈ ထက်မနည်း ရထားပြီလို့ သိရပါတယ်။

XS
SM
MD
LG