သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေး NLD ကြိုးပမ်းမှု တိုင်းရင်းသားပါတီတွေ အမြင်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD ပါတီက ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်မှာ စတင်ဆောင်ရွက်လာတဲ့အပေါ် တိုင်းရင်းသား ပါတီတချို့ ရဲ့ အမြင်သဘောထားတွေ၊ ဖြစ်ပေါ်လာနိုင်တဲ့ အလားအလာတွေ ဘယ်လိုရှိနေပါသလဲ။ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က အခုလို စုစည်းတင်ပြထားပါတယ်။

ဇန်နဝါရီလ ၂၉ ရက်နေ့က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပူးပေါင်းကော်မတီ ဖွဲ့စည်းဖို့ NLD ပါတီက အရေးကြီး အဆိုတစ်ရပ်ကို တင်သွင်းခဲ့သလို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက လုပ်ထုံးလုပ်နည်းနဲ့ မညီကြောင်း ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ZCD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တီးတိန်မြို့ကို ရောက်ရှိစဉ်မှာအကြံပြုစာတစ်စောင်ပေးခဲ့ပါတယ်။

ZCD ပါတီရဲ့ အထွေထွေအတွင်းရေးမှုးလည်းဖြစ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ပူးဂင်ကမ်းလျန်က ဒီအကြံပြုချက်နဲ့သူ့တို့ရဲ့ အမြင်ကို အခုလို ပြောပါတယ်။

“အဲဒီနောက်ဆုံးပိုဒ်မှာ ကျနော်တို့ ဘာထည့်ထားလဲ ဆိုရင် အမျိုးသားရင်ကြားစေ့ဖို့၊ ငြိမ်းချမ်းရေးရရှိဖု့ိကို ၂၁ ရာစုပင်လုံကနေ လုပ်နေတယ်ပေါ့လေ။ အခု Union Accord မှာ ၅၁ ချက်ရရှိပြီးပြီဆိုတော့ အဲဒါကို ပြည်ထောင်စုမှာ ချပြီးတော့ ဆွေးနွေးလို့ရှိရင် ကျနော်တို့ ၂၀၀၈ ပြင်ဖို့ကို ကျော်လွှားနိုင်မယ်လို့ ကျနော်တို့ အကြံပြုထားတာရှိတယ်။ ကျနော်တို့ နိုင်ငံရဲ့ အဓိက ပြဿနာက ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ငြိမ်းချမ်းရေးမရတာလေ။ အဲဒါကို ကျော်လွှားဖို့ကို Union Accord မှာ သဘောတူပြီးတဲ့အချက်ကို လွှတ်တေ်ာပြည်ထောင်စုမှာ ဆွေးနွေးခိုင်းလိုက်။ ပြီးမှ ကျနော်တို့ လက်ရှိသွားနေတဲ့ ၂၀၀၈ နဲ့ Union Accord နဲ့ ကွဲလွဲမှုတွေကို ဆန်းစစ်လို့ ချိန်ဆလို့ ရပြီလေ။ အဲဒါဆို အဖြေတစ်ခု ပေါ်လာမယ် ထင်တာပဲ မျှော်တာပဲ ကျနော်တို့ အနေနဲ့လေ။ ”

လက်ရှိ NLD ပါတီက တင်ပြတဲ့ ပူးပေါင်းကော်မတီဖွဲ့စည်းရေးအပေါ်မှာတော့ စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA မှာ ဆွေးနွေးပြီး ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ UNA အဖွဲ့ဟာ တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၅ ပါတီနဲ့ ဖွဲ့စည်းထားတာဖြစ်သလို လွှတ်တော် ၃ ရပ်မှာလည်း ကိုယ်စားလှယ် ၁၀၀ လောက်ကို ကိုယ်စားပြုထားတာဖြစ်ပါတယ်။

အခြား UNA အဖွဲ့ဝင်ဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ အတွင်းရေးမှုး ဦးစိုင်းလိတ်က ပြည်ထောင်စုအခြေခံမူ Union Accord ရယူရာမှာ ဝိဝါဒကွဲပြားတာတွေ ရှိခဲ့သလို တပ်မတော်နဲ့ အစိုးရ တသဘောတည်း မရှိတဲ့အပေါ်မှာ မျှော်လင့်ဖို့ ခက်ခဲနိုင်ကြောင်း သုံးသပ်ထားပါတယ်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး သူ့ရဲ့ အမြင်သဘောထားကိုတော့ အခုလို ပြောပါတယ်။

“သူတို့ဟာ ပူးပေါင်းကော်မတီ ဖွဲ့ရုံဆိုရင်တော့ အရင် ကြံခိုင်ရေးအစိုးရတုံးက လုပ်တဲ့ လုပ်နည်းလုပ်ဟန် အတိုင်း သွားတယ်လို့ မြင်တာပေါ့နော်။ အဲဒီထက် ပိုပြီးတော့မှ ထူးထူးကဲကဲ ဘာများ လုပ်နိုင်မလဲ ဆိုတာတော့ စောင့်ကြည့်ရမှာပေါ့။ တစ်ချက်ရှိတာက လွှတ်တော်ထဲမှာ ကြိုးစားတဲ့အချိန်မှာ အစိုးရနဲ့ တပ်မတော် ဘယ်လောက်ထိ ညှိနှိုင်းဆွေးနွေးနိုင်မလဲဆိုတဲ့ အချက်အပေါ်မှာ မူတည်ပါတယ်။ တပ်မတော်ဘက်က အလျော့မပေးဘူးဆိုရင် အောင်မြင်နိုင်စရာအကြောင်းတော့ သိပ်မရှိဘူး။ ဒါပေမဲ့ ကျားကုတ် ကျားခဲ ကြိုးပမ်းမယ်ဆိုရင်တော့ ဥပဒေရေးရာအရ ရေးထားတဲ့ ဟာကွက်တွေ ပျော့ကွက်တွေ ရှိမှာပဲလေ ၂၀၀၈ ထဲမှာ၊ အဲဒါကို ဆီလို အပေါက်ရှာပြီးတော့မှ ကြိုးပမ်းမယ်ဆိုရင်တော့လည်း ရကောင်း ရနိုင်မယ်။ ”

ဖွဲ့စည်းပုံအခြေခံဥပဒေကို အမှန်တကယ် ပြုပြင်မယ်၊ လုံး၀ စေတနာအမှန်နဲ့ ပြုပြင်မယ်ဆို SNLD ပါတီအနေနဲ့ ကျရာအခန်းကနေပူးပေါင်းပါဝင်ဖို့ အသင့်ရှိကြောင်းလည်း ပြောပါတယ်။

မွန်အမျိုးသားပါတီရဲ့ အမြင်သဘောထားကိုတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နိုင်သီဟက အခုလို ပြောပါတယ်။

“ပါတီကတော့ ပြင်ဆင်ရေးအပိုင်းမှာ ပူးပေါင်းပါဝင် ထောက်ခံသွားဖို့ အဲလိုမျိုးတော့ ရှိတယ်ပေါ့နော်။ ဥပဒေကို ပြင်ဆင်တဲ့နေရာရောက်တဲ့အခါကျမှ ဘယ်ဟာကို တင်သွင်းမယ်ဆို ပါတီက သီးခြား ပြန်ပြီးတော့ ဆုံးဖြတ်မယ်ပေါ့နော်။ လက်ရှိအနေအထားအရတော့ ပါတီကတော့ ဒီအဆင့်ကိုတော့ ထောက်ခံတယ်ပေါ့လေ။ ဒါပေမဲ့ စစ်တပ်ကလည်း သူတို့ မကန့်ကွက်ဘူး။ဒါပေမဲ့ သူတို့ ဘယ်လောက်ထိပြင်ခွင့်ပေးမလဲ။ အဲဒီအပေါ်မှာပဲ မူတည်တယ်။ အဓိကကတော့ သူတို့ရဲ့ ပြင်ခွင့်ပေးတဲ့အပေါ်မှာပဲ လွှတ်တော်ကြီးက ပြင်လို့ ရမယ့်အနေအထားတွေ အဲလိုပဲ သွားဖြစ်မယ်ထင်တယ်ပေါ့။”

တခြား တိုင်းရင်းသားနိုင်ငံရေးပါတီတစ်ချို့ကတော့ ဖွဲ့စည်းပုံပြင်မယ်ဆိုရင် ပြည်နယ်ဝန်ကြီးချုပ်ခန့်အပ်ရေး ဆိုင်ရာ ပုဒ်မ ၂၆၁ ကို အဓိကထား ပြင်ဆင်လိုကြသလို တချို့ပါတီတွေကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီစနစ်၊ ဖက်ဒရယ်စနစ်နဲ့ မကိုက်ညီတာကြောင့် အသစ်ပြန်ရေးဖို့ လိုလားနေတာတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG