သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ ရွေးကောက်ပွဲ ပြည်သူ့အောင်နိုင်ရေး ဖြစ်ဖို့ NLD ကြိုးစားမည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမဦးဆုံးအကြိမ် ဗဟိုကော်မတီ ပဉ္စမအကြိမ်မြောက် အစည်းအဝေးမြင်ကွင်း။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမဦးဆုံးအကြိမ် ဗဟိုကော်မတီ ပဉ္စမအကြိမ်မြောက် အစည်းအဝေးမြင်ကွင်း။

မြန်မာနိုင်ငံမှာ မကြာခင်ကျင်းပတော့မယ့် ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးဟာ ပါတီအောင်နိုင်ရေးသပ်သပ်သာမဟုတ်ဘဲ ဒီမိုကရေစီအောင်နိုင်ရေး၊ ပြည်သူ့အောင်နိုင်ရေးဖြစ်အောင် ကြိုးစားသွားမယ့်အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေးနဲ့ ရွေးကောက်ပွဲမကျင်းပခင် တိုင်းပြည် အေးချမ်းတည်ငြိမ်ရေး ပြည်သူတွေ ပူးပေါင်း ပါဝင်ကြဖို့ကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုက်တွန်းခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

၂၀၁၅ ပါတီစုံအထွေထွေရွေးကောက်ပွဲကြီး မတိုင်ခင် အတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်ဆောင်ရွက်မှုတွေ ရှေ့လုပ်ငန်းစဉ် ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့ ဗဟိုကော်မတီဝင်တွေ ရန်ကုန်မြို့မှာ နှစ်ရက်တာ တွေ့ဆုံခဲ့ကြတဲ့ အစည်းအဝေး နောက်ဆုံးနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး သဘောထားနဲ့ပတ်သက်လို့ ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြောခဲ့တဲ့ဟာကတော့ ရှင်းရှင်းလေးပါပဲ။ `…ရွေးကောက်ပွဲမှာ အောင်နိုင်ရေးဟာ အဖွဲ့ချုပ် အောင်နိုင်ရေးမဟုတ်ဘူး၊ တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့အောင်နိုင်ရေးအတွက် ဖြစ်ရမယ်။ နောက်တခါ ဒီမိုကရေစီအောင်ပွဲအတွက် ဖြစ်ရမယ်။ အဲဒါကြောင့်မို့လို့ ဒီ ၂၀၁၅ ရွေးကောက်ပွဲဟာ …တကယ်ကို အားလုံးမှာ တာဝန်ရှိပြီးတော့ ကိုယ့်အတွက်မဟုတ်ဘဲနဲ့ နိုင်ငံအတွက်ပေါ့ဗျာ။ နိုင်ငံ တိုးတက်ရာတိုးတက်ကြောင်းအတွက် ဆောင်ရွက်နိုင်ကြဖို့တော့ လိုအပ်တာပေါ့။ အဖွဲ့ချုပ်အနေနဲ့ အဖွဲ့ချုပ်က ပြည်သူတွေအတွက် ဟိုတုန်းက ကာလမှာဆိုရင် ပြည်သူတွေအတွက် ရှေ့ကနေ ကြံ့ကြံ့ခံခဲ့တယ်။ ရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး ခံစရာရှိတာ ခံခဲ့တယ်။ စံရမယ့်ဟာကျရင် အဖွဲ့ချုပ် စံဖို့မဟုတ်ဘူး။ ပြည်သူလူထုအတွက်ပဲဖြစ်ရမယ်။ ဒါ ဥက္ကဋ္ဌရဲ့လမ်းညွှန်ချက်ပါ။ အဲဒီအတိုင်း ကျနော်တို့က ပြည်သူလူထုအပေါ်မှာပဲ အားကိုးအားထားပြုပါ၊ ပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်မှု မရှိတဲ့လုပ်ငန်း မှန်သမျှ ဘယ်လုပ်ငန်းမှ အောင်မြင်မှာ မဟုတ်တဲ့အတွက် ကျနော်တို့က ပြည်သူသာအမိ၊ ပြည်သူသာအဖ ဆိုတဲ့ဦးတည်ချက်နဲ့ပဲ ဆက်လက် လုပ်သွားဖို့ ရှိတယ်။”

အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းမှာ ကျင်းပနိုင်ဖွယ်ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားတဲ့ ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ တပါတီ တအုပ်စုကို ဘက်လိုက်မှုကင်းတဲ့၊ မျှတတဲ့ရွေးကောက်ပွဲဖြစ်အောင် အဖွဲ့ချုပ်က ပြည်သူနဲ့အတူ ဆောင်ရွက်သွား မှာ ဖြစ်တယ်လို့ပြောဆိုသလို ရွေးကောက်ပွဲမကျင်းပခင် နိုင်ငံတွင်း တည်ငြိမ်မှုရှိအောင် ပြည်သူတွေကိုလည်း ပန်ကြားခဲ့တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပြောခွင့်ရလည်းဖြစ်တဲ့ ဦးဝင်းမြင့်ကပြောပါတယ်။

“ရှေ့ဆက်သွားရမယ့် ၂၀၁၅ ရွေးကောက်ပွဲကတော့ဗျာ၊ လွတ်လပ်ပြီးတရားမျှတရုံတင်မကဘူး၊ သန့်ရှင်းတဲ့ရွေးကောက်ပွဲလည်း ဖြစ်ဖို့လိုတာပေါ့။ လွတ်လပ်တော့ လွတ်လပ်တယ်၊ အစကတည်းက စည်းကမ်းကလနားတွေက တရားမျှတမှုမရှိဘူး၊ သန့်ရှင်းမှုမရှိဘူးဆိုရင်တော့ မကောင်းဘူးပေါ့။ နိုင်ငံသားတိုင်းဟာ ဥပဒေပါအခွင့်အရေးကို ညီတူညီမျှရရမယ်လေ။ ဒါ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတာပေါ့။ တဦးတယောက်ကို စည်းကမ်း ကလနားတွေနဲ့ ပိတ်ပင်တားမြစ် ကန့်သတ်ထားပြီးတော့၊ ယှဉ်ပြိုင်ခိုင်းပြီးတော့- သဘောတခုက ချည်နှောင်တုပ်ပြီးတော့ ယှဉ်ပြိုင်ခိုင်းပြီးတော့ ကျန်တဲ့ အဲဒီ ယှဉ်ပြိုင်ချက်တွေနဲ့ကင်းလွတ်တာ တို့ပဲ ရှိတယ်။ တို့ထဲကပဲ အနိုင်ရရမယ်ဆိုတဲ့ဟာမျိုးကတော့ - ဒါဆိုလို့ရှိရင်တော့ တရားမျှတတဲ့၊ သန့်ရှင်းတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးဆိုတာ အစကတည်းက ပေါ်သွားမှာပဲလေ။ ဒါကြောင့်မို့လို့ ဒါမျိုးဆိုတာ မဖြစ်စေချင်ဘူးပေါ့။ ကျနော်တို့ ဥက္ကဋ္ဌ ညွှန်ကြား သလိုပေါ့၊

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမဦးဆုံးအကြိမ် ဗဟိုကော်မတီ ပဉ္စမအကြိမ်မြောက် အစည်းအဝေး။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမဦးဆုံးအကြိမ် ဗဟိုကော်မတီ ပဉ္စမအကြိမ်မြောက် အစည်းအဝေး။

၂၀၁၅ ရွေးကောက်ပွဲဟာ နိုင်ငံအတွက်၊ နိုင်ငံသူ နိုင်ငံသားတွေအတွက် အချိုးအကွေ့တခုပဲ၊ ဒါက တရက်၊ တလ၊ တနှစ်စာမဟုတ်ဘူးဗျ။ တဘဝလုံးစာ၊ တသက်စာကိစ္စ၊ အားလုံးဟာ ပူးပေါင်းပါဝင်ဆောင်ရွက်ပြီးတော့ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးရအောင် ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီ အသီးအပွင့်တွေ ခံစားရအောင် အားလုံးက တက်ညီလက်ညီနဲ့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သင့်တယ်လို့၊ နောက်တခါ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ရမယ်၊ မိတ်ဆွေကိုလည်း တိုင်းပြည်၊ နိုင်ငံနဲ့ နိုင်ငံသူနိုင်ငံသားအတွက် ဆောင်ရွက်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်အောင် လုပ်ရမယ်။ ဒါက ဘာလဲဆိုရင် ပြည်သူ ပြည်သားတွေရဲ့အခွင့်အရေးတခု ရရှိအောင် ဆက်လက်ဆောင်ရွက်ရမယ်လို့လည်း ပြောတယ်။”

အခုလို ရန်သူကိုမိတ်ဆွေဖြစ်အောင် ကြိုးစားသွားမယ်လို့ ပြောဆိုခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ကတော့ ၂၀၁၅ ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေးကို မကြာခင်ကြေညာသွားဖို့ရှိပါတယ်။

ရွေးကောက်ပွဲကာလမတိုင်ခင် တိုင်းပြည်တွင်းတည်ငြိမ်မှုရှိစေရေး အတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူကို ပန်ကြားချက် အပါအဝင် NLD က ဦးဆောင်ပြုလုပ်နေတဲ့ မဲစာရင်းစိစစ်ရေးကိစ္စတွေနဲ့ပတ်သက်လို့ လက်ရှိ အစိုးရနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တာဝန်အရှိဆုံးဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်ဒေါက်တာရန်မျိုးသိန်းက သုံးသပ်ပါတယ်။

“တကယ်တန်းက ရွေးကောက်ပွဲမတိုင်ခင် တည်ငြိမ်အေးချမ်းပြီးတော့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတဖို့ဆိုတာဟာ တကယ်တန်းက အစိုးရရယ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကော၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရယ်- အဓိကတာဝန်ရှိတယ်လို့ ကျနော်က မြင်ပါတယ်။ နောက်တဆင့်အနေနဲ့ကတော့ အာဏာရပြည်ခိုင်ဖြိုးပါတီမှာ တာဝန်ရှိတယ်လို့မြင်ပါတယ်။ အဲဒီအခါကျတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဓိက တည်ငြိမ်အေးချမ်းမှုနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲတခု ပေါ်ပေါက်ဖို့ဆိုရင် ပြည်သူလူထုကို ပန်ကြားစရာမလိုပါဘူး။ ကျနော့်အမြင် အားဖြင့်တော့ ပြည်ထောင်စုအစိုးရ၊ အာဏာရပါတီနဲ့ တပ်မတော်ကို ပြောဖို့လိုတယ်လို့ ကျနော်ကမြင်ပါတယ်ဗျ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမဦးဆုံးအကြိမ် ဗဟိုကော်မတီ ပဉ္စမအကြိမ်မြောက် အစည်းအဝေးကို ဇွန်လ ၂၀ ရက်နဲ့ ဇွန်လ ၂၁ ရက်နေ့ နှစ်ရက်တာ ရန်ကုန်မြို့၊ ရွှေဂုံတိုင်မြို့နယ် တော်ဝင်နှင်းဆီခန်းမှာကျင်းပခဲ့ပြီး အဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်တွေနဲ့ ဗဟိုကော်မတီဝင် တစ်ရာကျော် တက်ရောက်ခဲ့ကြပါတယ်။

NLD ပါတီဝင်တွေနဲ့အတူ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၀) ပြည့်မွေးနေ့ပွဲ။
NLD ပါတီဝင်တွေနဲ့အတူ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၀) ပြည့်မွေးနေ့ပွဲ။

ဒီအစည်းအဝေးပြီးချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်(၇၀) ပြည့် မွေးနေ့ကို သူမရဲ့ ပါတီဝင်တွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်က မွေးနေ့ပွဲ ကျင်းပခဲ့ပါတယ်။

XS
SM
MD
LG