သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်ပေးဆွဲခံရသူ ရမ်းဗြဲ NLD အမှုဆောင် ရှာမတွေ့သေး


ရန်ကုန်မြို့ရှိ ပါတီ ဌာနချုပ်။ (မှတ်တမ်းဓါတ်ပုံ - courtesy photo - NLD)
ရန်ကုန်မြို့ရှိ ပါတီ ဌာနချုပ်။ (မှတ်တမ်းဓါတ်ပုံ - courtesy photo - NLD)

(Zawgyi/Unicode)

ရမ်းဗြဲမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ဝင် ဘဏ္ဍာရေးမှူး ကိုဇေယျာမင်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးထားတာ ၁၀ ရက်ကျော်ကြာတဲ့အထိ ဘယ်အဖွဲ့က ဖမ်းဆီးထားတယ်ဆိုတာကို မသိရသေးပါဘူး။ ကိုဇေယျာမင်း ဖမ်းဆီးခံခဲ့ရတဲ့ ရမ်းဗြဲမြို့နယ် ကျောက်ဆောက် ကျေးရွာနားမှာ ဒီနေ့မှာပဲ မိုင်းနှစ်လုံး ပေါက်ကွဲခဲ့သလို ပစ်ခတ်မှုတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် ကိုသက်နိုင်က မေးမြန်းတင်ပြထားပါတယ်။

ရမ်းဗြဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ဝင် ဘဏ္ဍာရေးမှူး ကိုဇေယျာမင်းကို ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေ ၆ နာရီလောက်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးသွားခဲ့ပေမဲ့ ဒီကနေ့ကအထိ ဘယ်အဖွဲ့က ဖမ်းသွားတယ်ဆိုတာကို မသိရသေးဘူးလို့ သူ့ရဲ့ဇနီးက ပြောပါတယ်။

"ကျမယောကျာ်း ဘယ်မှာရှိနေလဲ ဆိုတာကို သိချင်တယ်။ ဖမ်းထားရင်လည်း ကျမကို အဲလိုမျိုး ဘယ်သူတွေ ဘယ်နေရာမှာ ဖမ်းထားလဲဆိုတာ သိချင်တယ်။ အဖမ်းခံရတဲ့နေ့က လူပျောက်တော့ တိုင်ထားတယ်။ အခုဆိုရင် နှစ်ပတ်ပြည့်တော့မှာပေါ့နော်။ လာမယ့် စနေနေ့ဆိုရင် နှစ်ပတ်ပြည့်ပြီ။"

ကိုဇေယျာမင်းဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ရမ်းဗြဲမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာတရားရင် ဆိုင်ဖြေရှင်းမယ့် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူ တယောက်လည်း ဖြစ်ပါတယ်။

အဲဒီ ထောက်ခံပွဲနောက်ပိုင်းမှာ ကိုဇေယျာမင်းကို လူမှုကွန်ယက်ပေါ်ကနေ တစ်ဆင့် ခြိမ်းခြောက် စာတွေရောက်ခဲ့ပြီးတော့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့လည်း သူရဲ့ ဇနီးက ပြောပါတယ်။

ကိုဇေယျာမင်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားတာနဲ့ ပတ်သတ်ပြီး NLD ပါတီအနေနဲ့ အစိုးရ ထုတ်ပြန်မယ့် သတင်းကိုပဲ စောင့်နေရတာကလွဲလို့ လုပ်ပေးနိုင်တာမရှိဘူးလို့ NLD ပါတီပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

"ကျနော်တို့ကတော့ ဘာမှလုပ်ဆောင်နိုင်တာ မရှိပါဘူးခင်ဗျာ။ အစိုးရက လုပ်ရမှာ ဖြစ်တယ် နောက်ပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ AA ကိုယ်စားလှယ်တွေနဲ့ တွေ့တဲ့ အခါမေးကြည့်ရမှာ ကျနော်တို့ ဒါပဲရှိတယ်။ အစိုးရအနေနဲ့ပဲ ဒါကို သတင်းစုံစမ်းထောက်လှမ်းတာ လုပ်လို့ရမယ်။ ကျနော်တို့ကတော့ ရောက်လာမယ့် သတင်းကိုပဲ စောင့်ပြီးတော့ မိသားစုတွေကို အားပေးနှစ်သိမ့်ပေးရုံလောက်ပဲ လုပ်နိုင်တယ်။"

ကိုဇေယျာမင်း ဖမ်းဆီးခံထားရတာနဲ့ ပတ်သတ်ပြီး တပ်နဲ့ အေအေနှစ်ဘက်စလုံးက သူတို့ဖမ်းတာ မဟုတ်ကြောင်း ငြင်းဆိုထားကြပြီး AA အဖွဲ့ဘက်ကတော့ ကိုဇေယျာမင်း ဖမ်းဆီးခံထားရတာနဲ့ ပတ်သတ်ပြီး ဆက်လက်စုံစမ်းနေတယ်လို့ ပြောပါတယ်။

"အဲဒီကိစ္စကတော့ ကျနော်တို့လည်း ဆက်ပြီးတော့ စုံစမ်းနေတုန်းပဲ ရှိသေးတယ်ဗျာ။ ဘယ်သူ ဖမ်းလဲဆိုတာကတော့ ကျနော်တို့လည်း သေချာမသိရသေးဘူး။ ကျနော်တို့နဲ့တော့ ဘာမှပတ်သတ်မှုမရှိဘူး။"

ဒီကနေ့မှာလည်း ကိုဇေယျာမင်း ဖမ်းဆီးခံခဲ့ရတဲ့ ရမ်းဗြဲမြို့နယ် ကျောက်ဆောက် ကျေးရွာအနီး ကျောက်ဖြူ-ရန်ကုန် ကားလမ်းမမှာ မိုင်းနှစ်လုံးပေါက်ကွဲခဲ့သလို ပစ်ခတ်မှုတွေလည်း ရှိခဲ့တယ်လို့ ကျောက်ဆောက် ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

"ကျနော်တို့ ရွာနဲ့ တမိုင်တောင် မဝေးဘူး ရွာနဲ့ နီးနီးလေးမှာပဲ။ အဲဒီမှာ ပထမ ၈ နာရီ ၁၀ မိနစ်လောက်က တချက် ကိုးနာရီ ခွဲလောက်ကို တချက်ပေါက်တယ်။ တပ်က ကားလာတဲ့အချိန်မှာ ပေါက်တာ။ ကျောက်ဖြူ-ရန်ကုန် လမ်းမမှာ ဖြစ်တာ ကားကိုတော့ မထိဘူး။ ထိခိုက်ဒဏ်ရာရတာလည်း မရှိဘူး။ ပြီးတော့ ၁၀ နာရီလောက်မှာ သေနတ် ၈ချက်လောက်ပစ်သွားတယ်။ ရွာကလူတွေ မြင်လိုက်တာကတော့ ဆိုင်ကယ်နဲ့ ၃ ယောက်လို့ ပြောတယ်။ တပ်မတော်သားလို့လည်း ပြောလို့ မရဘူး ဘာဖြစ်လို့လည်းဆိုတော့ သူတို့က ယူနီဖောင်း မပါဘူးလေ။

မိုင်းပေါက်ကွဲခဲ့တာနဲ့ ပတ်သတ်ပြီး တပ်မတော်ဘက်က ပြောခွင့်ရသူတွေကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့လည်း အကြောင်းတစုံတရာ မရရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ တုန်းကလည်း ICJ မှာ တရားရင်ဆိုဖို့ သွားတဲ့ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲ ကျင်းပဖို့ စီစဉ်တဲ့ ဘူးသီးတောင်မြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးရဲသိန်းကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးထားစဉ် တိုက်ပွဲ ဖြစ်ပွားတာကြောင့် လက်နက်ကြီးကျည် ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့တာပါ။

ရခိုင်ပြည်နယ်အတွင်းမှာ အစိုးရတပ်နဲ့ AA အဖွဲ့တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်းမှာ အရပ်သားတွေ ပါတီဝင်တွေ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေဟာလည်း မကြာခဏဆိုလို နှစ်ဘက်လုံးရဲ့ ဖမ်းဆီးစစ်တွေတာတွေကို ခံနေကြရတာလည်း ဖြစ်ပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

[Unicode Version]
















XS
SM
MD
LG