သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အမတ်တို့စည်းကမ်း ကြမ်းသော်လည်း အကျိုးရှိ


ရွေးကောက်ပွဲအနိုင်ရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေအပေါ် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းကမ်း သတ်မှတ်ချက်တွေ၊ သတိပေးချက်တွေဟာ တချို့အမတ်တွေအတွက် လိုက်နာနိုင်ဖို့ အခက်အခဲရှိနိုင်ပေမဲ့ - တိုင်းပြည်အတွက် အကျိုးရှိတဲ့ လုပ်ရပ်လို့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD ကိုယ်စားလှယ်တဦးဖြစ်ခဲ့တဲ့ ဒေါက်တာတင့်ဆွေက ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ လည်း ထင်ရှားတဲ့တချို့ပါတီတွေထဲမှာ ပါတီတွင်း အလားတူ စည်းကမ်းသတ်မှတ်ကိုင်တွယ်ပုံတွေ ရှိခဲ့တာနဲ့ တချို့ အိန္ဒိယလွှတ်တော်ရဲ့ ဆောင်ရွက်ချက်တွေနဲ့လည်း နှိုင်းယှဉ်ပြခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က ပြောပြပါမယ်ရှင်။

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲအနိုင်ရ NLD ကိုယ်စားလှယ်တွေနဲ့ စနေနေ့က တွေ့ဆုံချိန်မှာ - အဂတိလိုက်စားမှု ကင်းရှင်းစေဖို့ အတွက် - ပါတီဝင်တွေအနေနဲ့ ပါတီကိုတင်ပြထားတဲ့ ပိုင်ဆိုင်မှုတွေထက် ကျော်ပြီး ပိုင်ဆိုင်မှု ရှိ - မရှိ ဆိုတာကို သက်တမ်း ၅ နှစ်အတွင်း ကိုယ်စားလှယ် စိစစ်ရေး ကော်မတီအဖွဲ့ကနေ စောင့်ကြည့်စစ်ဆေးသွားမှာဖြစ်ပြီး၊ တိုးလာတာကိုတွေ့ရင် ပါတီစည်းကမ်းအတိုင်း အရေးယူမယ့်အပြင် တည်ဆဲ အဂတိလိုက်စားမှုဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။ ဒါ့အပြင် အစိုးရသစ်ကို ဦးဆောင်ဖို့ ရှိနေတဲ့ ပါတီကိုယ် စားလှယ်တွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့လည်း စာမေးပွဲစစ်ဆေးသွားမှာဖြစ်သလို၊ ပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်း ကိုလည်း သိရှိထားရမယ်လို့ ပြောဆိုခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုလို ပြောဆိုချက်တွေဟာ အများအမြင်မှာ ဆန်းနိုင်ပေမဲ့ - မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်မှုမှာ တကယ့်ကို လိုအပ်ချက်တရပ်ဖြစ်တယ်လို့ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD ကိုယ်စားလှယ်တဦးဖြစ်ခဲ့တဲ့ ဒေါက်တာတင့်ဆွေက ပြောဆိုခဲ့ပါတယ်။
“ကျနော်မြင်တာကတော့ လိုအပ်တယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ အခုလိုမျိုး စံပြဖြစ်လောက်တဲ့ မိန့်မှာကြားမှုမျိုးက ပတ်ကြမ်းတိုက် သလိုတောင် ထင်ရလိမ့်မယ်။ သို့သော် ဒါဟာ ပတ်ကြမ်းတိုက်တာမဟုတ်ဘဲနဲ့ တကယ့်ကို ဗမာနိုင်ငံရဲ့ လိုအပ်ချက်ကို ဖော်ပြပြီးတော့ ပထမဦးဆုံး လွှတ်တော်မှာ တက်ကြရမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကနေ စံပြလုပ်ကြရမယ့် သတင်းစကားကောင်းတရပ်၊ ဒီဟာမျိုးမလုပ်ရင်လည်း ဗမာပြည်က အီရောအီရောပေါ့နော်။ လှည်းကြမ်းကြီးကနေပြီးတော့ ကားအိုကြီး ပြောင်းမောင်းသလို အဆင့်ပဲ ဖြစ်မှာကိုး။ အဲတော့ တနည်းအားဖြင့် အစအဆုံးနီးနီး ပြောင်းရမယ့် အနေအထားတရပ်ကို ဗမာပြည်က ဖြစ်နေတော့ကာ ဒီဟာ လိုအပ်ချက်လို့ ကျနော် သဘောတူပါတယ်ခင်ဗျ။”

ဒါပေမဲ့လို့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို ပါတီတွင်း ကိုယ်စားလှယ်တွေအားလုံးက လိုက်နိုင်မယ်ဆိုတဲ့အပေါ်မှာ တော့ သူက သံသယရှိပါတယ်။

“ရာခိုင်နှုန်းပြည့် လိုက်နိုင်မယ်လို့တော့ ကျနော် အာမမခံရဲဘူးပေါ့နော် အဲ့လို ယူဆပါတယ်။ သို့သော် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ရာခိုင်နှုန်းအထိ ကျနော်တို့ အမတ်တွေကလည်း ကြိုးစားနိုင်ကြလိမ့်မယ်လို့ ယူဆတယ်။ နောက်တခါလည်းပဲ နောင် လာမယ့် လာမယ့်ပေါ့နော် ၅ နှစ်တခါဖြစ်ဖြစ်၊ ကြားဖြတ်ဖြစ်ဖြစ်၊ အရွေးခံမယ့် ပုဂ္ဂိုလ်တွေအတွက်လည်းပဲ အခုကတည်းကတောင်မှ အိမ်စာလုပ်ထားရမယ့် အနေအထားတရပ် ဖြစ်တဲ့အတွက် အခု ရာခိုင်နှုန်း တော်တော်များများ ရဦးတော့ နောင်ဆိုရင် ဒီထက်ကောင်းတဲ့ ရာခိုင်နှုန်းကြီး ဖြစ်လာနိုင်မယ်လို့ NLD ကိုယ်စားလှယ်တွေကို ကျနော် ယုံကြည်မှုရှိပါတယ်။”

၁၉၉၀ ရွေးကောက်ပွဲအပြီး အနိုင်ရ NLD ပါတီကို အာဏာလွှဲမပေးဘဲ - စစ်တပ်က အာဏာသိမ်းခဲ့တာကြောင့် အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ဆယ်စုနှစ်တွေနဲ့ချီ အချိန်အတော်ကြာ နေထိုင်ခဲ့ရတဲ့ ဒေါက်တာတင့်ဆွေက - လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီကိုယ်စားလှယ်တွေအပေါ် ကိုင်တွယ်ပုံနဲ့ အိန္ဒိယနိုင်ငံက ထင်ရှားတဲ့ နိုင်ငံရေးပါတီတချို့ကြား သူ့ပါတီကိုယ်စားလှယ်တွေအပေါ် ကိုင်တွယ်ပုံတွေကိုလည်း အခုလို နှိုင်းယှဉ်ပြခဲ့ ပါတယ်။

“အိန္ဒိယမှာက ပြောရရင် မနှစ်က လုပ်တဲ့ ရွေးကောက်ပွဲကိုကြည့်လိုက်ရင် လူထုကပဲ ရွေးတယ်လို့ ခံယူတဲ့ အမတ်တွေကြားထဲမှာလည်း အင်မတန်မှ ဆိုးတယ်လို့ ပြောရမှာပေါ့နော်။ အမတ် ၃ ယောက်မှာ ၁ ယောက်က ရာဇဝတ်မှုနောက်ကြောင်းတွေနဲ့ ရှိခဲ့တဲ့ အနေအထားလို့ သုတေသနတခုမှာ တွေ့ရတယ်။ အဲတော့ အဲဒါတွေကို သူတို့ ဘယ်လိုပြုပြင်သလဲဆိုတော့ ပြစ်ဒဏ်ပေးမှု ခေါ်တာပေါ့နော်။ အဲဒါကို ရာဂျစ်ဂန္ဒီ လက်ထက်တုန်းကလည်း လုပ်ခဲ့တယ်။ အမတ်တွေကို ဘယ်နှစ်ရက် တာဝန်က ရပ်ဆိုင်းတယ်ဆိုတဲ့ဟာမျိုးတွေ ရှိတယ်။ နောက်တခုကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နာယကကြီး ဦးတင်ဦးရဲ့ မိန့်မှာချက်အပြင်ပေါ့လေ အိန္ဒိယရဲ့ နမူနာကိုယူရင် အိန္ဒိယမှာ သင်တန်းဆိုတာမျိုး ရှိတယ်ခင်ဗျ။ အောက်လွှတ်တော် လေ့လာရေးသင်တန်းဆိုတဲ့ ဗျူရိုကနေပြီးတော့ သင်တန်းတွေပေးတယ်ခင်ဗျ။ အဲဒီမှာ ဒီမိုကရေစီနိုင်ငံရေးမှာ လွှတ်တော်ရဲ့ အဓိကကျမှု၊ လွှတ်တော်ထဲမှာ တင်ပြ ဆွေးနွေး မေးမြန်းနည်း စသဖြင့်ပေါ့နော်။ နောက်တခါ ပါလီမန်ရေးရာကော်မတီမှာ လုပ်ထုံးလုပ်နည်း စသဖြင့် အများကြီးပေါ့နော်။ ဒါတွေကို လွှတ်တော်အမတ်တွေကို ပေးတယ်။ နောက်တခု ဒီထက် ပိုကျယ်ပြန့်တာ ပြောရလို့ရှိရင် လွှတ်တော်အမတ်တွေတင် မကဘူးပေါ့။ သူတို့နဲ့တွဲပြီးတော့ လုပ်ရမယ့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လူတွေရော၊ နောက်တဆင့်ကပေါ့ မီဒီယာပိုင်း၊ ကျောင်းသား လူငယ်ပိုင်းတွေ အထိပါ ဘာကြောင့်ဆိုတော့ အမတ်တွေချည်းပဲ အလုပ်လုပ်လို့မရဘူး။ တွဲလုပ်ကြရမှာကိုး။ တွဲလုပ်ရမယ့် အဖွဲ့အစည်းကဏ္ဍ အသီးသီးကလည်း စွမ်းဆောင်ရည် မြှင့်တင်မှု သင်တန်းတွေအထိ သူက ထည့်ထားတော့ကာ ဒါ တပြည်လုံး ဒီမိုကရေစီ တည်ဆောက်မှုမှာ အဲဒီလိုမျိုးအထိ ခြေလှမ်းလှမ်းဖို့ လိုအပ်တယ်လို့ ကျနော် ယူဆတာပါ။”

၉၀ ရွေးကောက်ပွဲမှာတုန်းက NLD ကိုယ်စားလှယ်တဦးဖြစ်ခဲ့တဲ့ ဒေါက်တာ တင့်ဆွေပါ။ မနေ့ စနေနေ့က ရန်ကုန် တော်ဝင်နှင်းဆီခန်းမမှာ ဒေါ်အောင်ဆန်းစုကြည်က - ၂၀၁၅ ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ် တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်တွေက ပါတီတွင်း အနိုင်ရကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ လာမယ့် ဒီဇင်ဘာလ ၅ ရက်နေ့ ကျရင်တော့ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ချင်း၊ နာဂ၊ ရှမ်း၊ ဓနု၊ အင်းသား၊ ပလောင် စတဲ့ နေရာတွေက ပါတီကိုယ်စားလှယ်တွေနဲ့ ပျဉ်းမနားမှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်ရှင်။

XS
SM
MD
LG