သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာရေးဆွေးနွေးပွဲ ဖိတ်ကြားမှု အချိန်ကပ်ပြီး အစိုးရရုပ်သိမ်း


နေပြည်တော်တွင် ကျင်းပမည့် အမျိုးသားအဆင့် ပညာရေးဆွေးနွေးပွဲ တက်ရောက်ရန် NNER အား ဖိတ်ကြားထားပြီးမှ ပညာရေးဝန်ကြီးဌာနက ပြန်လည် ဖျက်သိမ်းခြင်းအပေါ် NNER ၏ သတင်းစာရှင်းလင်းပွဲ (ဓာတ်ပုံ-NNER)
နေပြည်တော်တွင် ကျင်းပမည့် အမျိုးသားအဆင့် ပညာရေးဆွေးနွေးပွဲ တက်ရောက်ရန် NNER အား ဖိတ်ကြားထားပြီးမှ ပညာရေးဝန်ကြီးဌာနက ပြန်လည် ဖျက်သိမ်းခြင်းအပေါ် NNER ၏ သတင်းစာရှင်းလင်းပွဲ (ဓာတ်ပုံ-NNER)
နေပြည်တော်မှာ ပညာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပပြုလုပ်မယ့် ပညာရေးဆွေးနွေးပွဲကို တက်ရောက်ဖို့ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER )အဖွဲ့ကို ဖိတ်ကြားပြီးကာမှ ဖိတ်ကြားမှုကို ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။

အရင်က အစိုးရနဲ့ NNER အကြား မြန်မာနိုင်ငံတွင်း ပညာရေး ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆွေးနွေးမှုတွေ ရှိခဲ့ပေမဲ့ ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ ဒီမိုကရေစီနည်းလမ်းကျ ပြုပြင်ပြောင်းလဲမှုတွေမှာ သဘောထား ကွဲလွဲမှုတွေ ရှိခဲ့တဲ့အတွက် အခုလို ရုပ်သိမ်းတာဖြစ်နိုင်တယ်လို့ NNER က ပြောဆိုခဲ့ပြီး အခုဖြစ်စဉ်ဟာ ရှေ့ဆက်သွားမယ့် ပညာရေးလုပ်ငန်းတွေကို ထိခိုက်မှု ရှိနိုင်မယ်လို့လည်း သုံးသပ်ပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးပါမယ်။

ပညာရေးဝန်ကြီးဌာန၊ ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီက ကြီးမှူးပြီး နေပြည်တော်မှာ လာမယ့် မတ်လ ၅ ရက်ကနေ ၆ ရက်နေ့အထိ ကျင်းပမယ့် “အမျိုးသားအဆင့် လက်တွေ့ကျသော ပညာရေးပြုပြင်ပြောင်းလဲမှု ဆွေးနွေးပွဲ” ကို တက်ရောက်ပေးဖို့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ NNER အဖွဲ့ကို ဖိတ်ကြားခဲ့တဲ့အတွက် တိုင်းနဲ့ပြည်နယ်အသီးသီးက NNER ကိုယ်စားလှယ်အဖွဲ့ဝင် ၁၅၀ တက်ရောက်နိုင်ဖို့ နှစ်ဘက် ညှိနှိုင်းခဲ့ကြတယ်လို့ NNER ရဲ့ မူဝါဒရေးရာအဖွဲ့ဝင် ဒေါက်တာသိန်းလွင်က ပြောပါတယ်။

“ကျနော်တို့နဲ့ နှစ်ဘက် ညှိနှိုင်းပြီးတော့ ကိုယ်စားလှယ် ၁၅၀ တည်းဖို့၊ ခိုဖို့လည်း ပညာရေးဌာနက စီစဉ်ပေးမယ်လို့ပြောတယ်။ အဲ့ဒီကိုယ်စားလှယ်တွေက ခရီးထွက်လာကြပြီ။ မနေ့ညက ည ၉ နာရီခွဲကျမှ ပညာရေးဌာနက ဖုန်းဆက်ပြီးတော့ သူတို့ဖိတ်ကြားတာကို ဖျက်သိမ်းပါတယ်လို့ ပြောတယ်။ ဖျက်သိမ်းတဲ့အရာရှိက သူ့မှာ ဖိတ်ကြားခွင့်မရှိတဲ့အတွက် သူ့ရဲ့ပြောကြားမှုကို ရုပ်သိမ်းပါတယ်လို့ ပြောတယ်ခင်ဗျ။ အဲ့ဒါနဲ့ပဲ ပျက်သွားခဲ့တာပါ။ စိတ်ရှုတ်ထွေးမှုတွေရော၊ တယောက်နဲ့တယောက် နားမလည်မှုတွေရော၊ အဲ့ဒါတွေဖြစ်ကုန်တယ်ဗျ။ အဲ့ဒါတွေက တော်တော်လေး ဆိုးကျိုးဖြစ်တယ်။ ဒီထက်ဆိုးတာက အစိုးရဘက်က တာဝန်ရှိတဲ့လူကြီးတွေက ဒီလိုမျိုး သေသေချာချာ စီစဉ်ပြီးတော့မှ အနီးကပ်မှ ဖျက်သိမ်းတဲ့အတွက် ဒီအစိုးရအပေါ်မှာ ယုံကြည်မှုက လျော့ပါးသွားပြီခင်ဗျ။”

အခုလို ဖိတ်ခေါ်မှုကို ပြန်ရုပ်သိမ်းတာနဲ့ပတ်သက်ပြီး NNER က မတ်လ ၄ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ခဲ့သလို ရန်ကုန် သမိုင်းမြို့မ အာသောကကျောင်းတိုက်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီးလည်း အခြေအနေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံတွင်း ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ပညာရေးမူဝါဒ (National Education Policy) တရပ် ချမှတ်နိုင်ဖို့အတွက် အစိုးရတာဝန်ရှိသူတွေ၊ ပညာရေးဝန်ကြီးဌာန အပါအဝင် ပညာရေးကော်မတီနဲ့ NNER ကွန်ရက်အဖွဲ့ တွေ့ဆုံပြီး ဆွေးနွေးမှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ဖူးပေမဲ့ အစိုးရဘက်က ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ သွားလိုပြီး NNER ဘက်က လွတ်လပ်ပြီး ဒီမိုကရေစီနည်းကျတဲ့ ပညာရေးကို ပြုပြင်ပြောင်းလဲ လုပ်ဆောင်လိုတဲ့အတွက် သဘောထားအမြင် ကွဲလွဲမှုတွေ ရှိခဲ့တယ်လို့လည်း ဒေါက်တာသိန်းလွင်က ပြောပါတယ်။
“အရင်တုန်းက ကျနော်တို့နဲ့ ဆွေးနွေးပွဲတွေ သုံး၊ လေး ကြိမ် လုပ်ခဲ့ဖူးတယ်။ အဲ့ဒီလို တွေ့ဆုံဆွေးနွေးတဲ့အချိန်တွေမှာ ကျနော်တို့နဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အယူအဆတွေက တော်တော်လေး ကွာခြားချက်ရှိခဲ့တယ်။ NNER ဘက်က ဒီမိုကရေစီ နည်းလမ်းကျတဲ့ ပြုပြင်ပြောင်းလဲမှုကို သွားစေချင်တယ်။ ပညာရေးလွတ်လပ်ခွင့် ရှိစေချင်တယ်။ ဆရာ၊ ဆရာမတွေ လွတ်လပ်စေချင်တယ်၊ သုတေသနတွေ လွတ်လပ်စေချင်တယ်။ ကျောင်းသားတွေ လွတ်လပ်စေချင်တယ်။ အထူးသဖြင့် တိုင်းရင်းသားဒေသ ယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးစံတွေ၊ ဘာသာစကားတွေ လွတ်လပ်စေချင်တယ်။ ဒါ ကျနော်တို့ NNER ဘက်က တင်ပြတာ။ အစိုးရဘက်က ဆွေးနွေးတာကကျတော့ သူတို့က ဗဟိုချုပ်ကိုင်မှုအတိုင်းပဲ သွားချင်တယ်။ အဲ့ဒီမှာ သူတို့နဲ့ ဆွေးနွေးမှုအခြေအနေမှာ အဆင်မပြေတာတွေ ရှိခဲ့ပါတယ်။ အဲ့ဒါကြောင့် ကျနော်တို့ကို ဖိတ်တဲ့ဟာ သူတို့ ဖျက်သိမ်းတယ်လို့ ထင်တယ်။ သူတို့နေပြည်တော်မှာ လုပ်မယ့် အစည်းအဝေးက ကျနော်တို့ကလည်း ကျနော်တို့ရဲ့ မူဝါဒအတိုင်း ဆက်လက် ကိုင်စွဲမယ်။ အစိုးရဘက်က ဗဟို ချုပ်ကိုင်မှုကိုလည်း ကျနော်တို့က ကန့်ကွက်မယ်။ ဆိုတော့ အဲ့ဒီဟာကို သူတို့ မြင်တဲ့အတွက် ဖိတ်ကြားထားမှုကို ဖျက်သိမ်းလိုက်တယ်လို့ အဲ့ဒီလို ကျနော် ယူဆပါတယ်။”

နိုင်ငံလုံးဆိုင်ရာ ပညာရေးနဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရေး အရှိန်မြှင့်လုပ်ဆောင်နေကြချိန် ရှေ့ဆက်လုပ်ဆောင်ကြမယ့် အစီအစဉ်တွေ လုပ်ငန်းတွေ ထိခိုက်အောင် တာဝန်ရှိသူတွေဘက်က မလုပ်ဆောင်သင့်ဘူးလို့ ဒေါက်တာသိန်းလွင် က ဝေဖန်ပြောဆိုလိုက်ပါတယ်။

“ကိုယ်က အစိုးရအဖွဲ့ လူကြီးလုပ်ပြီးတော့ ကြိုတင် ညှိနှိုင်းထားပြီး သဘောတူထားပြီးမှ ဖျက်သိမ်းတဲ့အတွက် သူတို့အပေါ်မှာ ယုံကြည်မှုက ကင်းမဲ့သွားတယ်။ NNER က တတိုင်းပြည်လုံးပါတယ်။ ပြည်နယ်အနှံ့မှာရှိတယ်။ ပညာရေးအဖွဲ့အစည်းတွေ အများကြီးပါတယ်။ တိုင်းရင်းသားတွေရော၊ ဘာသာရေးအဖွဲ့အစည်းတွေရော၊ စာပေယဉ်ကျေးမှုအဖွဲ့တွေရော၊ ကျောင်းသားသမဂ္ဂတွေ၊ ဆရာသမဂ္ဂတွေ၊ ပညာရေးအဖွဲ့တွေ အများကြီး ပါပါတယ်။ အဲ့ဒီယုံကြည်မှု ပျက်ပြားမှုက အများကြီး ထိခိုက်တယ်ခင်ဗျ။ နောင်အနေနဲ့ အစိုးရအနေနဲ့ ကတိတည်သင့်တယ်။ တခုခုကို စနစ်တကျ လုပ်သင့်တယ်။ ပြည်သူလူထုရဲ့အသံကို နားထောင်သင့်တယ်။ ပြည်သူလူထုရဲ့ လိုလားချက်တွေကို တလေးတစား ရှိသင့်တယ်လို့ ကျနော် မြင်ပါတယ်။”

NNER က ဦးစီးပြီးတော့ ၂၀၁၃ ခုနှစ်တုန်းက တိုင်းနဲ့ပြည်နယ်အသီးသီးက ပညာရှင်တွေ၊ ပညာရေးဆိုင်ရာပါမောက္ခ၊ ကျောင်းဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေနဲ့ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီ အပါအဝင် နိုင်ငံရေးပါတီ အသီးသီးက ပုဂ္ဂိုလ်တွေပါ ပါဝင်တက်ရောက်ပြီးတော့ ဆွေးနွေးကြတဲ့ ပညာရေးဆိုင်ရာညီလာခံကို ကျင်းပပြီးတော့ အဲ့ဒီညီလာခံက ထွက်ပေါ်လာတဲ့ အမျိုးသားပညာရေးမူဝါဒ (မူကြမ်း) ကိုလည်း ပြည်သူ့လွှတ်တော်သို့ တင်သွင်းထားပြီးလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (National Network for Education Reform – NNER) ကို ၂၀၁၂ အောက်တိုဘာလက ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံ ဒေသအသီးသီးမှာရှိတဲ့ ပညာရေးနှင့် သက်ဆိုင်သူအားလုံးနှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာစေရန် ရည်ရွယ်ပြီးတော့ ပညာရေးကွန်ရက်အနေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
XS
SM
MD
LG