သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NRPC အပေါ် တိုင်းရင်းသားတွေအမြင်


NRPC ဖွဲ့စည်းရေးအတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ဆွေးနွေးစဉ်
NRPC ဖွဲ့စည်းရေးအတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ဆွေးနွေးစဉ်

အစိုးရသစ်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆက်လက် အကောင်အထည်ဖော်မယ် ဆိုရင် တပ်မတော်နဲ့ အရင်ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်မယ်လို့ လေ့လာသုံးသပ်သူတွေက ပြောဆို ကြပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အသုံးပြုမယ့် ဘဏ္ဍာငွေကြေးကိုလည်း အစိုးရဆီသာမက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအတွက် သီးသန့်ပေးအပ်ဖို့ လိုအပ်မယ်လို့ ထောက်ပြတာတွေ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ကို နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနအောက်မှာ အစိုးရအဖွဲ့အစည်း တစ်ရပ်အဖြစ်ဖွဲ့စည်းဆောင်ရွက်ဖို့ နဲ့ နှစ်ဆယ့်တစ်ရာစုပင်လုံ ညီလာခံကျင်းပနိုင်ရေး အကြိုပြင်ဆင်ရေးကော်မတီ တစ်ရပ် ဖွဲ့စည်းရေးအတွက် ပြောဆို အပြီးမှာ လေ့လာသုံးသပ်သူတွေ က ပြောဆိုလိုက်တာဖြစ်ပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အထွေထွေအတွင်းရေးမှုး ဦးစိုင်းညွှန့်လွင် အမျိုးသား ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ဆက်လက်အကောင်အထည်ဖော်ရေးနဲ့ပတ်သက်ပြီး အခုလို ပြောဆိုပါတယ်။

“ကျနော်တို့သဘောထားကတော့ တပ်မတော်နဲ့ အစိုးရနဲ့အရင်ဆုံး စပြီးတော့ ညှိနှိုင်းတာ ဒါ ပိုမှန်မယ်လို့ထင်တယ်။ ဒါမှမဟုတ်ရင်လည်း အရင်ပုံစံဆိုရင်တော့ တပ်မတော်၊ အစိုးရရော၊ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေရော သုံးပွင့်ဆိုင်ဆွေးနွေးတာရှိပါတယ်။ ဘယ်လိုပုံစံလုပ်မလဲဆိုတာတော့မသိပါဘူး။ အမှန်ကတော့ တပ်မတော်ကလည်း အစိုးရရဲ့အစိတ်ပိုင်းတခုဖြစ်တဲ့အခါကျတော့ တပ်မတော်နဲ့ အစိုးရနဲ့ အများကြီးမဟုတ်ရင်တောင် နည်းနည်းပါးပါးတော့ ညှိသင့်တယ်လို့ထင်တယ်။”

နိုင်ငံရေးဆောင်းပါရှင် ဦးစည်သူအောင်မြင့်ကတော့ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေး အတွက် ညှိနှိုင်းရာမှာ တပ်မတော်နဲ့ တောတွင်းလက်နက်ကိုင်အဖွဲ့တွေရဲ့ ယုံကြည်မှုရရှိဖို့ လိုအပ်ကြောင်းနဲ့ တပ်မတော်က ချမှတ်ထားတဲ့မူတွေနဲ့ ကွဲလွဲလုပ်ကိုင်ဖို့လိုအပ်ရင် ညှိနှိုင်းဖို့ လိုအပ်မယ်လို့ ပြောပါတယ်။

“အခုလောလောဆယ်ဆိုရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သူ့ဘာသာသူပြောထားတာတွေ ရှိနေတယ်။ မူတွေကို သူ့ဘာသာသူ ဆုတ်ကိုင်ထားတာတွေရှိနေတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေကို အသိအမှတ်မပြုဘူး ၊ဒါ လက်နက်ချရမယ်ဆိုတာမျိုး ပြီးတော့မှနောက် NCA လက်မှတ်ထိုးတဲ့အတိုင်းကို ဆက်ပြီးတော့သွားမယ်ဆိုတာမျိုး ဒါသူ့ဘက်ကပြောနေပြီဆိုတော့ NLD ဟာ အဲဒါနဲ့ မတူတဲ့ဟာတွေလုပ်မယ်ဆိုရင်တော့ တပ်မတော်နဲ့က သူညှိရတော့မှာပေါ့။ အဲဒီသဘောတော့ ရှိပါလိမ့်မယ်။”

ငြိမ်းချမ်းရေးဆွေးနွေးရေးအတွက် ကြားဝင်ဆောင်ရွက်ပေးနေတဲ့ Centre for Humanitarian Dialogue အဖွဲ့က Senior Project Officer ဆကျဲလျံကကလည်း လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တပ်မတော်ရဲ့ အခန်းကဏ္ဍက အရေးပါကြောင်း ပြောပါတယ်။

“အခုလက်ရှိဦးဆောင်နေတဲ့ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် နဲ့ တခုခု ပေါ်လစီချမယ်။ လုပ်ငန်းတွေဆောင်ရွက်မယ်ဆိုရင်လည်း သူတို့အတွင်းထဲမှာပေ့ါနော် ၊ ကျနော်တို့အစိုးရနဲ့ တပ်တွေအရင်ညှိပြီးတော့ ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာတွေ ဖြစ်လာလိမ့်မယ်လို့ ကျနော်ထင်တယ်။ အဲဒီတော့တပ်မတော်အခန်းကဏ္ဍကတော့ ကျနော့်အနေနဲ့တော့ မပါလို့မဖြစ်တဲ့အခြေအနေဖြစ်တယ်။ လွန်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်လက်ထက်တုန်းကလည်း အမှန်ဆိုရင် NCA လက်မှတ်တွေ ရနိုင်တဲ့အချက်ကလည်း ပြောမယ်ဆိုရင် တပ်မတော်က ဦးဆောင်ခဲ့လို့သာဖြစ်ပါတယ်။ အဲဒီတော့ လာမယ့်အပိုင်းမှာလည်း တပ်မတော်က သူမပါလို့မရဘူးလို့ ကျနော်ထင်တယ်။”

သူကပဲ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးနဲ့ပတ်သက်ပြီး အခုလို ထောက်ပြပါတယ်။

“မြန်မာနိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ပေးထားတဲ့ ဘဏ္ဍာငွေက အကုန်လုံး အစိုးရဆီပဲ သွားမယ်ဆိုတော့ ကျနော့်အနေနဲ့မဖြစ်သင့်ဘူးလို့ ကျနော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဘက်က ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဘဏ္ဍာငွေ အစိုးရဘက်မှာ ရသင့်သလောက် သူတို့ဘက်မှာ မရခဲ့တာတွေရှိခဲ့တယ်။ အဲဒီရှိခဲ့တဲ့ အပေါ်မှာ အစည်းအဝေးတွေကိုလည်း သူတို့ကြိုက်သလို မလုပ်နိုင်ဘူး။ ပြီးမှ ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပြည်သူတွေကို အသိပေးမယ်၊ ချပြမယ် ဆိုတဲ့ လုပ်ငန်းတွေလည်း အစိုးရလုပ်နိုင်သလို သူတို့ မလုပ်နိုင်ခဲ့ဘူးနော်။ အဓိကတော့ ကျနော်ပြောချင်တဲ့ အနှစ်သာရက အစိုးရအတွက် ဘယ်လောက်ကုန်မယ့် ကုန်ကျစရိတ်အပေါ် သီးသန့်ပေးလိုက်၊ ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အတွက်ပါ သူတို့ သီးသန့်ပေးသင့်တယ်လို့ ကျနော်ထင်တယ်။”

လောလောဆည်မှာတော့ မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူတွေအကြားမှာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီးမှာ နိုင်ငံရေးဆွေးနွေးပွဲစတင်မှာလား၊ လက်မှတ်မရေးထိုးပဲ ပါဝင်နိုင်မလားဆိုတာကိုတော့ ကွဲပြားမှုမရှိကြောင်း ပြောဆိုကြပါတယ်။

လောလောဆည်မှာတော့ NRPC ဖွဲ့စည်းဖို့၊ နှစ်ဆယ့်တစ်ရာစုပင်လုံညီလာခံ ကျင်းပနိုင်ဖို့အတွက် အကြိုပြင်ဆင်မှုတွေနဲ့ပတ်သက်ပြီး အရင်အစိုးရလက်ထက်က ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC နဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိသလိုUPDJC ကိုလည်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းဖို့ ရှိနေပါတယ်။

please wait

No media source currently available

0:00 0:04:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG