သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားတွေထိန်းသိမ်းထားတယ် ဆိုတဲ့သတင်း ရှမ်းလက်နက်ကိုင်တွေငြင်း


နမ့်ကိုင်ဖိတ် ရှေ့တန်းစခန်းက SSA တပ်ဖွဲ့ တဖွဲ့။
နမ့်ကိုင်ဖိတ် ရှေ့တန်းစခန်းက SSA တပ်ဖွဲ့ တဖွဲ့။
မြောက်ကိုရီးယားက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို မြန်မာနိုင်ငံအရှေ့ခြမ်း ရှမ်းပြည်နယ်ထဲမှာ မြန်မာသူပုန်တွေက ဖမ်းဆီးထားတယ်လို့ တောင်ကိုရီးယား ဘက်က သတင်းတွေ ထွက်ပေါ်လာတဲ့အပေါ် ရှမ်းလက်နက်ကိုင်အဖွဲ့တွေ က ငြင်းဆိုလိုက်ပါတယ်။ ဒုက္ခသည်တွေဟာ နယ်စပ်တွေကိုဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲကို ဝင်ရောက်လေ့ရှိကြပေမဲ့ ဒီလိုလမ်းခုလတ်က ဖမ်းဆီးပြန်ပေးဆွဲမှုမျိုးကို မကြားသိကြဘူးလို့လည်း ဆိုပါတယ်။ အသေးစိတ်ကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ အနီး သူပုန်တွေထိန်းချုပ်ထားတဲ့ နယ်မြေမှာ မြောက်ကိုးရီးယား ၆၀ ကျော်ကို ဖမ်းဆီး ထိန်းသိမ်းထားပြီးတော့ ဘိန်းစိုက်ခင်းတွေနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ရေးတွေမှာ အဓမ္မခိုင်းစေနေပြီး သူတို့ကိုပြန်ပေးဆွဲတဲ့အနေနဲ့ ငွေတောင်းခံနေတယ်လို့ တောင်ကိုရီးယားနိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူ ကင်မ်ဟီတေး က ပြောဆိုလိုက်ပါ တယ်။ တောင်ကိုးရီးယား အစိုးရဘက်က ကင်မ်ဟီတေးရဲ့ ပြောဆိုချက်ကို အတည်ပြုနိုင်ဖို့ လုပ်ဆောင်နေပါတယ်လို့ တောင်ကိုးရီးယား ပြန်လည်ပေါင်း စည်းရေး ဝန်ကြီးဌာန ပြောခွင့်ရ ကင်ယောင်ဆု ကလည်း သောကြာနေ့ အစောပိုင်းမှာ ပြောဆိုလိုက်ပါတယ်။

ဒီလိုမျိုး ရှမ်းပြည်နယ်ထဲမှာ မြောက်ကိုရီးယားတွေကို ဖမ်းထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အတွက် ရှမ်းပြည်နယ်တွင်းက လက်နက်ကိုင်တပ်ဖွဲ့တွေကို ဗွီအိုအေက စုံစမ်းမေးမြန်းကြည့်တဲ့အခါ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တောင်ပိုင်းတပ်မတော်ပြောခွင့်ရက သူတို့အနေနဲ့ ဒီသတင်းနဲ့ ပတ်သက်လို့ တစုံတရာမကြားမိကြောင်း ပြောဆိုပါတယ်။

“သူတို့ပြောတာ ဘယ်ဘက်လဲတော့ မသိဘူးခင်ဗျ။ ကျနော်တို့ ဒီ ဒေသဘက်မှာတော့ မကြားမိသေးဘူးခင်ဗျ။ ဒီဘက်မှာတော့။”

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA (North) ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ရဲ့ပြောခွင့်ရ ဗိုလ်ကြီး စိုင်းဆေးအွန် ကလည်း အရင်တုန်းက ဒီလိုမျိုး တရုတ်လူမျိုးတွေနဲ့ ကိုရီးယားလူမျိုးအချို့ နယ်စပ်ကိုဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲကို ဝင်လေ့ရှိတဲ့ အဖြစ်မျိုးတွေရှိပေမဲ့၊ ဒီလိုပြန်ပေးဆွဲဖမ်းဆီးထားတဲ့ သတင်းနဲ့ပတ်သက်ပြီး သူတို့အနေနဲ့ မကြားသိမိကြောင်း ပြောဆိုပါတယ်။

“ကျနော်တော့ တွေ့ဖူးတယ်ခင်ဗျ။ ကျနော်က အပေါ်ပိုင်း မြောက်ပိုင်းမှာ။ သူတို့အခုပြောတာက တောင်ပိုင်း တာချီလိတ်ဘက်မှာလေ။ အဲဒီမှာတော့ ရှိတာပေါ့။ အမြဲတမ်းရှိတာပဲ။ ယူနန်ကလည်း ရှိတယ်။ ကွမ်စီ ကလည်း ရှိတယ်။ အများကြီးပဲ။ တရုတ်တွေလည်း လာတယ်လေ။ ကိုရီးယားတွေလည်း လာတယ်။ ဒါပေမဲ့ ပြန်ပေးဆွဲတယ် ဘာတယ်တော့ မရှိဘူး။ အခုမှ ကျနော် ကြားတာပါ။ ဒါက ဟုတ်ချင်လည်း ဟုတ်မယ်။ မဟုတ်ချင်လည်း မဟုတ်ဘူး။ အတည်ပြုလို့တော့ မရသေးဘူး။ သူတို့က နမ့်ခမ်းကိုလာချင်ရင် တစ်သိန်း ကုန်တယ်ဗျ။ နောက်တခါ နယ်စပ်ကနေ တခါ ဘန်ကောက်ကို တစ်သိန်းလောက် ထပ် ကုန်တာပေါ့ဗျာ။ သူတို့ဖြတ်လာတာ တခါတလေကျရင် နမ့်ခမ်းဘက်က ဖြတ်တယ်။ ကျနော်တို့နယ်ပေါ့။ ဒါပေမဲ့ အခုကျတော့ ကျိုင်းတုံဘက်က ထွက်လာတယ်လေ။ အခုလာတဲ့လမ်းက ကျိုင်းတုံလမ်းပဲဗျ။ ဆစ်ဆောင်ပန်းနားလေ။ ကျိုင်းတုံ ကနေ တခါ တာချီလိတ်ဘက် ရောက်လာ တာပေါ့။ တာချီလိတ် ကူးပြီးရင်တော့ ထိုင်းကို ရောက်တယ်လေ။”

ထိုင်းနိုင်ငံတွင်းဝင်ရောက်ဖို့ နယ်စပ်ဖြတ်ကျော်လာတဲ့ တခြားနိုင်ငံသားတွေ မြန်မာနိုင်ငံကို ဖြတ်ကျော်လာတာမျိုးရှိခဲ့ပေမဲ့ ဒီလို ပြန်ပေးဆွဲတဲ့ သတင်းမျိုးတော့ သူတို့ သေချာမသိရသေးဘူးလို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ ထိုင်းအခြေစိုက် ရှမ်းသံတော်ဆင့်အယ်ဒီတာချုပ်လည်း ဖြစ်တဲ့ ဦးခွန်ဆိုင်းကလည်း ပြောပါတယ်။

“MTA ခေတ်တုန်းက တရုတ်တွေက အဲဒီတုန်းက ထိုင်းနိုင်ငံထဲကို မတရားဝင်နေတဲ့အချိန်ပေါ့နော်။ ကျိုင်းတုံ ဘက်ကို ဖြတ်ပြီးတော့မှ လာတဲ့အချိန်ပေါ့။ အဲဒီတုန်းကတော့ မကြာခဏ ကြားရတယ်။ နောက်ပိုင်း မှာတော့ တရုတ်တွေ မရှိတဲ့အချိန်မှာ နောက်ပိုင်း ကိုရီးယားတွေ ထပ်ကြားတယ်။ ဒါပေမဲ့ ကိုရီးယားတွေ မကြားတာလည်း ကြာလှပြီ။ အစိုးရဘက်က ဖမ်းတာတွေ ဒလဆက် ကြားဖူးတာပဲ။”

တောင်ကိုရီးယားနိုင်ငံက လူ့အခွင့်အရေး လှုပ်ရှားသူတွေအနေနဲ့ လွန်ခဲ့တဲ့နှစ်တွေကတည်းက နယ်စပ်မှာ ပျောက်ဆုံးသွား တဲ့ မြောက်ကိုရီးယားတွေရဲ့ အရေးနဲ့ပတ်သက်ပြီး စုံစမ်းသိနိုင်ဖို့ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာ့အရေးလှုပ်ရှားသူတွေကို အကူအညီတောင်းခံတာမျိုး ရှိခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံက ကိုရန်နိုင်ထွန်းကလည်း ပြောပါတယ်။

“မြောက်ကိုရီးယား ဒုက္ခသည်အရေးကို ကိုင်တွယ်နေတဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တွေ တောင်ကိုရီးယားမှာ ရှိတာကိုး။ ဒီလိုပဲ တချို့ မြောက်ကိုရီးယားလူမျိုးတွေဟာ ထိုင်းနိုင်ငံဘက် ကနေ ဖြတ်ပြီးတော့ မြန်မာနိုင်ငံထဲကို ဝင်ပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ ကိုရီးယားသံရုံးမှာ ဒုက္ခသည်ခိုလုံခွင့်လုပ်ဖို့အတွက်ကို ကြိုးစားပေမဲ့၊ မြန်မာနိုင်ငံမှာရှိတဲ့ သူပုန်တွေကနေ ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းကို သူတို့ရရှိပါတယ် ဆိုပြီးတော့ ပြောကောင်း ပြောလိမ့်မယ်။ သတင်းသမားတွေကလည်း အဲဒါကို ပြန်ပြီးတော့ အင်တာဗျူးတွေ ဘာတွေလုပ်ပြီးတော့ ဒါကို ပြန်ကားတာ ဖြစ်လိမ့်မယ်။ ကျနော်ကတော့ အဲဒီလိုပဲမြင်တယ်။”

မြောက်ကိုးရီးယား အမျိုးသားတွေကို ဘိန်းစိုက်ခင်းတွေမှာ ခိုင်းစေပြီး အမျိုးသမီးတွေကိုတော့ မူးယစ်ဆေးဝါးချက်တဲ့နေရာတွေမှာ အဓမ္မ ခိုင်းစေနေပြီး လူတဦးကို အမေရိကန် ဒေါ်လာ ၅ ထောင်နဲ့ ရွေးယူရမယ်လို့လည်း အဲ့ဒီဒေသက တောင်ကိုးရီးယား သာသနာပြု အဖွဲ့တခုဆီကနေ သိရှိခဲ့ရတာလို့ တောင်ကိုရီးယားနိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူက သာသနာပြု အဖွဲ့အဆိုကို ကိုးကားပြီး ပြီးခဲ့တဲ့သောကြာနေ့က တောင်ကိုးရီးယား သတင်းဌာန Yonhap မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG