မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းတပ် ဒုံးကျည် အစီအစဉ်တွေနဲ့ ပတ်သက်တဲ့ တင်းမာမှုတွေကို ငြိမ်းချမ်စွာ ဖြေရှင်းလိုတဲ့ ဆန္ဒရှိကြောင်း ရုရှားနဲ့ တရုတ်နိုင်ငံတို့က အရိပ်အမြွက်ပြ ပြောဆိုလိုက်ပါတယ်။
ကိုရီးယားကျွန်းဆွယ်မှာ စစ်ပွဲတွေကို ဘယ်သူမှ တွေ့မြင်လိုကြမှာ မဟုတ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးSergei Lavrov က နိုင်ငံပိုင် မီဒီယာမှာ ပြောဆိုပြီး အမေရိကန် ပြည်ထောင်စုအနေနဲ့လည်း ဒီကိစ္စကို စစ်ရေးနည်းလမ်းနဲ့ ချဉ်းကပ် ဖြေရှင်းတဲ့ အစီအစဉ်မျိုးမရှိဘူးလို့ မျှော်လင့်ကြောင်းပြောပါတယ်။
ကိုရီးယားကျွန်းဆွယ် တင်းမာမှုတွေ လျှော့ချနိုင်ရေးအတွက် နိုင်ငံအားလုံးက အပြုသဘောဆောင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Hua Chunying ကလည်း မနေ့ တနင်္လာနေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ဒဏ်ခတ် အရေးယူမှုအသစ်တွေဟာ အရပ်သားတွေအပေါ် လူသားခြင်းစာနာ ထောက်ထားမှုဆိုင်ရာ ထိခိုက်မှုတွေ မရှိသင့်သလို ပုံမှန်စီးပွားရေး အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေအပေါ် ထိခိုက်မှုတွေ မရှိသင့်ဘူးလို့လည်း တရုတ်နိုင်ငံကပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံက ဓာတ်ဆီနဲ့ ဒီဇယ် တင်သွင်းမှု ပမာဏကို တားမြစ်ကန့်သတ်ပြီး မြောက်ကိုရီးယားနိုင်ငံကနေ၊ ဒါမှမဟုတ် နိုင်ငံဆီကို တားမြစ်ကုန်စည်တွေ တရားမဝင် သယ်ဆောင်တယ်လို့ သံသယရှိတဲ့ သင်္ဘောတွေကို တင်းတင်းကျပ်ကျပ် စုံစမ်းစစ်ဆေးသွားမယ့် အဆိုပြုချက်တရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြီးခဲ့တဲ့ သောကြာနေ့တုန်းက တညီတညွတ်တည်း အတည်ပြုခဲ့တာဖြစ်ပါတယ်။