သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား တာတိုပစ်ဒုံးနှစ်စင်း စမ်းသပ်ပစ်လွှတ်


မြောက်ကိုရီးယားက တာတိုပစ် မစ်ဇိုင်းဒုံး ၂ စင်းကို အရှေ့ဖက် ကမ်းလွန်ဒေသမှာ ဒီနေ့အစောပိုင်းက စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားက ပြောပါတယ်။ တာတိုပစ် ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံး အမျိုးအစားသစ်ကို မြောက်ကိုရီးယားက စမ်းသပ်ခဲ့တယ်လို့ တောင်ကိုရီးယား အမျိုးသား လုံခြုံရေးကောင်စီက ယုံကြည်ထားကြောင်းလည်း သမ္မတအိမ်တော်က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

စမ်းသပ်မှုအတွက် တောင်ကိုရီးယား အမျိုးသားလုံခြုံရေးကောင်စီက အလွန်အမင်း စိုးရိမ်ကြောင်းနဲ့ စစ်ရေး တင်းမာမှုတွေ လျှော့ချရေးအတွက် အထောက်အကူ မဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ မြောက်ကိုရီးယား အရှေ့ဖက်ဒေသ Wonsan မြို့အနီးက ပစ်လွှတ်လိုက်တဲ့ ဒုံးတွေဟာ အရှေ့ဖက်ကို ဦးတည်သွားခဲ့ပြီး ပင်လယ်ထဲကျခဲ့ကြောင်းလည်း တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

ပထမ မစ်ဇိုင်းဒုံးက ကီလိုမီတာ ၄၃၀ အကွာအထိ ရောက်ခဲ့ပြီး၊ ဒုတိယမစ်ဇိုင်းကတော့ ကီလိုမီတာ ၆၉၀ အထိ ရောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ မစ်ဇိုင်းဒုံး ၂ ခုစလုံးဟာ ကီလိုမီတာ ၄၃၀ အထိရောက်ခဲ့ကြောင်း အစောပိုင်းမှာ တောင်ကိုရီးယားက ခန့်မှန်းခဲ့တဲ့အတွက် ဆန်းစစ်လေ့လာသူတွေက မေလထဲမှာ ကီလိုမီတာ ၄၅၀ အထိ ရောက်ခဲ့တဲ့ မစ်ဇိုင်းဒုံးတွေနဲ့ နှိုင်းယှဉ်ကြည့်ခဲ့ကြတာပါ။

အခုနောက်ဆုံး စမ်းသပ်မှု အပေါ်မှာတော့ တောင်ကိုရီးယားက အလေးအနက် သဘောထားခဲ့ပါတယ်။ အရင်က စမ်းသပ်မှုမျိုးနဲ့ မတူဘဲ ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံးတွေအဖြစ် တောင်ကိုရီးယားက ရည်ညွှန်းပြောဆိုနေတဲ့အတွက် မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာ ရောက်ကောင်းရောက်နိုင်ပါတယ်။ အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ ၃ ကြိမ် တွေ့ဆုံခဲ့ကြပေမဲ့လည်း အဆင့်မြင့် အလုပ်အဖွဲ့ ဆွေးနွေးမှုတွေ အကောင်အထည် မဖော်နိုင်ပဲ ဖြစ်နေချိန်မှာပဲ မြောက်ကိုရီးယားက မစ်ဇိုင်းဒုံးစမ်းသပ်မှုတွေ လုပ်လာနေတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG