သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဂျပန်ပေါ်ဖြတ် ဒုံးလက်နက် ပစ်လွှတ်


မြောက်ကိုရီးယားနိုင်ငံကနေ ဒီနေ့ အင်္ဂါနေ့မနက်အစောပိုင်းက ပစ်လွှတ်လိုက်တဲ့ Missile ဒုံးတခုဟာ ဂျပန်နိုင်ငံကို ကျော်ပြီး Pacific သမုဒ္ဒရာထဲကို ကျခဲ့ပါတယ်။ ပစ်လွှတ်လိုက်တဲ့ ဒုံးပျံအမျိုးအစားနဲ့ လမ်းကြောင်းကို အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်စစ်တပ်တာဝန်ရှိသူတွေ လေ့လာနေကြပါတယ်။

Missile ဒုံးကို Pyongyang မြို့တော်နားကနေ ပစ်လွှတ်ခဲ့တာဖြစ်ပြီး ဂျပန်နိုင်ငံ Hokkaido ကျွန်းအရှေ့ဖက် ရေထဲကို ကျခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားတို့ ပစ်လွှတ်ခဲ့တဲ့ ဒုံးပျံနဲ့ပတ်သက်လို့ အသေးစိတ်ကို လေ့လာသုံးသပ်နေကြောင်းနဲ့ ဒီ Missile ဒုံးဟာ မြောက်အမေရိကတိုက် အတွက် အန္တရာယ်မရှိဘူးလို့ အမေရိကန်တာဝန်ရှိသူတွေက အတည်ပြုကြောင်း အမေရိကန် Pentagon စစ်ဌာနချုပ်ပြောခွင့်ရသူ ဗိုလ်မှူးကြီး Rob Manning ကပြောကြားပါတယ်။

အစပိုင်းက Missile ဒုံး ၃ ခုပစ်လွှတ်လိုက်တယ်လို့ သတင်းတွေထုတ်ပြန်ခဲ့ပေမယ့် ၃ ခုမဟုတ်ဘဲ ၁ ခုထဲ ဖြစ်တယ်လို့ အတည်ပြုနိုင်ခဲ့ပါတယ်။ Missile ဒုံးဟာ ပျံသွားနေစဉ်ပေါက်ကွဲပြီး ၃ ပိုင်းကွဲကာ သမုဒ္ဒရာထဲကို ကျခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒုံးပျံတွေပစ်လွှတ်လိုက်တယ်ဆိုတာ သိချိန်မှာပဲ ဂျပန်နိုင်ငံမြောက်ပိုင်းမှာ အချက်ပေးသံတွေနဲ့ သတိပေးခဲ့ကြပါတယ်။ ဒုံးပျံဟာ ဂျပန်နိုင်ငံကိုကျော်ပြီး ဒုံးပျံပစ်လွှတ်လိုက်တဲ့နေရာကနေ ကီလိုမီတာ ၁၁၈၀ လောက်အဝေး Pacific သမုဒ္ဒရာထဲကို အပိုင်းအစတွေအဖြစ် ကျခဲ့တယ်လို့ Tokyo မြို့တော်က စစ်တပ်တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ခုလိုမြောက်ကိုရီးယားက ဒုံးပျံပစ်လွှတ်ခဲ့ပြီးနောက် ဂျပန်ဝန်ကြီးချုပ် Shinzo Abe က အရေးပေါ် အစည်းအဝေးခေါ်ခဲ့ပါတယ်။ ဂျပန်ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ဖို့ အတတ်နိုင်ဆုံး ဆောင်ရွက်သွားမယ်လို့ ဂျပန်ဝန်ကြီးချုပ်က အရေးပေါ်အစည်းအဝေးမတိုင်ခင် ပြောကြားခဲ့ပါတယ်။

အင်္ဂါနေ့မနက် ၆ နာရီထိုးခါနီးမှာ မြောက်ကိုရီးယားဖက်ကနေ ဂျပန်ပင်လယ်ဖက်ကို ဦးတည်ပြီး Missile ဒုံးပစ်ခဲ့တယ်လို့ ဂျပန်နဲ့ တောင်ကိုရီးယားအစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီဒုံးပစ်လွှတ်ပြီး ၁၀ မိနစ် မပြည့်ခင်မှာပဲ ဂျပန်နိုင်ငံကို ဖြတ်ကျော်သွားခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG